မြစ်ဆုံစီမံကိန်းသတင်းများ ဖြတ်တောက်ခံနေရ

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သော သတင်း အများစုကို စိစစ်ရေးက ဖြတ်တောက်မှုများ စတင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအတွင်း သဘောထားကွဲလွဲမှု ကြီးကြီးမားမား ရှိနေသည့်အပြင် ပြည်သူများက မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုများ ရှိလာချိန် စာပေစိစစ်ရေးက သတင်း ဂျာနယ်များတွင် မြစ်ဆုံစီမံကိန်းအပေါ် ဝေဖန်ရေးသားမှု တချို့ကို စတင် ဖြုတ်ပယ်လာခြင်းဖြစ်သည်။

Dam-construction“နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က မြစ်ဆုံစီမံကိန်းကို ပြန်စဉ်းစားသင့်တယ်၊ သူ့အနေနဲ့ မထောက်ခံဘူး ဆိုတာကို ပြည်တွင်းမီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောပါတယ်။ ဒါပေမယ့် အဲဒါကို စာပေစိစစ်ရေးက ခွင့်မပြုပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာတဦးက ပြောသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် လုံခြုံရေး တင်းကျပ်စွာ ချထားသည်ဆိုသော သတင်း၊ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည် ဆိုသော သတင်းများကို စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်း မပြုနိုင်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Gallery 65 တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သော “ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ ပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေး ဆောင်ရွက်သင့်သည်” ဟု နှိုးဆော် အမှာစကား ပြောဆိုခဲ့သော်လည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် သတင်းစကားကို စာပေစိစစ်ရေးက ခွင့်မပြုပါဘူး။ ပွဲကျင်းပတယ် ဆိုတာလောက်ပဲ ခွင့်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောချင်တဲ့သတင်းစကားကို ကြက်ခြေခတ် ခံခဲ့ရပါတယ်” ဟု စာပေစိစစ်ရေးသို့ ပုံမှန်ဆက်သွယ် နေရသည့် သတင်းဂျာနယ် ထုတ်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

ယင်းအပြင် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်ရေးသား ပြောဆိုမှုများကိုလည်း ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်းမပြုရန် တားမြစ်ခံနေရသည်ဟု သိရသည်။

“တချို့ပြည်သူတွေက မြစ်ဆုံစီမံကိန်း ရပ်ပေးဖို့ ဂျာနယ်ကို စာရေးပြီး သူတို့အမြင်တွေ ပြောကြတယ်။ စာတွေထဲမှာ တရုတ်တွေကို နောက်မျိုးဆက်သစ်တွေက အဖေမခေါ်ပါရ ပါစေနဲ့တော့ ဆိုပြီး သူတို့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ရေးပို့ကြတယ်။ ဂျာနယ်အနေနဲ့ ပေးစာကဏ္ဍမှာ ထည့်ဖို့ကြိုးစားတယ်။ ဒါလည်း အဆင်မပြေဘူး။ အဖြုတ်ခံရတယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်း မဆောက်ဖို့ ပြည်သူတွေရဲ့လက်မှတ် စုဆောင်းပြီး သမ္မတဆီ တင်ပြမယ်ဆိုတဲ့ သတင်းမျိုးတွေလည်း အဖြုတ်ခံပါရတယ်” ဟု သတင်းထောက်တဦးက ဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဖြတ်တောက်မှုများသည် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း သတင်းသမားများက ပြောကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၄ (က) တွင် နိုင်ငံသားတိုင်း မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လွပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၉၀ (ခ) မှ နိုင်ငံသားတိုင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထင်မြင်ချက်များ ရေးသားသည်ကို စိစစ်ဖြတ်တောက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သတင်းသမားတဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ပေးလိုက်ပါက ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများလာမည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး တခုတွင် ပြောဆိုခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်