အသက်ကြီးပေမယ့် အချိန်မစီးသူ

Friday, 08 October 2010 13:05 မြန်မာပြည်မှပေးစာ
Print
အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာက အကြမ်းအားဖြင့် အသက်ကြီးသူ တယောက်ဟာ အလုပ်တခုခုကို လုပ်တော့မယ်ဆိုရင် ဉာဏ်ပညာနဲ့ ရှေ့နောက် ဆင်ခြင်စဉ်းစား တွေးခေါ်ခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသူကို ဆိုလိုခြင်းဖြစ်ပါတယ်။

အဲဒီလို အသက်ကြီးပြီး အချိန်မစီးသူတွေထဲမှာ နအဖ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မှူးကြီးလည်း ပါဝင်ပါတယ်။ သူအချိန် မစီးပုံကို အောက်ပါသတင်းတပုဒ်အရ သိနိုင်ပါတယ်။ သတင်းခေါင်းစဉ်က “လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်”။ အဲဒီ သတင်းခေါင်းစဉ်အောက်မှာ - ရွေးကောက်ပွဲမတိုင်မီ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့် သေနတ်သမား တွေလာပြီး လုပ်ကြံခြင်း၊ ကားဖြင့် အသေခံဗုံးခွဲ လုပ်ကြံခြင်းဖြစ်မည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း”၊ “ဗိုလ်ချူပ်မှူးကြီးကို လုပ်ကြံသူများမှာ မြ၀တီ မဲဆောက်တို့ဘက်က လာမည်ဟုကြားကြောင်း” ဖော်ပြထားတာတွေ့ ရပါတယ်။ (ဧရာဝတီ-၂၀၁၀-စက်တင်ဘာ-၂)

ဒါကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချူပ်မှူးကြီးဟာ မဖြစ်နိုင်တာတွေကို တွေးပြီး သေရမှာ ကြောက်နေတယ်ဆိုတာ ထင်ရှားတယ်။ သေရမှာကြောက်မှာပေါ့၊ သူ့မှာ သီလ၊ သမာဓိ၊ ပညာမှ မရှိဘဲကိုး။ လူဖြစ်လာရင် အိုရမယ်၊ နာရမယ်၊ သေရမယ် ဆိုတဲ့ လောကဓံတရား ခေါင်းပါးနေတာကိုး။ သူများကိုတော့ သတ်ရဲတယ်။ သူသေရမှာတော့ ကြောက်တယ် ဆိုတော့ တော်တော် တရားကျဖို့ကောင်းတဲ့သူပဲ။

နှစ်ပေါင်း ၂၀ ကျော် စည်းစိမ်၊ အာဏာ ယစ်မူးနေခဲ့တာ အားမရသေးလို့ ဆက်လက် ယစ်မူးချင်သေးလို့၊ သို့တည်းမဟုတ် ရပြီးသား စည်းစိမ်ဥစ္စာအာဏာ အသပြာတွေ ဆုံးရှုံးသွားမှာစိုးလို့၊ သို့တည်းမဟုတ် နိုင်ငံတော်ရဲ့ သယံဇာတနဲ့ ဘဏ္ဍာတော်တွေကို နောက်ထပ် မခိုးဝှက်ရတော့မှာစိုးလို့ ... သေရမှာ ကြောက်နေတာများ ဖြစ်မလား ... တခုခုပဲ။ ဒါမှမဟုတ် အားလုံးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါတွေသူတွေးပြီး သေရမှာ ကြောက်နေတာ ဖြစ်တယ်။ အဲသလိုတွေးပြီး ကြောက်နေတာကိုက သူ့မှာ သီလ၊ သမာဓိ၊ ပညာ အသိဉာဏ် မရှိဘူးဆိုတာ သက်သေပြသလို အသက်ကြီးပေမယ့် အချိန်မစီးတာကို ပြသနေတာဖြစ်တယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်ထဲမှာ အသက်အကြီးဆုံး၊ ရာထူးအကြီးဆုံး ရထားတဲ့ ဘွဲ့တဆိပ်တွေက အမြင့်ဆုံး၊ တိုင်းပြည်မှာ ပစ္စည်းဥစ္စာ အသပြာလည်း အကြွယ်ဝ အချမ်းသာဆုံး၊ စည်းစိမ်စံစားတဲ့ နေရာမှာလည်း ထိပ်ဆုံး။ အဲဒီလို အသက်လည်းကြီး အဆုံးစွန်အောင်လည်း စံစားခဲ့ပြီးပြီဆိုတော့ သေမယ်ဆို ကောင်းကောင်းကြီး သေပျော်ပါပြီ။ ဒါပေမယ့် မဖြစ်နိုင်တာကိုတွေးပြီး ကြောက်နေတယ်ဆိုတော့ သူ့မှာ အသိဉာဏ်မရှိဘူး၊ အချိန်မစီးဘူးဆိုတာ ထင်ရှားနေပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရမ်းကွာခြားတာက ဒေါ်အောင်ဆန်းစုကြည်ဟာ မိန်းမသားဖြစ်ပေမယ့် သီလ၊ သမာဓိ ပညာရှိတဲ့ အတွက်ကြောင့် သေရမှာမကြောက်။ ဘယ်ယောက်ျား ဘယ်မိန်းမမှ မစွန့်ရဲတဲ့ စည်းစိမ်ဥစ္စာ၊ ခင်ပွန်းနဲ့သားများကို စွန့်လွှတ်ထားပြီးပြီ။ သူတပါး အသက်ကိုသတ်ရမှာ ကြောက်ပေမယ့် သူအသတ်ခံရမှာ မကြောက်။ ဒါကြောင့် တိုင်းပြည်နဲ့ပြည်သူများ ကောင်းကျိုးအတွက် စွန့်လွှတ်ရန် ကမ္ဘာသိ ကြေညာထားပြီးဖြစ်တယ်။ ဘယ် ယောက်ျား ဘယ်မိန်းမမှ မလုပ်နိုင်တဲ့ မလုပ်ရဲတဲ့ အလုပ်တွေ လုပ်ခဲ့ပြီးပြီ။ ရှေ့ဆက်လုပ်နေတုန်းပဲ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၁၀ နှစ်ကျော်ကြီး ယောက်ျားရင့်မာကြီးဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေဟာ သီလ၊ သမာဓိ၊ ပညာ အသိဉာဏ် မရှိလို့ ကယောင်ကတမ်းတွေတွေးပြီး သေရမှာ ကြောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် လို စည်းစိမ်ဥစ္စာ မစွန့်ရဲ၊ လက်နက် အာဏာ အသပြာ မစွန့်ရဲ၊ ဇနီးသားသမီးများကို ပိုပြီးတော့တောင် မစွန့်ရဲ။ သူများ အသက်ပေါင်းများစွာကို သတ်ခဲ့ပေမယ့် သူသေရမှာ အလွန်ကြောက်နေတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လို တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက် အသက်စွန့်ဖို့ဆို အိပ်မက်တောင် ယောင်လို့မက်ရဲမှာ မဟုတ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တိုင်းသူပြည်သားတွေရဲ့ အသက်ရာပေါင်းများစွာကို သတ်ခဲ့ပြီး အခု သူ့အလှည့်ကျမှ သေရမှာ ကြောက်နေတယ်။ သူ့မှာ လုံခြုံရေး အပြည့်ရှိနေတာတောင်မှ ကြောက်နေတယ်ဆိုတော့ တကယ့်သူရဲကောင်းကြီး ပါလား။ ဒါနဲ့များ ဗိုလ်ချုပ်မှူးကြီးရာထူးကို ယူထားသေးတယ်။ သူမရှက်ပေမယ့် သူ့အစား ရှက်မိပါတယ်။

ဒီလောက်ဆို ဗိုလ်ချုပ်မှူးကြီးဟာ ဒေါ်အောင်ဆန်းစုကြည်လောက် အချိန်မစီးဘူးဆိုတာ သိလောက်ပါပြီ။

ဗိုလ်ချုပ်မှူးကြီးဟာ အချိန်မစီးဘူးဆိုတဲ့ နောက်သာဓကကိုလည်း ကြည့်ပါ။

၂၀၁၀ စက်တင်ဘာ ၂  ရက်နေ့ထုတ် ရာဝတီသတင်းမှာပဲ “ဗိုလ်ချုပ်မှူးကြီးကို ပြည်ပက လက်ဖြောင့်သေနတ် သမားတွေ မြဝတီ မဲဆောက်ဘက်ကလာပြီး လုပ်ကြံမယ်” ဆိုတဲ့နေရာမှာ နိုင်ငံခြား လက်ဖြောင့်သေနတ်သမားတွေဟာ ဒီလောက်ဝေးလံတဲ့ မြဝတီ-မဲဆောက်ကနေ သေနတ်တွေကို နေပြည်တော်ရောက်အောင် သယ်ယူလာဖို့ လွယ်မယ်တဲ့လား။

မြဝတီ-မဲဆောက်က နေပြည်တော် အထိရောက်ဖို့ မိုင်ရာပေါင်းများစွာဝေးပြီး စစ်ဆေးရေးဂိတ်ပေါင်းများစွာကို လွတ်အောင် ဘယ်လို ကျော်ဖြတ်သွားနိုင်မှာလဲ။ ဂိတ်တိုင်းမှာ ရဲ၊ စစ်တပ်တွေက အမြဲတမ်းစောင့်ဖမ်းနေတာ ဘယ်လို လွတ်နိုင်မှာတဲ့လဲ။ လွတ်တယ်ပဲထားဦး။ နေပြည်တော် နယ်နိမိတ်မှာ ရဲ၊ စစ်တပ်၊ စစ်ထောက်လှမ်းရေးတွေကို ဘယ်လိုကျော်ပြီး  နေပြည်တော်ထဲရောက် အောင်လာနိုင်မှာလဲ။ ရောက်တယ်ပဲထား၊ ဗိုလ်ချုပ်မှူးကြီးရဲ့ ပတ်ပတ်လည်မှာ လက်ရွေးစဉ် သက်တော်စောင့်တွေ အထူးတပ်တွေက လက်နက်နဲ့လာတဲ့ နိုင်ငံခြားသားကို မဖမ်းဘဲ လက်ပိုက်ကြည့်နေမှာတဲ့လား။  ဗိုလ်ချုပ်မှူးကြီးရဲ့ ပတ်ပတ်လည်မှာလဲ  နဂိုကတည်းက သူ့ကိုလုပ်ကြံမှာ ကြောက်လွန်းလို့ အတွင်းစည်း အပြင်စည်းတွေ အထပ်ထပ်ချထားတဲ့အတွက် ဘယ်က လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆန် ဗိုလ်ချုပ်မှူးကြီးဆီ ရောက်နိုင်မှာလဲ။

တဖန် “ကားနဲ့လာပြီး အသေခံဗုံးခွဲ” ရအောင်လည်း ဘယ်က သူစိမ်းကားတွေနဲ့အတူ ဘယ်လိုလုပ်ပြီး နေပြည်တော်ထဲ ရောက်အောင်လာနိုင်မှာလဲ။ ဘယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွက ရောသူတို့ကို အရှင်လတ်လတ်ထားမှာတဲ့လဲ။

အဲဒီတော့ မြဝတီ-မဲဆောက်မြို့ဘက်က သေနတ်တွေနဲ့လာမယ့် နိုင်ငံခြားသားတွေဟာ ဘယ်လိုဘယ်နည်းနဲ့မှ နေပြည်တော်အနီး ရောက်ကို မရောက်နိုင်ဘူး။ နိုင်ငံခြားသားမပြောနဲ့ ဘယ်ဗမာ၊ ဘယ်ကရင်၊ ဘယ်ကချင် ဘယ်ဝတွေမှ လက်နက်နဲ့ နေပြည်တော်ထဲရှိ ဗိုလ်ချုပ်မှူးကြီးအနီး ရောက်အောင် သွားကိုမသွားနိုင်သလို ဘယ်နိုင်ငံခြားသားမှ ကားနဲ့ နေပြည်တော်ထဲရှိ ဗိုလ်ချုပ်မှူးကြီး အနီးရောက်အောင် သွားကို မသွားနိုင်ဘူး၊ ကြားလည်း မကြားဖူးဘူး။

လူမပြောနဲ့ ရိုးရိုးခွေးတောင်မှ ဗိုလ်ချုပ်မှူးကြီး အနီးရောက်အောင် မသွားနိုင်ဘူး။ ဗုံးတွေချည်ပြီးလွှတ်တဲ့ ခွေးဆို ပိုဝေးသေး။ ဘယ်လိုမှ မဖြစ်နိုင်တာကို တွေးပြီးကြောက်နေတာဟာ သူကိုယ်တိုင် ဆင်ခြင်တုံတရား မရှိတာကို ပြတာဖြစ်တယ်။ သူပြောတာကို ယုံသူဟာလည်း သူ့လို ဆင်ခြင်တုံတရား ကင်းမဲ့သူတွေသာဖြစ်တယ်။

သီလ၊ သမာဓိ၊ ပညာအသိဉာဏ်မရှိလို့ မဖြစ်နိုင်တာတွေကို တွေးပြီး ကြောက်နေရင် တိုင်းပြည်ဆက်လက် မနစ်မွန်းရလေအောင် ဗိုလ်ချူပ်မှူးကြီးနဲ့  နအဖ ကောင်စီဝင်အားလုံး ပခုံး ၂ ဘက်၊ ရင်ဘတ် ၂ ဘက်ရှိ တံဆိပ်တွေဖြုတ်၊ စစ်ယူနီဖောင်းတွေ ချွတ်၊ မိမိတို့ ရာထူးအသီးသီးကနေ နုတ်ထွက်ပြီး မြန်မာနိုင်ငံက အပြီးအပိုင် ထွက်သွားကြဖို့ ဆင်းရဲဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူ တရပ်လုံးရဲ့ကိုယ်စား တောင်းဆိုလိုက်ရပါကြောင်း။     ။