နင်းပြား ဘဝများ

Saturday, 30 October 2010 16:05 မြန်မာပြည်မှပေးစာ
Print
(မြန်မာပြည်မှ တိုက်ရိုက် ပေးပို့လာသော စာမဟုတ် သော်လည်း ထိုင်းနိုင်ငံရောက် မြန်မာတဦးမှ ပေးပို့လာသော စာဖြစ်သဖြင့် ဤကဏ္ဍတွင် ထည့်သွင်း ဖော်ပြ လိုက်ပါသည်)

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် အဖွဲ့သားများအားလုံးထံ

E- ဂျာနယ်အတွဲ ၂ အမှတ် ၁၇ မှာ ဆောင်းပါးရှင် ထက်အောင်ရဲ့ “ဖမာ့လို့ပြောရမှာ စိုးထိတ်တဲ့ဘဝ” ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ကို ဖတ်ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးရဲ့ အခြေအနေအားလုံးကို မီးမောင်းထိုး ဖော်ပြထားတာ တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်ပင်လျှင် ကိုယ့်ကိုယ်ကို ဗမာလို့မပြောရဲ၊ မပြောချင်တဲ့ အခြေအနေနဲ့ ထိုင်းနိုင်ငံမှာ ၅ နှစ်နေခဲ့ဖူးသူတယောက်ပါ။

နောက်ဆုံး ထိုင်းမ၊ ထိုင်းအမျိုးသမီးငယ်တွေက ကျနော်တို့က “ဖမာ့” လို့ သိရင် ဘာပြောလဲဆိုတော့ နိုင်ငံသား အချင်းချင်းမဟုတ်လို့ မယုံနိုင်ဘူးတဲ့။ ဒါဆိုရင် သူတို့ နိုင်ငံသား အချင်းချင်းတောင် ကလေးတယောက်ရပြီး ပစ်သွားခဲ့တာတွေ အများကြီးတွေ့ဖူးပါတယ်။

ကျနော့်သူငယ်ချင်းရဲ့ မိန်းမဟာ ထိုင်းနိုင်ငံသူဖြစ်တယ်။ ကျနော် သူတို့အိမ်သွားလည်တော့ ကျနော်မေးတယ်။ ထိုင်းမတွေဟာပေါ့၊ ဘာဖြစ်လို့ ကျနော်တို့ ဗမာတွေကို အထင်သေး နှာခေါင်းရှုံ့ရတာလဲပေါ့။ သူက ဘာပြောလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ အချမ်းသာဆုံး သူဌေးသားနဲ့ လက်ထပ်ရင်တောင် သူတို့ ထိုင်းအမျိုးသမီးတွေရဲ့ ဘဝဟာ ဘာမှထူးခြားလာမှာ မဟုတ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပိုက်ဆံဟာ သူတို့ထိုင်းနိုင်ငံမှာ လဲလိုက်ရင် ဘာမှမရဘူးတဲ့။ ကဲ … ကောင်းရော။ ကျနော် ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။

အာလုံးကို ခြုံပြီးပြောရရင် ပေါက်ပင်ဘာကြောင့်ကိုင်းလဲ၊ ဗျိုင်းနားလို့ကိုင်းတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားများ ဘာဖြစ်လို့ ကျွန်ဖြစ်နေရတာလဲ၊ စစ်အစိုးရကြောင့်ပဲ ဖြစ်တယ်ဆိုတာ တချို့ဆို သိတောင် မသိဘူး။ ကိုယ့်ဘဝအတိတ်ကံ မကောင်းလို့ပဲ ယုံကြည်ထားကြတယ်။

တချို့ ပညာတတ်တွေကတော့ သူတို့သားသမီးတွေကို နိုင်ငံခြားမှာ ပညာသွားသင်ဖို့ စေလွှတ်ပြီးတော့ သူတို့တွေ့ဆုံတဲ့သူတွေကို နိုင်ငံခြားဟာ မကောင်းဘူး၊ နိုင်ငံခြားရောက်ပြီး ဒုက္ခရောက်နေတာ အများကြီးပဲဆိုပြီး နိုင်ငံခြား မကောင်းကြောင်းကို ပြောနေကြတယ်။ ဒါပေမယ့် သူ့သားသမီးကိုတော့ နိုင်ငံခြားမှာ ကျောင်းထားတယ်။ ဒါလည်း လိမ်လည်မှုတမျိုးပေါ့။

E- ဂျာနယ်အတွဲ ၂၊ အမှတ်၁၉ မှာပါတဲ့ “ရန်ကုန်ဆေးရုံကြီး အဆောင် ၁၂၊ ခုတင်နံပါတ် ၁၂” အကြောင်းဖတ်ရတော့ ကျနော်၊ ကျနော့်အဖေနဲ့ ထိုင်းမြန်မာနယ်စပ် တနေရာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းက တွေ့ဆုံခဲ့တာတွေကို ပြန်အမှတ်ရစေတယ်။ အဲဒီဆောင်းပါး အဆောင် ၁၂၊ ခုတင်နံပါတ် ၁၂ အတိုင်းပဲ မပြောင်းလဲဘူး။ အရင်လိုပဲ။

ဟိုအရင် အခြေအနေတုန်းကဆိုရင် ဆေးရုံတက်တဲ့ လူနာရှင်တွေ သေဆုံးသွားရင် အလောင်းကို သက်ဆိုင်ရာဆွေမျိုး မောင်နှမတွေက တာဝန်ယူ သယ်ဆောင်သွားကြပေမယ့် အခု ၂၀၁၀ မှာ အလောင်းကိုတောင် ထားခဲ့ပြီး ထွက်ပြေးသွားတာမျိုး။ အိုး ... ကျနော်တို့ မြန်မာပြည်သားဘဝများဟာ ဒီစစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ နင်းပြားဘဝနဲ့ အသက်ရှုကျပ်၊ ဘဝပျက်ရတဲ့အထိ အဖြစ်ဆိုးခဲ့ရပါတော့တယ်။

ဧရာဝတီမဂ္ဂဇင်း အမြဲစိမ်းလန်းပါစေ။
လေးစားလျက်
ကိုအေး