ကရင်လူထုအတွက် စာမျက်နှာသစ်ဖွင့်ချိန် တန်ပြီ

နအဖ သည် လမ်းပြမြေပုံ (၇) ချက်ကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံပါ အချက်များကို ၂၀၀၄ ခုနှစ် မေလမှ စတင်ကာ တဆင့်ချင်း အကောင်အထည်ဖော်ခဲ့ရာ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့မှစ၍ ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲထားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် လက်မခံသော ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ခေါင်းဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တို့ မြ၀တီနှင့် ဘုရားသုံးဆူ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထိုအခြေအနေသည် သံသယများဖြင့် ၁၅ နှစ်ကြာ တည်ဆောက်ထားသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားခြင်း၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ၏ ပထမဆုံးရလဒ်၊ သွေးခွဲစနစ်ဖြင့် အမျိုးသားအချင်းချင်း ရန်တိုက်ပေးရန် စီစဉ်ထားသော နယ်ခြားစောင့်တပ် အစီအစဉ်အား အာခံခြင်းဖြစ်သည်ဟု ရှုမြင်နိုင်မည်ဖြစ်သည်။

ယခုဖြစ်စဉ်သည် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော DKBA နှင့် ဖြစ်ပွားခြင်းမျိုး သက်သက်မဟုတ်ဘဲ DKBA တခုလုံးနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ဆိုလိုသည်မှာ အပစ်အခတ်ရပ်စဲရေးသည် ယုံကြည်မှုအပေါ် အခြေခံထားမှု မဟုတ်ခြင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး မဟုတ်ခြင်း၊ သံသယအပေါ် အခြေခံထားခြင်းနှင့် သံသယများ ဆက်လက်ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအခြေအနေအောက်တွင် နအဖ သည် ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံထားသော၊ တနည်းအားဖြင့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) ဦးဆောင်သော DKBA ၊ ၁၉၉၅ ခုနှစ် က ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားခဲ့သော ဗိုလ်မှူးကြီး စောသူမူဟဲ ဦးဆောင်သော ကရင် ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသည့် ၂၀၀၇ ခုနှစ်က KNU မှ ခွဲထွက် သွားခဲ့သော ဗိုလ်ချူပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းကောင်စီတို့အား သံသယဖြင့် စောင့်ကြည့်ကာ အခါအခွင့်သင့်သည်နှင့် ချေမှုန်းနှိုင်ရေးပြင်ဆင် ဆောင်ရွက်နေမည်ဖြစ်သည် ဆိုသည်မှာ သံသယဖြစ်စရာမလိုပေ။

ဗိုလ်ချစ်သူ အပါအ၀င် DKBA ခေါင်းဆောင်များအားလုံး အနေဖြင့်လည်း ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအချာ ပြန်လည်သုံးသပ် ဆင်ခြင်ရန် လိုအပ်သော အချိန်ဖြစ်သည်။ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးနှင့် မိမိတို့ ရည်မှန်းချက်ဖြစ်သော အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့်များအတွက် ပြန်လည်တိုက်ပွဲဝင်ရန် ပြင်ဆင်ချိန်ရောက်ပြီလား၊ မိခင် အဖွဲ့အစည်းဖြစ်သည့် KNU နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်သင့်ပြီလား၊ ၁၅ နှစ်တာ အပစ်အခတ် ရပ်စဲရေးသည် တကယ်ပဲ လူထုအတွက် အကျိုးရှိခဲ့သလား၊ DKBA တခုလုံးအတွက် အကျိုးရှိခဲ့သလား၊ မည်သည့်ကန့်သတ် ချက်များနှင့် DKBA ကို နအဖ က ကိုင်တွယ်ခဲ့သလဲ စသည့်မေးခွန်းများကို လေးလေးနက်နက် စဉ်းစားရမည့်အချိန်ဖြစ်သလို KNU အနေဖြင့်လည်း ဦးဆောင်ပါတီဖြစ်သည့် အားလျော်စွာ တခုလုံး၏ အကျိုးစီးပွားကို ကြည့်သင့်သော အချိန်အခါကောင်း ဖြစ်သည်ဟုမြင်ပါသည်။ ရရှိသည့်အခွင့်အရေးကို အပြည့်အ၀အသုံးချကာ KNU ၊ KPF ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA သည် ကရင်လူထု အကျိုးအတွက် ခြေလှမ်းသစ်၊ စာမျက်နှာသစ် ဖွင့်လှစ်ကာ သမိုင်းတခေတ် တည်ဆောက်ရမည့် အချိန်ဖြစ်သည်။

ကျနော်တွေ့မိသော ကရင်လူထုကို ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သဘောထား မေးကြည့်ရာ အတော်များများက ဗိုလ်မှူးကြီး စောလားပွယ်၏ လုပ်ရပ်ကို ဂုဏ်ပြုကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU ၏ တုံ့ပြန်ချက်နှင့် ပတ်သက်ပြီး အားမရမှုများရှိနေသည်ကို တွေ့ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျင် KNU ရဲဘော် တချို့ပင်လျင် KNU ၏ သဘောထားကို အားရကျေနပ်ခြင်း မရှိကြချေ။

“ဒီအချိန်ဟာ ငါ့တို့အတွက် အကောင်းဆုံးအချိန်ပဲ။ DKBA နဲ့ပေါင်းပြီး မြ၀တီကို သိမ်းလိုက်ရင် ဘယ်လောက် ကောင်းမလဲ။ တခါတည်း KNU နဲ့ DKBA ပေါင်းပြီးသား ဖြစ်သွားပြီး လူထုအတွက်လည်း အကျိုးရှိ တာပေါ့” ဟု KNU ရဲဘော်တယောက်က သူ့အမြင် ကိုပြောပြပါသည်။

ဗိုလ်မှူးကြီး စောလားပွယ်က မီဒီယာများ နှင့်တွေ့ဆုံရာတွင် သူ၏နိုင်ငံရေး အယူအဆကို “ဒီကနေ့ ကျနော်လုပ်နေတာဟာ ကရင်လူမျိုးအတွက် တခုတည်းမဟုတ်ပါဘူး။ ဒီမိုကရေစီအတွက်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်တယ်လို့” ပြောခဲ့တာကို တွေ့ရပါသည်။ ထိုအချက်သည် ကျနော်တို့အားလုံး ကြိုဆိုလက်ခံသင့်သော အချက် ဖြစ်ပါသည်။

ထို့ကြောင့် စောဘဦးကြီး၏ စကားအတိုင်းပြောရလျင် “ကရင့်ကံကြမ္မာ ကရင်ဖန်းတီးနိုင်ရေးအတွက် KNU ၊ KPF ၊ KNU/KNLA ငြိမ်ချမ်းရေးကောင်စီ၊ DKBA တို့နှင့် အတူ ကရင်လူထုတရပ်လုံးက ကရင့် စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေး ကြိုးစားကြပါစို့” ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆလိုင်းယောအောင်သည် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်