လူဆိုးသူခိုးများကိုသာ ဖမ်းရန်အကြောင်းရှိသည်၊ သတင်းထောက်များကို မဖမ်းပါနှင့်

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဖလားဝါး သတင်းဂျာနယ်၏ သတင်းထောက်ချုပ်စောမြင့်သန်းကို စစ်အစိုးရက လွန်ခဲ့ သည့် တနင်္လာနေ့က ဖမ်းဆီးလိုက်သည်ဟု ကြားသိရသည်မှာ ခံပြင်းဒေါသဖြစ်ဖွယ် ကောင်းလှသည်။ သူ့ကိုဖမ်းဆီးရသည့် အကြောင်းမှာ လူသတ်မှုတခုအကြောင်း သတင်းရေးသားဖော်ပြ၍ မြို့တော်ရှိရဲများကို မီးလှန့်သံချောင်းခေါက်ခဲ့သောကြောင့် ဖြစ်သည်။

ရန်ကုန်အခြေစိုက် သတင်းထောက်များအဆိုအရ စောမြင့်သန်းကို ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့ကဆင့်ခေါ်ခဲ့ပြီး သူ့ကို သတင်းတပုဒ်နှင့် ပတ်သက်၍ ဆူပူကြိမ်းမောင်းခဲ့သည်ဟု ဆိုသည်။ သူနှင့် အခြားသတင်းထောက်တဦးတို့က ဂျာနယ်တွင် သင်္ကန်းကျွန်းမြို့၌ ဖြစ်ပွားခဲ့သည့် လင်မယားစုံတွဲတခု သတ်ခံရမှုအကြောင်း ရေးသားခဲ့ကြသည်။ သူ့ကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဂျာနယ်ကိုပိတ်ပစ်မည်ဟုလည်း အာဏာပိုင်တို့က ဆိုခဲ့ကြသည်။

အမှန်မှာ ဤသတင်းဖော်ပြမှုက စစ်အစိုးရ၏ စာပေစိစစ်ရေးရုံးကို ဖြတ်ပြီးမှ ဖော်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အခြား ဂျာနယ်များတွင်လည်း ဤသတင်းကိုဖော်ပြထားကြသည်။

ဧရာဝတီမဂ္ဂဇင်းအပါအ၀င် ပြည်ပရှိ မြန်မာသတင်းမီဒီယာများက စောမြင့်သန်းအပေါ် စစ်ဆေးမေးမြန်းမှုသတင်းကို ဖော်ပြ ခဲ့ကြပြီးနောက်တွင် သူ့ကို ကောလာဟလဖြန့်ချိမှု အပါအ၀င် အခြားပြစ်မှု ၃ ခုနှင့် စွပ်စွဲဖမ်းဆီးခဲ့သည်။ အီလက်ထရွန်နစ် ဥပဒေ၏ အချို့သောပုဒ်မများ ချိုးဖောက်ခြင်းအပါအ၀င် တားမြစ်ထားသော “တရားမ၀င်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု” ကို ချိုးဖောက်သည်ဟုလည်း သူ့ကို စွပ်စွဲခဲ့ကြသည်။

ဖလားဝါးသတင်းဂျာနယ် အပါအ၀င် အခြားဂျာနယ် ၆ ခုမှ အယ်ဒီတာများ၏ ရုံးခန်းများကိုလည်း အာဏာပိုင်များက လာရောက်စစ်ဆေးခဲ့ကြပြီး ပြည်ပရှိမြန်မာသတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းဌာနများနှင့် ဆက်သွယ်မှုမပြုရန် သတိ ပေးခဲ့ကြသည်။

ဤသို့ဆောင်ရွက်ပုံက အမြင်မတော်လှ။ သတင်းထောက်များကို ခြိမ်းခြောက်ခြင်း၊ သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်များ၊ သူတို့၏ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကျင့်ထုံးများအတိုင်း လုပ်ကိုင်ဆောင်ရွက်သည်ကို ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုနေသည်သာမက၊ ရဲများက ရန်ကုန်မြို့တွင်း ဖြစ်ပျက်ခဲ့သည့် ဤအမှု၏ လက်သည်တရားခံကို ဖော်ထုတ် ဖမ်းဆီးခြင်း မပြုနိုင်သည့် သူတို့၏ အားနည်းပျော့ညံ့ချက်များကိုလည်း ဖုံးကွယ် ဖျောက်ဖျက်လိုပုံရသည်။

လွန်ခဲ့သည့်မတ်လက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အနီးနေထိုင်သည့် မိသားစုတခုမှ လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရသည်။ အမည်မသိ လူသတ်သမားတဦးက လက်မရွံ့ဆန်ဆန် လုပ်ကြံခဲ့သည်။ တဖန် သောကြာနေ့တွင် ဧရာဝတီမဂ္ဂဇင်းက ရန်ကုန်မြို့လယ် ၃၇ လမ်းနေ အကောက်ခွန်အရာရှိတဦး သတ်ဖြတ်ခံရသည့် နောက်ထပ်လူသတ်မှုသတင်းကို ရရှိခဲ့ပြန်သည်။

ဤအကြမ်းဖက်မှုများကို ဖော်ပြရန် ကြိုးစားကြသည့် သတင်းထောက်များက ကြိုးနီစနစ်ဖြင့် တားဆီးပိတ်ဆို့ခြင်းခံကြရပြီး ရဲများက အမှုမှန်ပေါ်ပေါက်ရေးအတွက် သတင်းစာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အကြောက်အကန် ငြင်းဆန်ခဲ့ ကြသည်။

အာဏာပိုင်များက သတင်းထောက်များကို အမှန်တရား ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသည့် သိက္ခာရှိ ကျင့်ဝတ်သိသူများအဖြစ် သတ်မှတ်ရမည့်အစား သူတို့၏လွဲချော်နေသည့် စီမံခန့်ခွဲမှုများကိုဖော်ထုတ်သိက္ခာချမည့်၊ သူတို့ကို အန္တရာယ်ပြု ခြိမ်းခြောက် မည့်သူများဟု မြင်နေကြသည်။

ဖမ်းမည်ဆိုလျှင် လူဆိုးခိုးသားများကိုသာ ဖမ်းဆီးသင့်သည်။ လူအများစုကို အကျိုးပြုနိုင်မည့် သတင်းထောက်များကို ဖမ်းဆီးရန်မလိုအပ်ပါ။ အကာအကွယ်ပင် ပေးကြရမည် ဖြစ်သည်။ သို့မှသာ အမှန်တရားပေါ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်