ရွှေ့ပြောင်းကလေးငယ်များ အနုပညာပြပွဲ

Thursday, 13 May 2010 15:52 ဆောင်းပါး
Print
အင်္ဂလိပ်အက္ခရာ အယ်လ် ပုံသဏ္ဍာန်ခန်းမထဲတွင် ရေဆေး၊ ဆီဆေး၊ ရောင်စုံပန်းချီကားများ၊ လက်ဖြင့် ဖန်တီးထားသော အလှဆင် ပစ္စည်းများကို နံရံပေါ်တွင် ချိတ်ဆွဲထား၍တမျိုး၊ ခင်းကျင်းထား၍ တဖုံ ပြသထားသည်။ နေရာမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှ Lanna Cultural Museum တွင် ဖြစ်သည်။

ယင်း အနုပညာလက်ရာများသည် အရွယ်ရောက်ပြီးသူများနှင့် လူကြီးများက ပြုလုပ်ထားခြင်းမျိုးမဟုတ်ဘဲ အသက် ၄ နှစ်မှ ၁၆ နှစ်အတွင်း ကလေးများ၏ အနုပညာ လက်ရာများဖြစ်ကြသည်။ ၎င်းအနုပညာပြပွဲကို 5th EXHIBITION ဟု အမည်ပေးထားပြီး Studio Xang အဖွဲ့အစည်းမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

5th-exhibition-01“ရည်ရွယ်ချက်ကတော့ ကလေးတွေရဲ့ အနုပညာလက်ရာလေးတွေကို ပြသချင်တဲ့ ရည်ရွယ်ချက်ပါ။ သူတို့တွေက ဒါတွေကို လုပ်ဆောင်နိုင်တယ်ဆိုတာကို အသိအမှတ်ပြုပေးတာမျိုးပေါ့။ နောက်တခုက ထိုင်း လူ့အဖွဲ့အစည်းထဲမှာလည်း ဒီ ရွှေ့ပြောင်း ကလေးတွေရဲ့ အခြေအနေတွေကို သဘောပေါက် နားလည်လာနိုင်စေဖို့အတွက် ရည်ရွယ်ပါတယ်”ဟု ပြပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ပွဲစီစဉ်သူ တဦးက  ပြောပြသည်။

ထိုပြပွဲကို ၂၀၁၀ ခုနှစ် မေလ ၈ ရက်နေ့မှ မေလသုံးဆယ်ရက်အထိ ပိတ်ရက်မရှိပြသသွားမည်ဖြစ်ပြီး နံနက် ဆယ်နာရီမှ ညနေ ငါးနာရီအထိ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည်။

ရွှေ့ပြောင်းကလေးငယ် နှစ်ရာကျော်၏ ပန်းချီကားပေါင်း သုံးရာခန့်နှင့် အခြားသော လက်မှုပစ္စည်းများကို ပြသထားသည်။ ပန်းချီကားများတွင်လည်း ရေးဆွဲသူ၏ အမည်၊ အသက်နှင့် နေရပ်တို့ပါ ရေးသားဖော်ပြထားသည်။ နိုင်ငံရပ်ခြားဒေသတွင်  မြန်မာစာအသုံးအနှုန်းများဖြင့် ပြပွဲတခုကျင်းပထားခြင်းသည် ထူးခြားသော စိတ်ခံစားမှုတခုကိုပါ ဖြစ်ပေါ်စေသည်။

ပန်းချီကားများ လက်မှု အနုပညာပစ္စည်းများကို ပြုလုပ်ထားသော ကလေးများမှာ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ မဲဆောက်၊ မယ်လာဥ ဒုက္ခသည်စခန်း၊ ခွန်ကျုံး ဒုက္ခသည်စခန်းတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများဖြစ်ကြပြီး ရှမ်း၊ ကရင်နှင့် ကချင် တိုင်းရင်းသား အများစုပါဝင်ကာ ထိုင်း ကလေး အနည်းစု ပါဝင်သည်ဟုလည်း ပွဲစီစဉ်သူက ပြောသည်။

အလားတူပြပွဲမျိုးကို နှစ်စဉ်နှစ်တိုင်း တနှစ်တကြိမ် ကျင်းပခဲ့ရာ ယခုတကြိမ်နှင့်ဆိုလျှင် ငါးကြိမ်တိုင်သွားပြီဖြစ်သည်။

ပြပွဲကို လာရောက်ကြည့်ရှုသော ထိုင်းကလေးငယ် တဦးကလည်း "ကျောင်းပိတ်နေလို့ အဖေ့ကို လာပို့ခိုင်းတာပါ၊ ဒီထဲမှာရှိတဲံ့ ပုံတချို့က ကျနော်ဆွဲထားတဲ့ပုံတွေနဲ့တူတယ်၊ ဒီထဲမှာ ကျနော်မလုပ်တတ်တာတွေလည်း အများကြီး ပါပါတယ်” ဟု ဆိုသည်။

Studio Xang အဖွဲ့သည် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည်ဟုလည်း အဖွဲ့၏ တာဝန်ရှိသူ အမျိုးသမီးထံမှ သိရသည်။

သူကပင် ဆက်လက်၍"ကျမတို့အဖွဲ့က ကလေးတွေကို အဓိကအနေနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေဖြစ်တဲ့ ပန်းချီဆွဲတာတွေ၊ ရုပ်တု ထုလုပ်တာတွေ၊ နောက်ပြီးတော့ သစ်ပင်စိုက်ပျိုးတာတို့၊ စားစရာ ချက်ပြုတ်တာတို့ စတာတွေကို သင်ပေးပါတယ်။ ကျမတို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေကို အနုပညာနဲ့ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးဖို့ပါ။ သူတို့ အနုပညာကို ဖော်ပြဖို့ အတွက် နေရာလေးတခု ဖန်တီးပေးပြီးတော့ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာအောင် ရည်ရွယ်ပါတယ်” ဟု အဖွဲ့အစည်း၏ ရည်မှန်းချက်ကို ဧရာဝတီသို့ ပြောသည်။

၎င်းအဖွဲ့သည် ရွှေ့ပြောင်းကလေးများရှိသော နေရာများကို လိုက်လံသင်ကြားပေးခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

5th-exhibition-01ရွှေ့ပြောင်းအလုပ်သမား ကလေးမိဘ တဦးကလည်း"ကျမတို့နေတဲ့ နေရာအထိကို စာတွေလာသင်ပေးကြပါတယ်။ အနုပညာနဲ့ဆိုင်တာတွေ၊ သင်္ချာ၊ ရှမ်းစာ၊ ထိုင်းစာ တွေကို သင်ပေးပါတယ်”ဟု ဆိုသည်။

သူကပင် ဆက်လက်ပြီး"လာသင်ပေးတဲ့ အဖွဲ့တွေကတော့ အများကြီးပဲ၊ ဘယ်အဖွဲ့တွေလဲ ဆိုတာတော့ ကျမလည်း ကောင်း ကောင်းမသိပါဘူး။ ဒါပေမယ့် ဒီလို လာသင်ပေးတာတွေဟာ ကလေးတွေအတွက် တော်တော်ကြီးကို အကျိုးရှိတယ်လို့ မြင်ပါ တယ်”ဟု ပြောသည်။

ရွှေ့ပြောင်းကလေးတဦးဖြစ်သူ စိုင်းဦးက"ကျောင်းမှာ မသင်ရတဲ့ ပညာရပ်တချို့ကို အိမ်အထိလာသင်ပေးတဲ့ ဆရာတွေက သင်ပေးပါတယ်။ ပန်းချီဆွဲနည်း သင်ရတာကို ကျနော်အကြိုက်ဆုံးပါ”ဟု ပြောပြသည်။

ရွှေ့ပြောင်းကလေးများသည် ထိုင်းနိုင်ငံတွင် မွေးဖွားသူများဖြစ်ပါက မွေးစာရင်းရရှိနိုင်ပြီး ကျောင်းတက်ရာတွင် အခက်အခဲ မရှိလှကြောင်း၊ ထိုသို့မဟုတ်ဘဲ ထိုင်းဆေးရုံတခုခုမှ မွေးစာရင်းမရရှိပါက ပညာသင်ခွင့် ရနိုင်ရန် ရာနှုန်းနည်းပါးလှကြောင်း ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောသည်။

ရွှေ့ပြောင်းကလေးများ၏ ပညာရေးကို မြှင့်တင်ပေးနေသော အခြားအဖွဲ့အစည်းတခုဖြစ်သည့် Shan Youth Power အဖွဲ့မှ volunteer တဦးကလည်း "ဒီလိုမျိုး ကလေးတွေကို ပညာသင်ပေးနေတဲ့ အဖွဲ့အစည်းတွေများများရှိဖို့လိုအပ်ပါတယ်။ သူများနိုင်ငံမှာ အနှိမ်ခံ၊ ပညာမသင်ရတဲ့ အခြေအနေမျိုးမှာ အခုလို ရရာပညာကို သင်ကြားနေရတာလဲ ဘာမှမသင်ရတာထက် စာရင်တော့ အများကြီး တော်ပါသေးတယ်”ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းကလေးအများစုသည် နိုင်ငံသားလက်မှတ်မရှိသဖြင့် ရသင့်ရထိုက်သော အခွင့်အလမ်းများကို လက်လွှတ်ဆုံးရှုံးနေကြရသည်။