မင်ဒါနာအို ရွေးကောက်ပွဲသို့ ရောက်ခဲ့စဉ်က

Friday, 28 May 2010 18:35 ဆောင်းပါး
Print
ဖိလစ်ပိုင်နိုင်ငံ သမ္မတနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေကို ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက် (ANFREL) က နိုင်ငံတကာ ကိုယ်စားလှယ် ၄၁ ဦး သွားရောက် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ ဒီတကြိမ်ဟာဆိုရင် ဖိလစ်ပိုင်နိုင်ငံမှာ Precinct Count Optical Scanner (PCOS) လို့ခေါ်တဲ့ စက်ကရိယာစနစ်ကို အသုံးပြုပြီး ပထမဆုံးအကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတာ ဖြစ်ပါ တယ်။

ANFREL ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ကျနော်လည်း လိုက်ပါခွင့် ရခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ မြို့တော် မနီလာကို မေလ ၂ ရက်နေ့ မှာ ရောက်ပြီး ဘယ်သူတွေ ဘယ်နေ့မှာ လေ့လာကြမယ်ဆိုတာကို တာဝန်ခွဲကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က လုပ်ဖော်ကိုင်ဖက် တဦး နဲ့အတူ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မင်ဒါနာအို ဒေသက ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့ ကျနော့်ကို တာဝန် ပေးပါတယ်။ မေလ ၅ ရက် မနက်စောစောမှာ ကျနော်တို့ နှစ်ယောက် မနီလာကနေ ဇမ်ဘွန်ဂါ (Zamboanga) မြို့ကို လေယာဉ်ပျံနဲ့ ထွက်ခွာခဲ့ပြီး အဲ့ဒီကနေတဆင့် မင်ဒါနာအိုက စူးလူးကျွန်း (Sulu Island) ဆီရောက်အောင် ဖယ်ရီနဲ့ ၁၃ နာရီကြာ ညအိပ်ခရီး ဆက်ခဲ့ကြပါတယ်။

zamboanga1ကျွန်းကို ရောက်တဲ့အခါမှာ ဒေသခံ ဘာသာပြန်တဦးက ကျနော်တို့ကို အသင့် စောင့်ကြိုနေပါတယ်။ သူက ကျနော်တို့ ရောက် တဲ့အကြောင်း စာရင်းပေးနိုင်အောင် ဖိလစ်ပိုင်တပ်မတော် ဒေသအခြေစိုက်စခန်းဆီကို ချက်ချင်းပဲ ခေါ်သွားပါတယ်။

စခန်းကို ရောက်တဲ့အခါ တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရပ်တီကိုဂွာရီရို က ရွေးကောက်ပွဲကာလမှာ အကြမ်းဖက်မှုတွေ ရှိလာ နိုင်တယ်။ ဒါပေမယ့် ဒါဟာ စူးလူးကျွန်းပေါ်မှာရှိနေတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေထဲက တခုပါလို့ ကျနော်တို့ကို ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင် မင်ဒါနာအို နယ်မြေရဲ့ အစိပ်အပိုင်းတခုဖြစ်တဲ့ စူးလူးကျွန်းဟာ ပြန်ပေးဆွဲတဲ့ နေရာမှာ အထူး သဖြင့် နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲတဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဒေသဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီဒေသ မှာပဲ မိုရိုအစ္စလာမ် လွတ်မြောက်ရေးတပ်ဦး (Moro Islamic Liberation Front) နဲ့ အဘူဆေရပ် (Abu Sayyaf) လို မွတ်စလင် သူပုန်အဖွဲ့တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ဖိလစ်ပိုင် ဗဟိုအစိုးရကို ဆယ်စုနှစ်နဲ့ချီပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

စူးလူးဒေသကို ဗုံးခွဲတိုက်ခိုက်တာ၊ သေနတ်နဲ့ပစ်တာ၊ သတ်ဖြတ်တာတွေ အပြင် ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ တခြား အကြမ်း ဖက်မှုတွေလည်း ဖြစ်နိုင်ချေရှိတဲ့ “ဆူပူရပ်ဝန်း” အဖြစ် သတ်မှတ်ထားတာလို့ ဗိုလ်ချုပ်ကြီး ရပ်တီကိုဂွာရီရိုက ပြောပါတယ်။ စစ်တပ်က အတည်တကျ မထိန်းချုပ်နိုင်တဲ့ နေရာတွေ အထူးသဖြင့် သူပုန်တွေလှုပ်ရှားနေတဲ့ ကမ်းရိုးတန်းဒေသတွေကို မသွားဖို့ကိုလည်း သူက ကျနော်တို့ကို သတိပေးပါသေးတယ်။

ကျနော်တို့ကို ရဲတွေကလည်း သူ့လိုပဲ သတိပေးတဲ့အပြင် အဘူဆေရပ်က ရွေးကောက်ပွဲကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက် ထားတယ်လို့လည်း ပြောကြပါတယ်။

ရွေးကောက်ပွဲအကြိုကာလ ပြင်ဆင်မှုတွေကို စူးလူးမှာ ကျနော်တို့ လေ့လာခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာ ကျနော်တို့တွေ့ခွင့်ရတဲ့ ရွေးကောက်ပွဲကော်မရှင် (Comelec) ကိုယ်စားလှယ်တွေက ကျေးလက်ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတော်တော်များများမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိသလောက်နည်းကြတယ်လို့ ပြောပြပါတယ်။ NGO ၀န်ထမ်းတွေကလည်း နိုင်ငံ အတွင်းပိုင်း ဒေသတွေမှာ မဲဝယ်မှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မဲဝယ်တာတွေကိုတော့ ကျနော်တို့ မတွေ့ခဲ့ရပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ရွေးကောက်ပွဲတွေကို မင်ဒါနာအို အနောက်ပိုင်းက ဇမ်ဘွန်ဂါမြို့မှာပဲ လေ့လာခဲ့ရလို့ ဖြစ်ပါ တယ်။

ဖိလစ်ပိုင်လူမျိုးတွေဟာ ရွေးကောက်ပွဲမှာ စိတ်ဝင်တစားနဲ့ အားတက်သရောရှိတာ တွေ့ရပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေနဲ့ မစွမ်းမသန်ဖြစ်နေသူတွေဟာ သမ္မတ၊ ဒုသမ္မတ၊ ပါလီမန်အမတ်တွေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးအတွက် သူတို့ရဲ့ ဆန္ဒမဲကို ပေးဖို့ သည်းခံစောင့်ဆိုင်းနေတာကိုလည်း မြင်ခဲ့ရပါတယ်။ တချို့ဆိုရင် မဲပေးရဖို့အရေး အကြာကြီး စောင့်ကြရပါတယ်။ မဲပေးတဲ့ နေရာတွေ ပိတ်တဲ့ အချိန် မေလ ၁၀ ရက် ည ၇ နာရီ မှာတောင်မှပဲ မဲရုံအပြင်ဘက်မှာ မဲဆန္ဒရှင် လူတန်းကြီး ရှိနေသေးတာကို တွေ့ရပါတယ်။ တချို့ကတော့ မဲပေးခွင့်မရတဲ့အပေါ် သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တာဖြစ်တယ်လို့ Comelec ကို အပြစ်တင်ကြပါတယ်။

ဇမ်ဘွန်ဂါမြို့ အုပ်ချုပ်ရေး အောက်မှာရှိတဲ့ မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဆိုရင် ဆန္ဒမဲပေးပွဲနဲ့ ပတ်သက်ပြီး သူတို့ သိသင့်သိထိုက်တာတွေ ဘာမှ မသိရဘူးလို့ ပြောပါတယ်။ အခုရွေးကောက်ပွဲမှာ အသုံးပြုတဲ့ PCOS စနစ်ကိုလည်း ရုပ်မြင်သံကြားကနေတဆင့် သိရတာလို့ အမျိုးသမီးတယောက်က ပြောပါတယ်။

zamboanga1ဇမ်ဘွန်ဂါမြို့က ဆန္ဒမဲပေးတဲ့နေရာအားလုံးရဲ့ ထက်ဝက်နီးပါးကို ကျနော်တို့ ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီမှာ ကျနော်တို့ တွေ့ခဲ့ရတဲ့ ဖိလစ်ပိုင်မဲဆန္ဒရှင်တွေက အရင်သုံးခဲ့တဲ့ မဲပေးစနစ်တွေထက်စာရင် အခု PCOS စနစ်ကို သူတို့ ပိုကြိုက်တယ်လို့ ဆိုပါတယ်။ ဒီစနစ်မှာ အရင်လို ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်အပြည့်အစုံကို သူတို့ကိုယ်တိုင် ရေးထည့်ဖို့ မလိုတော့တာကြောင့် ကြိုက်တာလို့ ပြောကြပါတယ်။

တချို့ PCOS စက်တွေမှာ ဆန္ဒမဲပြားကို လက်မခံတာ၊ အစွန်အဖျားကျတဲ့ ရွာတွေက ဆန္ဒမဲပေးတဲ့နေရာတွေမှာ လျှို့ဝှက် မဲပေးခွင့် မရှိတာ စတဲ့ ပြဿနာတွေလည်း ဖိလစ်ပိုင်ရွေးကောက်ပွဲကာလမှာ ရှိခဲ့ပါတယ်။ ဘာစီလန် ပြည်နယ်မှာ သွားရောက် လေ့လာခဲ့တဲ့ သူတွေကလည်း မဲဝယ်တာတွေ သူတို့အများကြီး ကြုံခဲ့ရတယ်လို့ နောက်ပိုင်းမှာ ကျနော်တို့ကို ပြောပြပါတယ်။

ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ စိတ်ဝင်စားစရာ အချက်တခုကတော့ ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်မခံရသေးခင် ထောင်ထဲမှာ ထိန်းသိမ်းခံနေရသူတွေအနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရတာပဲ ဖြစ်ပါတယ်။ သူတို့ထဲက တယောက်ဆိုရင် မဲပေးခွင့်ရတဲ့ အတွက် ၀မ်းသာကြောင်း၊ ထောင်အာဏာပိုင်တွေကလည်း ဘယ်သူ့ကို မဲပေးရမယ်ဆိုတာမျိုး ဖိအားပေးတာ မရှိကြောင်း ကျနော် တို့ကို ပြောပြပါတယ်။

အခုလိုမျိုး အထိန်းအသိမ်းခံထားရသူတွေ မဲပေးပိုင်ခွင့် ရှိမရှိ မှုခင်းပညာရှင် အက်တာဂယ်ဗက်ပဲပီတို (Ester Galvez-pepito) ကို ကျနော်တို့ မေးကြည့်မိပါတယ်။ သူက “ဘာလို့ မရှိရမှာလဲ၊ သူတို့ အပြစ်ရှိတယ်လို့ သက်သေမပြနိုင်မချင်း သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး၊ အဲ့ဒီတော့ သူတို့ ဘာကိစ္စနဲ့ မဲပေးခွင့် မရှိရမှာလဲ” လို့ ဖြေပါတယ်။

မဲပေးပြီး ပြန်လာတဲ့ အိမ်ထောင်သည်အမျိုးသမီး တယောက်ကတော့ “ကျမရဲ့ မဲက သိပ်ကို အရေးကြီးပါတယ်၊ ဆန္ဒမဲ အားလုံးက ကျမတို့နိုင်ငံ အနာဂတ်အတွက် အရေးပါတယ်လေ” လို့ ကျနော်တို့ကို ပြောပြလိုက်ပါသေးတယ်။

စောရန်နိုင်ရေးသားသည့် Election Witness in Mindanao ကို ဆီလျော်အောင် ပြန်ဆိုသည်။