မြန်မာ့“စပါးကျီ” တကျော့ပြန်လာပြီလော

Monday, 31 May 2010 11:39 ဆောင်းပါး
Print
တချိန်က ပြည်ပသို့ ဆန် အလုံးအရင်း ပို့နိုင်ခဲ့သော မြန်မာ နိုင်ငံတွင် ထုတ်ကုန် တိုးမြှင့်လာ မှုကြောင့် လက်ရှိ ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံက စနိုးစနောင့် ဖြစ်နေရသည်။


၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁ ဒသမ ၃ သန်း ပြည်ပပို့နိုင်ခဲ့သောကြောင့် ထိုင်း ဆန် တင်ပို့သူများ အသင်း (Thai Rice Exporters Association - TREA) က နိုင်ငံခြားပို့ကုန် ပမာဏကို ဆက်လက် အာရုံစိုက်ရမည်  လော၊ မြန်မာနိုင်ငံကဲ့သို့ ပြိုင်ဘက် အသစ်များကို နေရာဖယ်ပေးမည်လော၊ အရည်အသွေးကောင်း ဈေးကွက်ကို အရ လှမ်းယူမည်လော ဟူ၍ မေးခွန်းထုတ် သုံးသပ်နေရသည်။

တကျော့ပြန် အားကောင်းလာသော မြန်မာ့ဆန်လုပ်ငန်းသည် နှစ်စဉ် ပို့ကုန်ပမာဏ တန်ချိန် ၂ ဒသမ ၅ သန်းမှ မကြာမီ ၃ သန်းအထိရှိလာမည်ဟု ခန့်မှန်းရကြောင်း ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းက မတ်လတွင် သတိ  ပေးခဲ့ဖူးသည်။

ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း (MRIA) ကို ဆန် ထုတ်လုပ် ရောင်းချသော အုပ်စု သုံးစုဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာ့ဆန်လုပ်ငန်းကို ပြည်တွင်း ဆန်ထုတ်လုပ်မှု လုပ်ငန်းများဖြင့် ပြန်လည် စုစည်း အား   ဖြည့်လိုက်ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း အကြီးအကျယ် တိုက်ခိုက်ခံရသော  ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အခက်အခဲ များ ဆက်လက် ဖြစ်ပေါ်နေခြင်း၊ ရင်းနှီး မြှုပ်နှံမှု နည်းပါးခြင်း စသည့် ပြဿနာများ ရှိနေသော်လည်း မြန်မာ့ ဆန် ထုတ်လုပ်မှုက တိုးမြင့်လာနေဆဲ ဖြစ်သည်။

မြစ်ဝ ကျွန်းပေါ် ဒေသ ဆန်ထုတ်လုပ်နိုင်မှုသည် နာဂစ်မတိုင်မီ ကာလထက်  ၅ဝ ရာခိုင်နှုန်း လျော့ကျသွားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ စိုက်ပျိုးမြေအတွင်း ရေငန် ဒီရေမြင့်တက်မှုကို ကာကွယ်မည့် ကမ်းရိုးတန်း တာတမံ အလုံ  အလောက် မတည်ဆောက်နိုင်သောကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့က ယခုနှစ် အစ ပိုင်းတွင် အစီရင်ခံခဲ့သည်။

ထိုပြဿနာများရှိနေသော်လည်း  တနိုင်ငံလုံး အတိုင်းအတာရ ဆန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ခဲ့သည်။ ဈေးကွက် အကဲဖြတ် လေ့လာသူများကလည်း နောင် နှစ်အနည်းငယ်အထိ ထိုနှုန်းထားကို ဆက်လက် ထိန်းထားနိုင်မည်ဟု  မျှော်မှန်း ထားကြသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၉ - ၂ဝ၁ဝ ဘဏ္ဍာနှစ်၏ ပထမ ၉ လ အတွင်း ဆန်တန်ချိန် ၁ ဒသမ ၂ သန်း ပြည်ပပို့နိုင်ခဲ့ သည် ဟု ထိုင်းနိုင်ငံ စိုက်ပျိုးစီးပွားဌာနက ပြောသည်။ ယခု ဘဏ္ဍာနှစ် အကုန်တွင် တန်ချိန် ၁ ဒသမ ၅ သန်း အထိ ရှိလာနိုင်သည်ဟု ဆိုသည်။

ထိုပမာဏသည် ထိုင်းနိုင်ငံ၏ နှစ်စဉ် ဆန်တင်ပို့မှုတန်ချိန် ၈ ဒသမ ၅ သန်းနှင့် အလွန် အလှမ်း ကွာဝေးနေသော် လည်း လွန်ခဲ့သည့် ၆ နှစ် ကာလနှင့် နှိုင်းယှဉ်ပါက အကြီးအကျယ် တိုးတက်လာသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုစဉ်က  မြန်မာ့ဆန် တင်ပို့မှုမှာ တနှစ်လျှင် တန်ချိန် တသိန်းခန့်သာ ရှိခဲ့သည်။

မြန်မာ၊ ဗီယက်နမ် နှင့် တခြားတိုင်းပြည်များ၏ ဆန်ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် ထိုင်းနိုင်ငံ၏ ဈေးကွက် ယှဉ်ပြိုင်မှု အားလျော့သွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုသို့ အားလျော့သွားရခြင်း၏ အဓိက အကြောင်းမှာ  ပြည်တွင်း ကုန်ထုတ်လုပ်မှု စရိတ် ကြီးခြင်းကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ပါက စရိတ်စက အထူး ကွာဟ  သည်ဟု TREA ၏ ဥက္ကဋ္ဌ ချွတ်ကိယက် အုပ်ဟာဝုန်စီ (Chookiat Ophaswongse) က ဆိုသည်။

မြန်မာနိုင်ငံတွင် ဆန် တတန် ထုတ်လုပ်မှု စရိတ်သည် ထိုင်းနိုင်ငံထက် ထက်ဝက် သက်သာသည်။ အရှေ့တောင် အာရှ နိုင်ငံများရှိ ကုန်ကျစရိတ် နည်းနည်းဖြင့် ထုတ်လုပ်နိုင်သူများ ယခုထက် ပို၍ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်လာပါက ထိုင်းနိုင်ငံ၏ ဈေးကွက်တည်ငြိမ်မှု အားနည်းသွားမည်ကို TREA အဖွဲ့က စိုးရိမ်နေသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးရန် အခြေအနေကောင်းများ ရှိသောကြောင့် ဆက်လက် အကျိုး ဖြစ်ထွန်းနေပြီး ၂ဝဝ၉ ခုနှစ် ပို့ကုန် ပမာဏထက် အနည်းဆုံး နှစ်ဆ တင်ပို့ရန် ပြဿနာ မရှိနိုင်ဟု အုပ်ဟာဝုန်စီ က ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၃ဝ အစောပိုင်းနှစ်များက တန်ချိန် ၇ သန်း နှစ်စဉ် တင်ပို့နိုင်ခဲ့သဖြင့် ကမ္ဘာ့ “စပါးကျီ” ဟူ၍ တင်စားခံခဲ့ရသည်။ ထိုအခြေအနေသို့ ပြန်ရောက်ရှိမရှိ ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်သူများ သိသိသာသာ စိတ်လှုပ်ရှားနေချိန်၌ မြန်မာ့ စီးပွားရေး လေ့လာသူများက စစ်တပ်၏ အစဉ်အဆက် ဗိုလ်ကျချယ်လှယ်မှုကို အဖြေတခု အဖြစ် ထောက်ပြကြသည်။

“မြန်မာ့ပုဂ္ဂလိက ဆန်တင်ပို့သူတွေက တင်ပို့မှု အရည်အသွေးနဲ့အရေအတွက် နှစ်မျိုးစလုံး တိုးမြှင့်လာအောင် ကြိုးစား နေတာတွေကို ကျနော်တို့ ကြိုဆိုပါတယ်”ဟု မြန်မာ့ စီးပွားရေး အခြေအနေကို စောင့်ကြည့်နေသည့် ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) က ပြောသည်။

“ဒါပေမယ့် အဲဒီလိုမျိုး ကြိုးစားမှုတွေကြောင့် လုပ်ငန်းတခုလုံး အကျိုးနည်းစေမယ့် အတားအဆီးတွေကိုလည်း မြန်မြန် တွေ့ရပါလိမ့်မယ်။ အဲဒီ အခက်အခဲတွေကတော့ ကျေးလက် တောင်သူတွေကို အသိအမှတ် ပြုမှု မရှိတာကနေ အစိုးရ ရဲ့ နက်နက် ရှိုင်းရှိုင်း ကြားဝင် စွက်ဖက်မှုတွေ၊ အကျင့်ပျက် ချစားမှုတွေ အထိပေါ့။ ဒါတွေကလည်း အမြစ်တွယ်နေပြီး အမြဲတစေ ဖြစ်နေတာပါ”ဟု သူက ဆက်ပြောပြသည်။

ဆန်ဈေးကွက်အပေါ် လက်ဝါးကြီး အုပ်ထားသည့် ထိုင်း နိုင်ငံသည် အိမ်နီးချင်းများ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
ဗီယက်နမ်နှင့်ပင် ဈေးပြိုင် လျှော့ရောင်းခဲ့ရဖူးသည်။ ၂ဝဝ၉ ခုနှစ်တွင် ဗီယက်နမ်က ဆန်တန်ချိန် ၆ သန်း တင်ပို့နိုင် သဖြင့် အပေးအယူ ပြုလုပ်ရန် ထိုင်း စီးပွားရေး ဝန်ကြီးဌာနက ဗီယက်နမ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ရသည်။

မြန်မာနိုင်ငံက သီးနှံ အရည်အသွေး တိုးတက်လာစေရန် အကူအညီတောင်းခံထားရာ မည်သို့ တုံ့ပြန်ရမည်ကို ထိုင်း နိုင်ငံ က သေချာ စဉ်းစားနေချိန်တွင် ဂျပန်အစိုးရ အေဂျင်စီ တခု ဖြစ်သော ဂျပန် ပြင်ပ ကူးသန်း ရောင်းဝယ်ရေး အဖွဲ့ (Japan External Trade Organization)၏ နည်းပညာအကူအညီကို မြန်မာနိုင်ငံက ရရှိနေသည်။

ထိုင်းနိုင်ငံသည် အရည်အသွေးညံ့၊ ဈေးပေါသည့် ဆန်ဈေးကွက်ကို စွန့်လွှတ်သင့်ကြောင်း၊ ကာလတခုအထိ မြန်မာ နိုင်ငံ က လိုက်မီနိုင်ဖွယ်မရှိသည့် အရည်အသွေးမြင့် ဆန်အမျိုးအစားများကို အာရုံစိုက်သင့်ကြောင်း TREA အဖွဲ့က အကြံပြုထားသည်။

ကမ္ဘာ့ဆန်ဈေးကွက်သည် ဈေးနှုန်း အတက် အကျ ဆိုးဆိုးဝါးဝါး ဖြစ်သည့် ကာလတခုကို ကျော်လွန်ပြီးနောက် ယခု ပြန်လည် တည်ငြိမ်သွားပြီဟု နိုင်ငံတကာ ဆန်သုတေသနအဖွဲ့ (IRRI) က မတ်လတွင် ပြောဆိုခဲ့သည်။ သို့သော် စပါးထုတ်လုပ်မှု လျော့ကျသည့် ပြဿနာကို ရင်ဆိုင်ရဖွယ် ရှိသည် ဟုလည်း ထိုအဖွဲ့က သတိပေးထားသည်။

စပါးစိုက်ပျိုးမြေပမာဏသည် တမ္ဘာလုံး အနှံ့တိုးတက်လာနေသော်လည်း ထွက်နှုန်း ကျဆင်းလာနေသည်ဟု ဖိလစ်ပိုင် အခြေစိုက် IRRI အဖွဲ့က ဆိုသည်။

စပါးထွက်နှုန်း ကျဆင်းလာခြင်းမှာ ဆန်ဈေးနှုန်းထက် ပြဿနာ ပိုကြီးနေသည်။ အဘယ့်ကြောင့် ဆိုသော် ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်သည် ဆန်ကို အဓိက အစားအစာအဖြစ် မှီခိုနေရခြင်းကြောင့် ဖြစ်သည်ဟု ထိုအဖွဲ့ကပြောသည်။

ကမ္ဘာနှင့်တ၀န်း ဆန်လိုအပ်ချက်က တနှစ် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးနေသော်လည်း စပါး စိုက်မြေက အကန့်အသတ် ဖြင့်သာ ရှိနေသေးသည်။ တခုတည်းသော ဖြေရှင်းနည်းမှာ ထွက်နှုန်း ကောင်းသော ပျိုးပင်များကို ပို၍ စိုက်ပျိုးခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုရည်မှန်းချက် အထမြောက်ရန် နည်းပညာ အားနည်း နေ ကြသည်။

တဆက်တည်းမှာပင် ပြည်ပပို့မြန်မာ့ဆန် အရည်အသွေးကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ဂါနာနိုင်ငံသို့ တင်ပို့ခဲ့သည့် ဆန်သဘောင်္တစီးသည် “စားသုံး၍ မရ” ဟု တံဆိပ်ကပ်ခံရပြီး ယခုနှစ် အစပိုင်းတွင် မြန်မာပြည်သို့ ပြန်ရောက်လာသည်။ ဆန်များက မှိုတက်၍ ပိုးထိုးနေသောကြောင့်ဟု ဆိုသည်။

ပါမောက္ခ ရှောင်တာနဲလ်၏ အယူအဆမှာ မြန်မာ့ဆန် တစခန်း ပြန်ထလာခြင်းကို ထိုင်းတို့က စိုးရိမ်မှုကဲနေသည် ဟူ ၏။ မြန်မာ့ဆန် အခြေအနေသည် စစ်ဗိုလ်ချုပ်များ မြန်မာ့ စီးပွားရေးကို ထိန်းချုပ်နေသမျှ အကန့်အသတ် ဖြစ်နေ ဦး မည်ဟု သူက ယုံကြည်ထားသည်။

“ဆန်တင်ပို့ရာမှာ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ မြန်မာပြည်ရဲ့လတ်တလော ကြိုးပမ်းချက်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ စု အတွင်း တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းမှု အပါအဝင် ကိစ္စ တော်တော်များများကို မီးမောင်း ထိုးပြရာ  ရောက်ပါတယ်”ဟု သူက ဆိုသည်။

“ဒါပေမယ့် ပြည်ပ တင်ပို့မှု ပမာဏကတော့ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ဆန်တင်ပို့မှု လုပ်ငန်းမှာ အောင်မြင်ခဲ့တဲ့ နိုင်ငံတွေထဲက အဆင့် နံပါတ် ၁ဝ လောက်ပဲ ရှိပါသေးတယ်။ တချိန်တည်းမှာ ထွက်ကုန်ကလည်း အရည်အသွေး ညံ့ဖျင်းတာမို့ အာဖရိကရဲ့ခပ်ပေါပေါ ဈေးကွက်တွေထက် မဆိုသလောက်ပဲ ပိုရတာပါ”ဟု သူက သုံးသပ်ပြသည်။

WILLIAM BOOT ရေးသားသည့် Return of the Burmese 'Rice Bowl'? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။