
သီချင်း ပြီးဆုံးသွားသည်နှင့် အသက် ၅၀ ကျော်အရွယ် ကရင်အမျိုးသားကြီးက “ဒီအချိန်မှာ ကရင်လူမျိုးတွေ စည်းလုံးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ညီညွတ်ကြပါ။ ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု ပြောကာ ဦးညွတ်လိုက်သည်။
ကွင်းထဲမှ လက်ခုပ်သံ တဖြောင်းဖြောင်း မြည်ဟည်း ထွက်ပေါ်လာကြသော်လည်း ကရင်တိုင်းရင်းသားများ၏ မျက်နှာမှာမူ မကောင်းလှချေ။
“နယ်စပ်မှာ ကိုယ့်လူမျိုး ကရင်တွေ တိုက်ပွဲဖြစ်နေတဲ့ အချိန်ဆိုတော့ အားလုံးပဲ စိတ်ထိခိုက်ကြတာပေါ့နော်။ အမျိုးသားသီးချင်ဆိုတော့ ပိုပြီးစိတ်ထိခိုက်ကြတာပေါ့” ဟု ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) အဖွဲ့ဝင် ကရင်တိုင်းရင်းသူတဦးက ပြောသည်။
ကရင်ပြည်နယ် ဘားအံဇာတိ ဖြစ်သော အသက် ၃၀ ခန့်ရှိ အဆိုပါ ကရင်တိုင်းရင်းသူသည် အဖြူရောင် စကောကရင်ဝတ်စုံကို ဝတ်ထားပြီး အဖြူရောင် ပုဝါကို ခေါင်းတွင် စည်းထားသည်။
“တိုက်ပွဲဖြစ်တော့ ကရင်လူမျိုးတွေလည်း ဒုက္ခရောက်တယ်။ ဒါပေမယ့် မတရားတာကို မခုခံဘဲနေရင် ကြာရင် ပိုဆိုးကုန်မှာပဲ။ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် ရှမ်းဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် မတရားတာကိုတော့ ငြိမ်မခံသင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။
ရန်ကုန်ရောက်သည်မှာ ၄ နှစ်ကျော်ပြီ ဖြစ်သော်လည်း မှတ်ပုံတင် အခက်အခဲနှင့် အိမ်ထောင်စုဇယား အခက်အခဲတို့ကြောင့် ရွေးကောက်ပွဲကာလတွင် ဘားအံသို့ပြန်ပြီး မဲပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။
“၂၀၁၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်မှာတော့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက အမတ်နေရာ တော်တော်များများကို နိုင်လိုက်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့ လိုချင်သလောက်တော့ မရဘူးပေါ့နော်။ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ကိုယ့်ပြည်နယ်အတွက် လုပ်ပေးချင်ပေမယ့် အစိုးရက ခွင့်ပြုမှ လုပ်လို့ရမယ့် အနေအထားပဲ ဖြစ်ဦးမယ်လို့ ထင်တယ်” ဟု သူက ပြောသည်။
ကရင် အမျိုးသားနှစ်ကူး ပွဲတော်တွင် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း၊ နတ်စားခြင်း၊ ဆုတောင်းခြင်းတို့ ပြုလုပ်ကြပြီး ယဉ်ကျေးမှုကပွဲ၊ ကရင်ယဉ်ကျေးမှု ပြခန်းများ၊ ပွဲဈေးတန်းများလည်း ပါဝင်သည်။
ပွဲဈေးတလျှောက်တွင် ကရင်ဝတ်စုံဝတ် အမျိုးသား၊ အမျိုးသမီး၊ ကလေးများအပြင် တခြားတိုင်းရင်းသား လူမျိုးများနှင့် နိုင်ငံခြားသားတချို့ကိုလည်း တွေ့မြင်ရသည်။
ကရင်ရိုးရာဝတ်စုံများကို ဒီဇိုင်းအမျိုးအမျိုး၊ အရောင်အမျိုးမျိုးဖြင့် ချုပ်လုပ်ရောင်းချသည့် ကရင်ဖက်ရှင်ဆိုင်တွင် အမျိုးသမီးများ တိုးဝှေ့နေကြသည်။
ထိုဆိုင်နှင့်ကပ်လျက်ရှိသည့် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ စာအုပ်ဆိုင်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ ပြသထားပြီး ကရင့်ကြေးမုံ မဂ္ဂဇင်းအပါအဝင် စာအုပ်များကို ရောင်းချပေးသည်။
အဆိုပါအရောင်းဆိုင်မှ အနီရောင်ဝတ်စုံဖြင့် ကရင်အမျိုးသမီးငယ်တဦးက “ဒီနှစ်ကတော့ အရောင်းတော်တော်ကို ပါးတယ်။ မနေ့ကလည်း သိပ်မရောင်းရဘူး။ လူတွေ စီးပွားရေး ကျပ်တည်းကြတာကြောင့် အရောင်းပါးကုန်တယ်။ ၀င်တော့ ၀င်ကြည့်ကြတယ်၊ နည်းနည်းပါးပါးပဲ ၀ယ်နိုင်ကြတယ်” ဟု ပြောပြသည်။
အရောင်းဆိုင်များတွင် ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသော်လည်း ပြခန်းများတွင်မူ လူဝင်လူထွက် နည်းပါးလျက်ရှိသည်ကို တွေ့ရသည်။

ယဉ်ကျေးမှုပြခန်းမှ ပိုးကရင်တိုင်းရင်းသား တဦးက “နှစ်တိုင်းလုပ်နေသလိုပါပဲ၊ ဟိုဟာဖြုတ်ဦး၊ ဒါလည်း ဖြုတ်ဦးဆိုပြီး ဖြုတ်ခိုင်းတာတွေ ရှိတာပေါ့။ အဲဒီလိုတွေ ဖြုတ်ရတော့ ဘာမှ သိပ်မကျန်တော့ဘူး။ လူတွေလည်း စိတ်ဝင်စားမှု နည်းကုန်တာပေါ့” ဟု ပြောသည်။
ကရင်တိုင်းရင်းသား တယောက်အနေဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲနေ့ကို စိတ်တိုင်းကျ ပြုလုပ်ကျင်းပခွင့်ရသော ကရင့်နေ့အဖြစ်ကို ကြုံဖူးချင်သေးကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမည့် နေ့ကိုလည်း မျှော်လင့်မိကြောင်း အဆိုပါ ပိုးကရင် အမျိုးသားက ဆိုသည်။
ယခုနှစ် ၂၇၅၀ ပြည့်နှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို ရန်ကုန်တိုင်းတွင် အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊အလုံ၊ မရမ်းကုန်းစသည့် မြို့နယ်များရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာနေရာများတွင် ဇန်န၀ါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပြုလုပ်ကျင်းပကြောင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) က ပြောသည်။
< Prev | Next > |
---|