စီးပွားရေး ဦးမော့စေမယ့် ယုန်နှစ်

Thursday, 03 February 2011 18:11 ဆောင်းပါး
Print
ပိတ်စ အနီရောင်ခင်းထားတဲ့ စားပွဲပေါ်မှာ မိုးမလင်ခင်ကတည်းက ခင်းကျင်း ပြင်ဆင်ထားတဲ့ ခေါက်ဆွဲကြော်၊ ချိုချဉ်ကြော်၊ အသီးအနှံစုံနဲ့  အီကွေ့၊ ပဲမုန့်အငန်အချိုတို့က အစီအရီ။ အရက်၊ ရေနွေးကြမ်း အစုံအလင်ရှေ့မှာ အမွှေးတိုင်ထွန်းဖို့ ချထားတဲ့ အနီရောင်သုတ် ကြွေခွက်တွေက တရုတ်နှစ်သစ်ကူး ပွဲတော်ရဲ့ အထိမ်းအမှတ် တွေပဲ ဖြစ်ပါတယ်။

01_400တရုတ်ရိုးရာ ကန်တော့ပွဲအတွက် မပါမဖြစ် အရက်နဲ့ အတူ ပြင်ဆင်ထားတဲ့ အနီရောင် အခင်းအကျင်းက ကံကောင်းခြင်းကို ပေးစွမ်းစေနိုင်တယ်ဆိုတဲ့ တရုတ်လူမျိုးတွေရဲ့ အယူအဆပါ။

မနေ့ကတော့ တရုတ်အယူအဆ အရ ဘိုးဘွားတွေကို  ဂါရ၀ပြုတဲ့နေ့ ဖြစ်တာကြောင့် တချို့ အိမ်တွေမှာ စားပွဲတွေ  ပြင်ဆင်ပြီး ဂါရ၀ ပြုကြသလို၊ တချို့ကတော့ ဘိုးဘွားတွေရဲ့ အရိုးပြာနဲ့ တရုတ်နတ်ရုပ်တွေ ထားရှိတဲ့ ဘုံကျောင်းတွေကို သွားရောက် ကန်တော့ကြပါတယ်။

“မနေ့က ကန်တော့တဲ့ နောက်ဆုံးရက်ပါ။ အဓိက ရက်ကြီးလို့လည်း ပြောလို့ရတယ်။ တချို့တွေက မအားလို့ ဟိုးအရင် ရက်တွေကတည်းက ကြိုကန်တော့ထားကြတယ်” လို့ ရန်ကုန် ဆိပ်ကမ်းသာလမ်းမှာနေတဲ့ မစမ်းစမ်းက ပြောပြပါတယ်။

စားပွဲတွေ ပြင်ဆင်ပြီး ဂါရဝပြုတာကိုတော့ မိသားတစုရဲ့ အကြီးဆုံးသားရဲ့ အိမ်မှာ ပြုလုပ်ရတာဖြစ်ပြီး အိမ်ခွဲနေတဲ့ မောင်နှမ အငယ်တွေက အစ်ကိုကြီးရဲ့ အိမ်ကို သွားရောက်စုရုန်း ကန်တော့ကြတဲ့ ထုံးစံလည်း ရှိပါတယ်။

တရုတ်တွေရဲ့ နှစ်ဆန်း ၁ ရက်နေ့ကတော့ ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကျရောက်ပါတယ်။ တရုတ်အယူအဆအရ ဒီနေ့မှာ ပိုက်ဆံမသုံးရ၊ အိမ်တံမြက်စည်းမလှည်းရဘူးလို့ ဆိုပါတယ်။

“ဒီနေ့က လျှောက်လည်တဲ့နေ့ဖြစ်ပြီး တရုတ်နဂါးအကတွေနဲ့ အစည်ကားဆုံးနေ့ပေါ့” လို့ မစမ်းစမ်းက ပြောပါတယ်။

ဗိုလ်ချုပ်လမ်းမ ပေါ်က အသစ်ဖွင့်လှစ်ထားတဲ့ Ruby Mart ရှေ့မှာ ယုန် ၂ ကောင်ထည့်ထားတဲ့ လှောင်အိမ်လေးတွေ၊ မီးပုံး နီနီလေးတွေ ရှိနေတဲ့အတွက် အရင်ရက်တွေက လူစည်ကားမှု နည်းနေတဲ့ ရှော့ပင်းစင်တာတွေကို လှုပ်ရှားစေတဲ့အချက် ဖြစ်ပါတယ်။

“တရုတ်တန်းက လမ်းတလျှောက်လုံးမှာ ဆိုင်ရှေ့မှာ ဖြစ်ဖြစ်၊ အိမ်ရှေ့မှာဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ တိုက်အိမ်၊ ကား စတဲ့ ပုံတွေကို စက္ကူလေးတွေနဲ့ လုပ်ပြီး ချထားတယ်။ နောက်ဆုံးနေ့ ကျရင် ဒီ စက္ကူ အရုပ်လေးတွေကို ဘုံကျောင်း ယူသွားပြီး မီးရှို့တာပေါ့။ တချို့ ဘုံကျောင်း ပတ်ပတ်လည်မှာလည်း အဲဒီလို စက္ကူ ရုပ်လေးတွေ လုပ်ပြီး ချထားတာ ရှိတယ်” လို့ ၂၉ လမ်းမှာ နေထိုင်တဲ့ တရုတ်အမျိုးသား တဦးက ရှင်းပြတယ်။

အဲဒီလို စက္ကူ ရုပ်ကလေးတွေ မီးရှို့လိုက်ရင် ဘ၀ကူးသွားပြီဖြစ်တဲ့ ဘိုးဘွားတွေက ပစ္စည်းဥစ္စာတွေ လက်ခံ ရရှိပြီး မဆင်းရဲတော့ဘူးလို့ တရုတ်တွေက ယုံကြည်ကြတယ်။ 

ကန်တော့ပွဲနေ့ လွန်မြောက်ပြီဖြစ်လို့ နှစ်သစ်ကူးတဲ့ ဒီနေ့ကစပြီး တရုတ်တန်း တလျှောက်ရောင်းချနေတဲ့ ဈေးဆိုင်တွေလည်း သိမ်းထားပြီး နဂါးအကတွေ၊ ပြိုင်ပွဲတွေဘက်ကို ဦးလှည့်နေကြပါပြီ။02_400
“ကန်တော့တဲ့ ပစ္စည်းတွေကတော့ အကုန်သိမ်းကုန်ကြပြီ။ ဒီနေ့က နယူးရီးယားနေ့ဆိုတော့ နဂါးလှည့်တယ်၊ ခြင်္သေ့ ခေါင်းတွေနဲ့ ကကြ၊ ပြိုင်ကြတယ်။ အားလုံး ပြိုင်ပွဲဘက်ကို လှည့်နေကြပြီ” လို့ အသက် ၂၉ လမ်းမှာနေတဲ့ တရုတ်အမျိုးသားက ပြောပြ ပါတယ်။

ဗိုလ်ချုပ်ဈေးရှေ့ အရင် လေဟာပြင်ဈေး နေရာမှာ အသစ်ဆောက်ထားတဲ့ City Center အားကစားရုံမှာလည်း နဂါး အက အလှပြပွဲတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၄ ရက်နေ့ အထိ ကျင်းပနေပါတယ်။

“နဂါးအက က အနည်းဆုံး ၂ ယောက်ကတာ ရှိတယ်။ နဂါးခေါင်းကိုင် ၁ ယောက်ရယ်၊ အမြီးကိုင်တာ ၁ ယောက်ရယ်။ ဘုံ ကျောင်းမှာ လိုက်ကတဲ့ နဂါးကတော့ အသေးဆုံးတောင် ၁၂ ယောက်နဲ့ ကရတာ။ နဂါးပိုရှည်လေ အယူအရ ပိုပြီး ကောင်းလေ ပဲ။ စည်းချက်ကျပြီး အချိုးကျဖို့ ကြိုတိုက်ထားကြတာ များတယ်” လို့ လသာမြို့နယ်မှာရှိတဲ့ တရုတ်ဘုံကျောင်းတကျောင်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒီလို နဂါးအက လာရောက်ကသွားတဲ့ နေအိမ်ဟာ တနှစ်တာလုံး လာဘ် ၀င်ရောက်မှု များပြားစေတယ်လို့ အယူရှိတဲ့အတွက် နဂါးအက လာရောက်ကပြတာကို နှစ်နှစ်သက်သက် လက်ခံကြိုဆိုကြပါတယ်။

“ဒီနှစ်က အိမ်တွေ၊ ကုမ္ပဏီတွေထက် ဘုံကျောင်းတွေမှာ ကတာပိုများတယ်။ နောက်ပြီး လမ်းတွေမှာ လှည့်ကတယ်။ နဂါးအက ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ကြတာလည်း ပိုများတယ်” လို့ နဂါးအကမှာ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။

ရန်ကုန် တရုတ်တန်းက ၆ ကြိမ်မြောက် တရုတ်ရိုးရာ နဂါးအက ပြိုင်ပွဲလည်း စတင် ကျင်းပနေပါပြီ။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဆု ချီးမြှင့်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။

“နဂါးရော၊ ခြင်္သေ့ ရော အကပြိုင်ကြတာ။ အသင်းသီးသန့်အနေနဲ့ ၁၇ သင်း ရှိတယ်။ ဒီအတိုင်း လိုက်ကတဲ့ အဖွဲ့အနေနဲ့ ကတော့ ၁၀၀ ကျော်ရှိတယ်” လို့ အကပြိုင်ပွဲ ကျင်းပရေးမှာ တာဝန်ရှိတဲ့သူ တဦးက ပြောပါတယ်။

ရန်ကုန်မှာတော့ နဂါးအကနဲ့ ပတ်သက်လို့ မိုးနဂါး၊ ပုလဲနက်၊ Globel Lion၊ ဝူးတိလုံး၊ YSL နဲ့ ESL ဆိုပြီး နာမည်ကြီး အသင်း ၆ သင်းရှိပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်က နဂါးအက ပြိုင်ပွဲကို စဥ့်အိုးတန်းလမ်းအပြင် Capital Super Market၊ City Center၊ ၁၇ လမ်း ကျောက်ကျောဆိုင်နဲ့ ရွှေသံလွင် ကုမ္ပဏီတို့ကလည်း အကြီးအကျယ် ကျင်းပကြပါတယ်။

တရုတ်ရိုးရာ နဂါးကပွဲ၊ နဂါးအကပြိုင်ပွဲတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက နားလည်မှုနဲ့ ခွင့်ပြုထားပေမယ့်လည်း တာဝန် ခံတဲ့သူက လုံခြုံရေးအတွက် အပြည့်အ၀ တာဝန်ယူမှ ပွဲကျင်းပခွင့် ရမယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်စဉ် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရက်တွေမှာ မဟာဗန္ဓုလ လမ်းမကြီးပေါ်က သံဈေးနေရာကနေ စတင်ပြီး လသာအထိ ကားလမ်းတွေကို ပိတ်ပြီး ဈေးရောင်းခွင့်ပေးခဲ့တဲ့ ၂၄ နာရီ ဈေးရောင်းပွဲကို ဒီနှစ်မှာတော့ လုံခြုံရေးအရ အာဏာ ပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။

03_400“အုပ်ချုပ်ရေး အပြောင်းအလဲ ဆိုင်ရာတွေရှိတော့ ရန်ကုန် အခြေအနေက အကုန် အေးနေတယ်။ အရင်နှစ်တွေဆို ရှော့ပင်း စင်တာ တွေမှာ နှစ်သစ်ကူးပွဲ နီးရင် ရှုပ်ရှက်ခတ်နေတာ။ အခုတော့ ပရိုမိုးရှင်းပွဲတွေ လုပ်ပြီး ရှော့ပင်းစင်တာ လူဝင်အောင် လုပ်နေရတယ်” လို့ ရှော့ပင်းစင်တာကြီးတခုမှာ အရောင်းဝန်ထမ်းအလုပ် လုပ်သူတဦးက ပြောပါတယ်။

ဒါပေမယ့် လသာမြို့နယ် တရုတ်တန်းနဲ့ နီးတဲ့ Junction (မော်တင်) နဲ့ တရုတ်တန်း တောက်လျှောက်မှာတော့ ဈေးရောင်း ဈေးဝယ်တွေနဲ့ အရင်နေ့တွေက တော်တော်လေး စည်ကားခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူး ပွဲတော်နေ့မှာ နာမည်ကြီးဟိုတယ် ကြီးတွေက ခါတိုင်းလို စင်တင်တေးဂီတပွဲတွေ ပြုလုပ်ခွင့် မရတာကြောင့် ရန်ကုန် တရုတ်နှစ်သစ်ကူးပွဲဟာ ထင်သလောက် မစည်ကားတာ ဖြစ်တယ်လို့ သိရပါတယ်။

“အရင်ဆို တရုတ် နှစ်သစ်ကူး မတိုင်ခင်ကတည်းက စည်နေပြီ။ နဂါး ကတာတွေရော၊ တရုတ်မုန့်တွေ ရောင်းတဲ့ ဈေးသည် တွေရော ပြည့်နေတာပဲ။ ဒီနှစ်က ဈေးသည်တွေလည်း နည်းသွားတယ်၊ နဂါးကတဲ့ အဖွဲ့တွေလည်း လျော့သွားတယ်” လို့ ကျောက်မြောင်းမြို့မှာ နေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။

အရင်နှစ်တွေကလောက် မစည်ကားပေမယ့် တရုတ်ဘုံကျောင်းတွေရဲ့ ပတ်ဝန်းကျင်နဲ့ တရုတ် လူမျိုးတွေ နေထိုင်ရာ အိမ်တွေမှာတော့ အစီအရီ ချိတ်ထားတဲ့ မီးပုံးနီနီတွေက ကြိုဆို နေဆဲပဲ ဖြစ်ပါတယ်။

“ကံမကောင်းတာတွေကို ဖယ်သွား၊ ခွာသွားအောင် မီးရှုး မီးပန်းတွေ ဖောက်ကြတယ်။ များသောအားဖြင့် ဘုံကျောင်းမှာ ဖောက်ပေမယ့် ကိုယ့်အိမ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို မကောင်းတာတွေ ဖယ်ဖို့ အယူနဲ့ ဖောက်ကြတာပါ” လို့ ဘုံကျောင်း တာဝန်ရှိသူ တဦးက ပြောပြပါတယ်။

တရုတ် လူမျိုးတွေဟာ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ရောက်ရှိ နေထိုင်နေကြပြီး သူတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော် ကာလမှာ နီးစပ်ရာ တရုတ် ဘုံကျောင်းတွေကို သွားရောက် စုဝေးကြလေ့ရှိပါတယ်။ တနှစ်ပတ်လုံး မဆုံတွေ့ ဖြစ်ကြတဲ့ မိတ်ဆွေတွေနဲ့အတူ တရုတ်ရိုးရာ စားသောက်ဖွယ်ရာတွေကို ချက်ပြုတ် စားသောက်ပြီး နှစ်သစ်ကူးကို ကြိုဆိုကြတာပါ။

တရုတ် ရိုးရာယဉ်ကျေးမှုမှာ တွေ့ရတဲ့ တိရစ္ဆာန်အရုပ်တွေထဲက ဒီနှစ်အတွက် အလှည့်ကျတာကတော့ သတ္တု ယုန် နှစ်ဖြစ်တယ်လို့ ဆေးကုန်သည် တရုတ်အမျိုးသားတဦးက ဆိုပါတယ်။

“ယုန်နှစ်ဆိုတော့ ကျနေတဲ့ စီးပွားရေး ကိစ္စတွေ ပြန်လည် ဦးမော့လာစေမယ့်နှစ်လို့ တရုတ်တွေက ယူဆတယ်” လို့သူက ပြောပါတယ်။ 

တရုတ်ဗေဒင်အရ ကျားနှစ်ဖြစ်တဲ့ ၂၀၁၀ တုန်းကတော့ ကျားတို့ရဲ့ သဘော သဘာဝအရ သွေးထွက် သံယိုဖြစ်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ ဆူပူ အုံကြွမှု၊ စစ်ရေး ပဋိပက္ခ၊ အစိုးရအပြောင်းအလဲ စတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုတဲ့အတိုင်း ကိုရီးယားနိုင်ငံချင်း ပစ်ခတ်မှုတွေ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေ မနှစ်က ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း အစိုးရ အပြောင်းအလဲ ကိစ္စ၊ ရွေးကောက်ပွဲ စတာတွေ ဖြစ်ခဲ့ပါတယ်။

တရုတ်ရိုးရာအရ နှစ်သစ်ကူး ကျင်းပရက်ကို ၉ ရက် သတ်မှတ်ထားတဲ့အတွက် နှစ်သစ်ကူး နောက်ဆုံးရက်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ဟာ ရန်ကုန်မြို့ ကုက္ကိုင်းက ဘုံကျောင်း ဘုရားပွဲရှိပါတယ်။ အဲဒီနေ့မှာတော့ ရန်ကုန်က တရုတ်လူမျိုးတွေဟာ ၈ ရက်နေ့မတိုင်ခင် ည သန်းခေါင်ကတည်းက သွားရောက် ရှိခိုး ကန်တော့ကြတယ်လို့ သိရပါတယ်။