အေးနေသော မန္တလေး ကျောက်စိမ်းဈေးကွက်

Thursday, 24 February 2011 16:47 ဆောင်းပါး
Print
မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းရှေ့ရှိ လမ်းမပေါ်တွင် ပီနံအိတ်တခု ခင်းပြီး ကျောက်အရိုင်းတုံးများ၊ ဖြတ်စများ၊ ကျောက်စိမ်း အကာသားများ၊ ကျောက်ဒိုးပြားများကို ချပုံထားပြီး၊ တပုံလျှင် ၁၀၀၀ ကျပ်၊ ၅၀၀ ကျပ် စသည်ဖြင့် ရောင်းနေသော ကျောက်ကုန်သည် မဦးက အရောင်းအ၀ယ် မဖြစ်သည့်အတွက် စိတ်ပျက်နေကြောင်း ပြောသည်။

MDY-Jade-24-11-01“ကျောက်အရိုင်းတုံး ရောင်းတဲ့သူတွေရော၊ ပစ္စည်းကောင်း ကိုင်တဲ့သူတွေရော ဘယ်သူမှ အရောင်းအ၀ယ် မဖြစ်ဘူး။ ကျမဆို ဈေးဦး မပေါက်တာ ၁ ပတ်လောက်တောင် ရှိနေပြီ” ဟု မဦးက ညည်းသည်။

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း အပြင်ဘက်ရှိ လမ်းဘေးတွင် ကျောက်များအား မြေပေါ် ပုံရောင်းသူများ၊ ရောင်းဝယ်ရေးစခန်းအတွင်း ဆိုင်ခန်းဖြင့် ရောင်းသူများ၊ စခန်းတွင် တနိုင်တပိုင် လှည့်ရောင်းသူများပါမကျန် အရောင်းအ၀ယ်မဖြစ်ဘဲ ပါးလျက်ရှိကြောင်း သိရှိရသည်။

မန္တလေး ကျောက်စိမ်းဈေးကွက်သို့ ဖားကန့်မှ ကျောက်များ အဓိက ဝင်ပြီး ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဈေးကွက်တွင် တရုတ်လူမျိုးများစွာ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိသောကြောင့် ကျောက်ဈေးကွက်မှာ တရုတ်လူမျိုးများ၏ ၀ယ်လိုအားပေါ်တွင် မူတည်နေကြောင်း သိရှိရသည်။

ကျောက်မျက် ဈေးကွက်သည် တရုတ်လူများ၏ ဝယ်လိုအားနှင့် ဆက်စပ်နေသောကြောင့် တရုတ်နှစ်သစ်ကူးရာသီ နီးလာသည့်အချိန်မှစ၍ ဈေးကွက်အေးသွားလေ့ရှိကြောင်း၊ ယင်းနောက် အဆိုပါ ဈေးကွက်မှာ မြန်မာနှစ်သစ်ကူးကာလ သင်္ကြန်ပွဲတော်ရာသီနှင့် တဆက်တည်း ဖြစ်သွားကာ သင်္ကြန်ပြီးနောက်ပိုင်းရောက်မှသာ ဈေးကွက် ပြန်လည်ကောင်းလာလေ့ရှိကြောင်းလည်း မန္တလေး ကျောက်ကုန်သည်များက ပြောသည်။

“ဒီရက်ပိုင်း ကျောက်စိမ်းဈေးကွက်က တော်တော်လေး အေးနေပါတယ်။ အရောင်းအဝယ် မဖြစ်သလောက်ပဲ။ ရှားရှားပါးပါး အရောင်းအဝယ်ဖြစ်ပြီဆိုလည်း ပေးတဲ့ဈေးက ကာလတန်ဖိုးထက်ကို နည်းနေတော့ အဆင်မပြေကြဘူး” ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းမှ ကျောက်ကုန်သည်တဦးက ပြောသည်။

တရုတ်နှစ်သစ်ကူးပြီးကာစ ဖြစ်နေခြင်း၊ ကျောက်ဝိုင်းအတွင်းရှိ တရုတ်လူမျိုး အများစုနှင့် တချို့သောကုန်သည်များ၊ ပွဲစားများသည် ပွဲတော်ရက်တွင် အလုပ်မဆင်းတော့သောကြောင့် ဝိုင်းအတွင်း လာရောက် အလုပ်လုပ်ကိုင်သူ နည်းပါးလျက်ရှိပြီး အရောင်းအဝယ် အေးလာရခြင်းဖြစ်ကြောင်း၊ အစိုးရက ဦးစီးပြုလုပ်နေသော အရောင်းပြပွဲများ၏ ရိုက်ခတ်မှုလည်း ပါဝင်ကြောင်း မန္တလေး ကျောက်ကုန်သည်များထံမှ သိရသည်။

“အစိုးရက ပြပွဲရောင်းချပွဲကို တနှစ်မှာ သုံး လေးကြိမ်လောက်ပြုလုပ်နေတဲ့အတွက် ကျနော်တို့လို အရင်းနှီးနည်းနည်းနဲ့ လုပ်နေတဲ့သူတွေကို ထိခိုက်ကုန်ပါတယ်။  ပြပွဲမှာ ကုမ္ပဏီတွေ ဈေးနှုန်းတွေလည်း စွတ်တင်တော့ မြင့်ကုန်ပြီး ကျောက်ကောင်းဆိုရင် အရင်လို ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေ မ၀ယ်နိုင်ကြတော့ဘူး။ တရုတ်တွေပဲ ၀ယ်နိုင်တဲ့ ဈေးတွေ ဖြစ်ကုန်တယ်။ ဈေးကွက်ကလည်း တရုတ်တွေပေါ်မှာပဲ လုံးဝကို မှီခိုသွားရတဲ့ အနေအထားကို ဖြစ်နေတယ်” ဟု မန္တလေးမှ ကျောက်ကုန်သည်တဦးက ပြောသည်။

မန္တလေးကျောက်ဝိုင်းသည် အထက်မြန်မာပြည်တခုလုံးတွင် ထင်ရှားသော ကျောက်မျက်ဈေးကွက်ဖြစ်ပြီး တိုင်းရင်းသားတချို့နှင့်
တရုတ်ဝယ်လက် အများဆုံး ၀င်ရောက်ဝယ်ယူသော ဈေးကွက်ဖြစ်ကြောင်း သိရှိရသည်။ တိုင်းရင်းသားများထဲမှ ကိုးကန့်နှင့် “ဝ” တို့က တရုတ်လူမျိုးများကဲ့သို့ပင် ကျောက်စိမ်းကို တန်ဖိုးထားကြကြောင်း၊ ကိုယ်ပိုင် ဝယ်ယူခြင်းအပြင် တရုတ်ပြည်သို့လည်း သွားရောက် ရောင်းချကြောင်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေး ကျောက်စိမ်းဈေကွက်၌ နိုင်ငံခြားဧည့်သည်များ ၀ယ်ယူမှုဈေးကွက်မှာလည်း ယခင်နှစ်များကထက် အရောင်းပါးကာ ဈေးကွက် အေးနေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ဈေးအတွင်းရှိ ကျောက်မျက်အရောင်းဆိုင်တချို့မှာ နိုင်ငံခြားဧည့်သည်များရှိသော ဟိုတယ်များသို့ ကိုယ်တိုင်သွားရောက်၍ ဝယ်သူရှိမည့်နေရာ သွားရောက် ရောင်းချသောစနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်ဈေး ကျောက်မျက်ပစ္စည်းဆိုင်တဆိုင်မှ ဆိုင်ရှင်တဦးက အရောင်းအ၀ယ် ပုံစံပြောင်းလာခြင်းနှင့် ပတ်သက်၍ “အခုမြင်တဲ့အတိုင်းပဲ ဆိုင်တွေအားလုံးနီးပါး ထိုင်နေရတယ်။ တချို့ဆိုင်တွေကျတော့ ဟိုတယ်ကိုသွားပြီး နိုင်ငံခြားသားဧည့်သည်တွေကို ရောင်းချနေတဲ့ပုံစံတွေကို ကျင့်သုံးနေကြတယ်။ အဲဒီလိုလုပ်တော့ ပစ္စည်းတွေကလည်း တန်ကြေးကြီးတဲ့ပစ္စည်းတွေ လုပ်တာပိုများတယ်။ ဆိုင်မှာထိုင်ပြီး ရောင်းတဲ့သူတွေထက် သူတို့ပိုပြီး အလုပ်ဖြစ်တယ်။ တချို့ကျတော့ အစိုးရလုပ်တဲ့ ပွဲတွေမှာပဲ ရောင်းတော့တယ်။ အဲဒီမှာက ဈေးတင်လို့ ပိုကောင်းတယ်” ဟု ပြောပြသည်။

MDY-Jade-24-11-02အစိုးရက ပြုလုပ်ကျင်းပနေသောပြပွဲသို့ လာရောက်ဝယ်ယူသူများတွင် ပြည်တွင်းဝယ်လက်များထက် ပြည်ပမှ ၀ယ်လက်များကြောင်း၊ လာရောက်ဝယ်ယူခဲ့သည့် နိုင်ငံခြားသားများတွင် ကျောက်စိမ်းကို အသုံးအဆောင်ပစ္စည်းအဖြစ် အသုံးပြုလေ့ရှိသည့် တရုတ်လူမျိုး အများဆုံးဖြစ်ကြောင်း သိရသည်။

တရုတ်လူမျိုးများအပြင် ဥရောပနှင့် အမေရိကန်နိုင်ငံများမှ ၀ယ်ယူသူများလည်း လာရောက်ခဲ့ကြောင်းနှင့် ၀ယ်ယူသူများမှာ အချောထည် ကျောက်မျက်ရတနာများထက် အရိုင်းတုံးများ ၀ယ်ယူရန် ပိုမို စိတ်ဝင်စားကြောင်း သိရှိရသည်။

ကျောက်စိမ်းဈေးကွက် တခုလုံးကို ခြုံကြည့်ပါက မြန်မာ့ကျောက်စိမ်းအား အများဆုံး ၀ယ်ယူအားပေးနေကြသည်မှာ တရုတ် လူမျိုးများသာဖြစ်ကြောင်း၊ မြန်မာ့ကျောက်စိမ်း အရည်ကောင်းတို့ကိုလည်း  တရုတ်လူမျိုးများကသာ  ပိုင်ဆိုင်သွားကြကြောင်း ကျောက်မျက်ကုမ္ပဏီတခုမှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းဈေးကွက်တွင် အဖြူရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အမဲရောင်၊ အပြာရောင်နှင့် တခြားအရောင်များလည်း ရှိပြီး အစိမ်းရောင်မှာ ဈေးအရဆုံးဖြစ်ကြောင်း သိရှိရကာ အဓိက၀ယ်လက်များမှာ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သူဌေးများ အ၀ယ်များဆုံးဖြစ်ကြောင်း သိရှိရသည်။

အစိုးရက ပြုလုပ်ကျင်းပသော ကျောက်မျက်ရတနာ ရောင်းပွဲများတွင် အဓိက ပါဝင်ရောင်းချနေကြသည်မှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ တိုင်းရင်းသား စီးပွားရေးပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးနှင့် အကျိုးတူပူးပေါင်းသော ကုမ္မဏီများ၊ ပြည်တွင်း ကျောက်မျက်ရတနာဆိုင်များ
ဖြစ်ပြီး ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။