တချိန်တုန်းက တန်ဆောင်တိုင်

မြန်မာပြည်ရဲ့ ဆယ့်နှစ်လရာသီ ပျော်ပွဲရွှင်ပွဲတွေထဲမှာ ကျနော်တို့ ငယ်စဉ်က ရန်ကုန် လမ်းမတော်မြို့နယ် တန်ဆောင် ပွဲတော် ဟာ အစည်ကားဆုံးနဲ့ ပျော်စရာအကောင်းဆုံးတခုထဲမှာ ပါဝင်ခဲ့ပါတယ်။

အခုအချိန်ဆိုရင် မြန်မာပြည်မှာ တန်ဆောင်တိုင် ပွဲတော်ရာသီ စ နေလောက်ပါပြီ။

စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် စတဲ့မြို့နယ်တွေမှာ သီတင်းကျွတ်ပွဲပြီးတာနဲ့တပြိုင်နက် ချား ရဟတ် တွေ၊ မုန့်ဈေးတန်းတွေဟာ ကျနော်တို့ လမ်းမတော်မြို့နယ်ကို တန်ဆောင်တိုင်ပွဲမတိုင်မီ စတင် ရောက်ရှိ လာကြပါတယ်။ ကျုံးကြီးလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား အထက်မော်တင်လမ်းမကြီးမှာလည်း မုန့် ဈေးတန်းတွေ၊ ချားရဟတ်တွေနဲ့ ပွဲဈေးကြီး ဖြစ်နေတတ်ပါတယ်။

လမ်းမတော်မြို့နယ် တန်ဆောင်တိုင်ပွဲကို (၃)ရက်ကျင်းပလေ့ရှိပါသည်။ အဖိတ်နေ့၊ တန်ဆောင်မုန်းလပြည့် နဲ့ လပြည့်ကျော်(၁)ရက်နေ့တို့ဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အိမ်တိုင်း လမ်းတိုင်း မီးတွေ ထွန်းကြပါတယ်။ လမ်းတိုင်းလမ်းတိုင်းမှာ ကထိန်ခင်းကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ လုပ်ကြပါတယ်။ ညနေ ၆ နာရီက စပြီး ကီလီလမ်းက လမ်းမတော်လမ်း အထိကားတွေ သွားလာလို့ မရတော့ပါ။

လမ်းတွေ ပိတ်ထားရပါတယ်။ လမ်းထိပ်တိုင်းမှာ ဇာတ်စင်ငယ်လေးတွေ ထိုးကြပြီး လူငယ်လေးတွေ က တေးသရုပ်ဖော်တွေ၊ ဟာသဇာတ်လမ်းတိုလေးတွေနဲ့ ဖျော်ဖြေကြပါတယ်။ ကျနော်တို့ ကလေးဘ၀ အချိန် တုန်းက ရုပ်သေဇာတ် သရုပ်ဖော်တွေ လုပ်ကြတယ်လို့ လူကြီးတွေကပြောကြတယ်။

ရုပ်သေဇာတ် သရုပ်ဖော်ဆိုတာက ဥပမာ ဥမ္မာဒါနီ မိဖုရားကြီးက သိဝိမင်း လှည့်လည်တဲ့အချိန်မှာ လေသာ ပြတင်းကနေပန်းကြဲတာမျိုး။ လေသာဆောင်မှာ မိဖုရားက ပန်းဖလားကြီးကိုင်ထားပြီး အောက်မှာ သိဝိမင်း က ဆင်ပေါ်ကနေမော့ကြည့်နေတဲ့အခန်းမျိုး သရုပ်ဖော်တာ။ သရုပ်ဆောင်နှစ်ဦးစလုံးမလှုပ်မရှားနဲ့ ဒီအတိုင်း ဇာတ်စင်ပေါ်မှာ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာတယ်။ ချွေးပြိုက်ပြိုက်ထွက်ပြီး လူသေလိုတောင့်တောင့်ကြီး ဇာတ်စင်ပေါ်မှာနေရတာ။ သိပ်ပင်ပန်းပါတယ်။

ကျနော်တို့ဘက် ခေတ်ကြတော့ စတီရီယိုသီချင်းတွေစပေါ်တဲ့ ခေတ်ဖြစ်လာပြီ၊ သီချင်းဖွင့်ပြီးကတဲ့ ခေတ် ရောက်လာတယ်၊ မှတ်မိသလောက်က စိုးပိုင်၊ ဂျင်မီဂျက်(လားရှိုးသိန်းအောင်)၊ တက္ကသိုလ်အေးမောင်၊ နွဲ့ယဉ်ဝင်း၊ တင်မိုးခိုင် တို့ရဲ့တေးသရုပ်ဖော်သီချင်းတွေများပါတယ်၊ လမ်းထိပ်တိုင်းမှာလည်းဇာတ်စင် ရှိပြီး တော့၊ နာမည်တွေလည်း ပေးထားပါတယ်။ ကျုံးကြီးလမ်းတလျှောက် လမ်းမကြီးပေါ်မှာ ဇောက်ထိုးမိုးမျှော်၊ ကြုံလေဗုံပွေ စတဲ့နာမည်တွေဖြစ်ပါတယ်။

စတိတ်ရှိုး စင်တင်ဂီတတီးဝိုင်းတွေစတင်ခဲ့တဲ့အထဲမှာ လမ်းမတော်မြို့နယ်ကစတင်ခဲ့တဲ့အထဲမှာပါတယ် ဆိုရင်လည်း မမှားဘူးလို့ဆိုချင်ပါတယ်၊  မဟာဗန္ဓုလ လမ်းမကြီး။ လှည်းတန်းလမ်းထိပ်နဲ့ ၁၀ လမ်းထိပ်( ၈၈ အရေးတော်ပုံကာလက လူ့ဘောင်သစ်ဌာနချုပ်ရုံးရှေ့) ကြားမှာ ဇာတ်စင်တခုရှိခဲ့ပါတယ်၊ အဲဒီဇာတ်စင် ကြီး မှာ မြန်မာ့အသံကာလပေါ်တူရိယာတီးဝိုင်းအဖွဲ့နဲ့ ပလေးဘွိုင်။ L.P.J( ပလေးဘွိုင်အဖွဲ့ ကွဲပြီးနောက် ပေါ်လာ သောတီးဝိုင်း)။ အီလက်ထရွန်နစ်မရှင်း စတဲ့တီးဝိုင်းတွေဟာ နှစ်တိုင်း ဖျော်ဖြေကြပါတယ်၊ မြန်မာ့ အသံက အဆိုတော် တွေ စုံစုံလင်လင်နဲ့ စတီရီယိုအဆိုတော်တွေအကုန်နီးပါးလာရောက်ဖျော်ဖြေကြပါတယ်၊ အဲဒီ ဇာတ်စင်ကို မာဃ ဇာတ်စင်လို့ နာမည်ပေးတာကိုသိရပါတယ်၊ အဲဒီဇာတ်စင်ကုန်ကျငွေကိုလည်း ၉လမ်း တွင်းမှာရှိတဲ့ ငါးပိငါးခြောက်ပွဲရုံတွေနဲ့ လှည်းတန်း၊ ၁၀ လမ်း မှာနေတဲ့ သူတွေဆီက အလှူငွေကောက်ခံပြီး လုပ်ကြတာလို့ သိရပါတယ်။
နောက်တခုက လမ်းမတော်တန်ဆောင်တိုင်မှာ သမိုင်းဝင် တခုကတော့ (၁၃) လမ်း အောက်လမ်းမှာ ကာတွန်းပြပွဲတခုနှစ်စဉ်ရှိခဲ့ပါတယ်။ အဲဒီလမ်းကို ဦးဗဂျမ်းလမ်း (ကာတွန်းဗဂျမ်းလမ်း)လို့လည်းခေါ်ပါတယ်၊ ကာတွန်းဦးဗဂျမ်းကိုဂုဏ်ပြုတဲ့အနေနဲ့အမည်ပေးထားတာပါ။

ကာတွန်းတွေဆွဲထားတဲ့ မီးပုံးတွေကို အိမ်တိုင်းရဲ့ရှေ့မှာ မီးထွန်းညှိပြီး ပြသထားပါတယ်။ လူတွေတိုးမပေါက် အောင် စည်ကားပါတယ်။ ကုန်ဈေးနှုန်းတွေအကြောင်း။ ဘတ်စ်ကားတွေအကြောင်း။ မိန်းခလေးတွေရဲ့ ၀တ်ပုံ စားပုံးအကြောင်းတွေကို ဖော်ပြတဲ့ ခေတ် နဲ့ ပတ်သက်တဲ့သရော်ထားတဲ့ပုံလေးတွေကို ချိတ်ဆွဲတတ် ပါတယ်၊ တခါတလေ ပြသခွင့် အပိတ်ခံရတဲ့ ကာတွန်းပုံတွေလည်းရှိပါတယ်။

တန်ဆောင်တိုင်ပွဲတော် ကထိန်လှည့်တဲ့ပွဲထဲမှာ ကီလီဈေး ကထိန်လှည့်ပွဲဟာ ခမ်းနားကြီးကျယ်တဲ့အထဲ မှာပါပါတယ်၊ ကီလီဈေးအတွင်းမှာ သစ်သီးဒိုင်။ ငါးဒိုင်။ ဟင်းသီးဟင်းရွက်ဒိုင်။ အသားဒိုင်။ ရေခဲဒိုင် စသဖြင့် ဒိုင်တွေရှိပါတယ်။ ကထိန်ကာလမှာ ဒိုင်တဒိုင်နဲ့ တဒိုင်အပြိုင်အဆိုင် လုပ်ကြပါတယ်။ အလှူငွေတွေဟာ သိန်းချီရှိတတ်ပါတယ်။

၁၉၇၀ ကျော်ခုနှစ်တွေမှာ ငွေတသိန်းဟာတန်ဖိုးတော်တော်ရှိပါတယ်၊ ကထိန် လှည့်တဲ့ အခါမှာ အရုပ်ကြီး တွေနဲ့ တန်ဆာဆင်ထားတဲ့ ကားတန်းနဲ့ လှည့်တဲ့အထဲမှာပါတဲ့လူတန်းကြီးဟာ ကီလီလမ်းကစရင် ဘုန်းကြီး လမ်းအထိတောင် အတန်းက မပြတ်နိုင်သေးပါဘူး။

နောက်တခါ ခုနှစ်အတိအကျမမှတ်မိတဲ့ တန်ဆောင်တိုင်ပွဲတော်တစ်ခုမှာဖြစ်ပါတယ်။ စိတ်အထင်ကတော့ ၁၉၇၅ နဲ့ ၁၉၇၉ ကြား နှစ်တနှစ်ဖြစ်လိမ့်မယ်ထင်ပါတယ်၊ တန်ဆောင်တိုင်ပွဲတော်ရဲ့နောက်ဆုံးညမှာ ဘုန်းကြီးလမ်း အလယ်လမ်းမှာ စာပေဟောပြောပွဲ တခုလုပ်ပါတယ်။

ဟောပြောတဲ့ စာရေးဆရာတွေကတော့ သုမောင်(စာရေးဆရာနှင့်ရုပ်ရှင်သရုပ်ဆောင်)။ ချစ်ဦးညို။ ဦးသော်က။ ဆရာမကြီး စောမုံညှင်း။ အောင်ပြည့် (အယ်ဒီတာ၊ရုပ်ရှင်သရုပ်ဆောင်)။ စာရေးဆရာ မင်းကျော် (၈၈မျိုးဆက်ကျောင်းသား အံ့ဘွယ်ကျော် ဖခင်) တို့လောက်သာမှတ်မိပါတယ်။

အဲဒီမှာ ကျွန်တော်မှတ်မှတ်ရရ ဖြစ်တာကတော့ ဆရာချစ်ဦးညိုက လင်္ကာဒီပချစ်သူဝတ္တုထဲက ဒဿဂီရိ အကြောင်းကိုဟောပြောပါတယ်၊ ဆရာဦးမင်းကျော်က လူငယ်တွေနဲ့ ပတ်သက်ပြီး အသည်းကွဲတဲ့ အကြောင်း။ အဲဒီမှာ အဖြူဆိုတဲ့ အရက်ဖြူအကြောင်း။ အရက်ဖြူ က အရောင်ကဖြူစင်တယ်။ သန့်ရှင်း တယ်။ ဘာနဲ့ ရောရောရတယ်။ အချိန်မရွေးသောက် မူးတယ်။ သစ္စာရှိတယ်။ မိန်းမက သစ္စာမရှိဘူး။ ဖောက်ပြန်တတ်တယ် ဆိုတဲ့အကြောင်း ဟောပြောတာကိုမှတ်မိပါတယ်၊

ဆရာအောင်ပြည့်ဟောတာကတော့  ၁၉၆၂ ခုနှစ်ဟိုဘက်ပိုင်းနဲ့ ၁၉၆၂ ခုနှစ်ဒီဘက်ပိုင်းမှာ အိမ်ရှင်မများ ဈေးဝယ်တဲ့ ကိစ္စကိုပြောတာပါ၊ ၁၉၆၂ ခုနှစ်ဟိုဘက်ပိုင်းက အိမ်ရှင်မတစ်ဦးဟာ ဈေးဝယ်ရင် ပိုက်ဆံ (၂) ကျပ် ရှိရင် ဈေးခြင်းတောင်းအပြည့်။ နိုင်တောင်မနိုင်ဘူး။ ဒုက္ခများတယ်ဆိုတဲ့အကြောင်း။ ၁၉၆၂ ခုနှစ် ဒီဘက်ပိုင်းမှာအိမ်ရှင်မတစ်ဦးဈေးဝယ်ရင် ပိုက်ဆံ ၁၀၀ ရှိရင် ဈေးခြင်းတောင်းထဲမှာ ချောင်ချောင်ချိချိ ဖြစ်နေတဲ့အကြောင်း ။ အိမ်ရှင်မတွေဘယ်လောက်သက်သာတဲ့ အကြောင်းကို ဟောပြောတာပါ၊ နားထောင် တဲ့လူတွေဟာ အဲဒီညမှာ လက်ခုပ်လက်ဝါးတွေတီးပြီး ၀ိုင်းအားပေးလိုက်ကြတာ နောက်နေ့မှာ ဆရာ အောင်ပြည့် နဲ့ နောက်တစ်ယောက်ဖမ်းခံရ တယ်လို့ ကျနော် ကြားရပါတယ်၊ မမေ့နိုင်တဲ့ အဖြစ်ပျက်တစ်ခုပါ။

ဒီနေ့ ခေတ်မှာတော့ အဲဒီလို စာပေဟောပြောပွဲတွေ လုပ်ခွင့်မရတော့ ပါဘူး၊ စာပေလွတ်လပ်ခွင့်နဲ့အတူ ဆိတ်သုဉ်းကုန်ပါပြီ။

တန်ဆောင်တိုင်ရက် ၃ ရက်စလုံးဟာ ကျနော်တို့ အဖို့ ပျော်စရာတွေနဲ့ အတူ နေ့ နဲ့ ည မှားအိပ်ကြတဲ့ အချိန် ကာလလည်းဖြစ်ခဲ့ရပါတယ်။ ညတိုင်းမိုးလင်းခဲ့ပါတယ်။ တန်ဆောင်တိုင်နောက်ဆုံးညဆို ပွဲတွေက လည်း မိုးလင်းနီးပါးဖျော်ဖြေကြ ပါတယ်။

အခုနောက်ပိုင်းကာလ တန်ဆောင်တိုင်ပွဲကတော့ မုန့်ဈေးတန်းနဲ့ ဈေးရောင်းပွဲတွေလောက် သာရှိပါတော့ တယ်။

မှတ်ချက်။   ။ ဤဆောင်းပါးသည် ၁၉၇၀ ခုနှစ်ကျော်ကာလများနှင့် ၁၉၈၀ ခုနှစ်အစောပိုင်းကာလ တန်ဆောင်တိုင်ပွဲတော်များကို ရည်ညွန်းပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်