မုန်တိုင်းအလွန်...

နေရောင်ခြည် အလင်းရောင် ကွယ်ပျောက်လုနီးအချိန်တွင် အမွှေးနံ့သာများမွှေးကြိုင်စွာ လိမ်းခြယ်ထားပြီး အနက်ရောင် တီရှပ်၊ ဂျင်းဘောင်းဘီ အပြာရောင် ၀တ်ဆင်ထားသော မိန်းကလေးတဦးသည် ရှည်လျားသောလမ်းမကြီးဆီသို့ မျက်နှာမူရင်း တစုံတရာ ကို စောင့်မျှော်လျက်ရှိသည်။

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် တနှစ်ခွဲကျော် ကာလကတည်းက ယခုကဲ့သို့ ရန်ကုန်- လပွတ္တာ ကားလမ်းမ တဘက်တချက်ရှိ ခုန်တန်းလျားများပေါ်တွင် တစုံတခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ သူ့အတွက် ပုံမှန်အလုပ်တခု ဖြစ်ခဲ့သည်။ “အိမ်မှာ ထမင်းစားဖို့စောင့်နေတဲ့ မိသားစုမျက်နှာကြောင့် ဒီအလုပ်ကိုလုပ်မိတာ၊ စားဖို့အတွက် ခန္ဓာကိုယ်နဲ့ရင်းပြီး ပိုက်ဆံရှာဖြစ် ခဲ့တာပဲ”ဟု ရီဝေသော မျက်လုံးများထဲမှ လိမ့်ကျလာသည့် မျက်ရည်စများကို လက်ကိုင်ပ၀ါနှင့် သုတ်ရင်း အသက် ၁၉ နှစ်အရွယ် ဒါဒါက ပြောပြသည်။

စားဝတ်နေရေး အခက်အခဲများအတွက် လိင်အလုပ်သမ ဘဝကို ခံယူခဲ့ရသည့် ဒါဒါ၏ ဘခင်မှာ တံငါသည် တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရသည်။ အရွယ်မရောက်သေးသော မောင်နှမများ၏ အနာဂတ် အတွက် သူ့ အနာဂတ်ကို စတေးခဲ့ရသည်ဟု ဒါဒါကပြောရင်း သူတို့ရွာက တခြားမိန်းကလေးများပါ သူ့လို လိင်အလုပ်သမ ဖြစ်လာကြပုံကို ဆက်ပြောပြသည်။

nargis
“ကျမ ဒီအလုပ်လုပ်တာ နေ့စဉ် ၀င်ငွေရှိလာတော့ ရွာက သူငယ်ချင်းတယောက်လည်း အတူလာလုပ်နေတယ်၊ အိမ်က ညီမလေး ကလည်း သူကြီးလာရင် မမနဲ့ အလုပ်အတူ လိုက်လုပ်မယ်လို့ ပြောတယ်၊ အဲဒါမှ ထမင်းနေ့တိုင်းစားရမှာလို့ ပြောတယ်”ဟု ဒါဒါက ဆိုသည်။

မုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် အဆိုပါ လပွတ္တာမြို့အ၀င်ဝရှိ အသစ်တိုးချဲ့ တည်ဆောက်နေသော သုံးမိုင်မြို့သစ်အနီးတွင် လိင်အလုပ်သမ မိန်းကလေးများစွာ အခြေချလာကြသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် မုန်တိုင်းပြင်းထန်သည့် ဧရာဝတီတိုင်း အတွင်းရှိ လူဦးရေ ၇ သန်းရှိသည့်အနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေပျောက်ဆုံးခဲ့ရသည်။ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့်ပျက်စီးခဲ့သည်ဟု စာရင်းဇယားများအရ သိရသည်။

အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း နာလန်မထူနိုင်သေးသည့် အပြင် စားဝတ်နေရေး ခက်ခဲနေကြဆဲ ဖြစ်သည်။

အသက်မသေဘဲ ကျန်ရှိသူများသည် စားဝတ်နေရေး အခက်အခဲများကြောင့် ၀င်ငွေရနိုင်သော မည်သည့် အလုပ်ကိုမဆို လုပ်ကိုင်ရန် ၀န်မလေးကြတော့ကြောင်း လပွတ္တာမြို့နယ် စစ်တွဲကျေးရွာနေ မသီတာက ပြောသည်။

“သုံးမိုင်မြို့သစ်မှာ အုတ်သယ်တဲ့ အလုပ် လာလုပ်ရင်းက အဆင်မပြေတာနဲ့ ဒီနားက အနှိပ်ခန်းမှာ အလုပ်လုပ်ဖြစ်သွားတယ်”ဟု  အသက် ၂၄ နှစ်အရွယ် မသီတာ(အမည်ရင်း မဟုတ်) က ၀ါးလက်စ ကွမ်းယာကို ထွေးထုတ်ရင်းဆိုသည်။

မုန်တိုင်းကြောင့် မိသားစုများသေဆုံးကာ နေထိုင်စားသောက်ရန် အခက်အခဲဖြစ်နေသည့်အတွက် မုဆိုးဖိုတဦးနှင့် ပေါင်းသင်းခဲ့ရပြီး ၎င်းအမျိုးသား၏ နှိပ်စက်မှုများစွာလည်း ခံစားခဲ့ရကြောင်း မသီတာကပြောသည်။

“အားကိုးမရှိလို့ ယူမိတာ၊ သူ့ကို ပင်ပင်ပန်းပန်း ပြန်ရှာကျွေးနေရတယ်၊ ဒါကြောင့် မထူးဇာတ်ခင်းလိုက်တော့တယ်၊ စလုပ်လုပ်ချင်း တောသူတွေ ဆိုတော့ ဒီလိုအလုပ်လုပ်ရတော့ ရှက်တာ မပြောပါနဲ့၊ ဘယ်လုပ်ချင်မလဲနော်” ဟု သူက ဆက်ပြောသည်။

အဆိုပါ သုံးမိုင်မြို့သစ်တွင် ကာရာအိုကေ၊ အနှိပ်ခန်းများ ယခင်ထက် ပို၍ ဖွင့်လှစ်လာသောကြောင့် အလုပ်အကိုင်ရှားပါးပြီး ငွေကြေးလိုအပ်မှုကြီးမားလာသော မိန်းကလေးအများစုအတွက် ရွေးချယ်ခွင့်တခု ဖြစ်လာခဲ့သည်။

“လက်တွေ အသားမာတက်အောင် ရှာတဲ့ အလုပ်တွေမှ အဆင်မပြေတာ၊ မကောင်းတဲ့ မိန်းမဆိုတဲ့ နာမည်ကြီးကို ဘယ် ယူချင်မလဲ” ဟု မသီတာကပြောရင်း အမျိုးသား ၂ ဦးမောင်းနှင်လာသော ဆိုင်ကယ်ရှိရာသို့ ထွက်ခွာသွားသည်။

လပွတ္တာမြို့အ၀င်တွင် လိင်အလုပ်သမ အဖြစ် လုပ်ကိုင်နေသော မိန်းကလေးများသည် ငွေကျပ် ထောင်ဂဏန်း ၀န်းကျင် ရရှိရန်အတွက်ပင် ၎င်းတို့ ခန္ဓာကိုယ်ကို အရင်းပြုနေရသည်ဟု ဒါဒါက ဆိုသည်။

“ငွေ ၅၀၀၀ ရဖို့ ယောက်ျား တယောက်နဲ့ နေပေးရတယ်” ဟု ဒါဒါကပြောသည်။ သို့ရာတွင် သူ့အတွက် ငွေ ၅၀၀၀ ပေးမည့်သူကို ၃ နာရီကျော်ကြာ စောင့်နေရသော်လည်း ရောက်မလာသေးပေ။

မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများနှင့် လပွတ္တာခရိုင်မှာ ပိုမိုစည်ကား ခေတ်မီလာခဲ့ပြီး ငွေကြေးတောင့်တင်းသူ တချို့က အမျိုးသမီး စားပွဲထိုးများပါသော အရက်ဆိုင်၊ ကာရာအိုကေနှင့် အနှိပ်ခန်းများ ဖွင့်လာကြတော့သည်။

“အရင်က ဒီမှာအနှိပ်ခန်းတွေ၊ ကာရာအိုကေတွေ မရှိတော့ ဒီလို အလုပ်မျိုးလုပ်တဲ့ မိန်းကလေးလည်း နည်းပါတယ်၊ အခု ကျနော်တို့မြို့မှာ အဲဒါတွေ ရှိလာတော့ ပိုများလာတယ်၊ သူတို့ရှိနေတဲ့ နေရာတခု သတ်မှတ်ထားပေးသလိုဖြစ်လာတယ်၊ ရန်ကုန်မှာ လောက်တော့ ပိုက်ဆံဘယ်ရမလဲ” ဟု လပွတ္တာမြို့ပေါ်ရှိ ကုန်သည်တဦးကပြောသည်။

မုန်တိုင်း အလွန် ၂ နှစ်တာ အတွင်း လပွတ္တာ ခရိုင်အတွင်းရှိ ကျေးရွာများတွင် အလုပ်အကိုင် ရှားပါးလာကာ နေ့စဉ် စားဝတ်နေရေး အတွက် ခက်ခဲလာသောကြောင့် လယ်ယာလုပ်ကိုင်သူများမှာ လယ်ကိုစွန့်ခဲ့ရပြီး ရေလုပ်ငန်းလုပ်ကိုင်သူများ မှာလည်း ပိုက်ကွန်ကိုစွန့်ကာ နေ့စဉ်စားသောက်နေထိုင်ရန်အတွက် ကြုံရာကျပန်း အလုပ်များ လုပ်ကိုင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာမှာ စားဖို့ အရမ်းခက်ခဲနေကြတာ၊ ကျမ ဒီအလုပ်လုပ်တာတောင် ကလေးတွေ ၀၀လင်လင်မစားရဘူး၊ ကျောင်းလည်း မနေနိုင်ကြဘူး၊ ဒါကြောင့် ဒီအလုပ်ကို မစွန့်နိုင်ဖြစ်နေရတာ”ဟု ဒါဒါက ဆိုသည်။

ယင်း အလုပ်ကို လုပ်ကိုင်သည့်အတွက် ရွာရှိဆွေမျိုးသားချင်းများ၏ ပြောဆိုရိုက်နှက်မှုများစွာခံရသည့်အပြင် နေအိမ်မှ မောင်းထုတ်ခံရသောအကြိမ်ပေါင်းများစွာခံခဲ့ရသော်လည်း မွေးရပ်မြေလပွတ္တာသို့ မကြာခဏပြန်ဖြစ်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ အနှိပ်ခန်းတခုတွင်အလုပ်လုပ်ကိုင်နေသော အသက်၁၇နှစ်အရွယ် အေးမိုးကပြောသည်။

“အနှိပ်ခန်းထက် ပိုက်ဆံပိုရလို့ ဒီအလုပ်ပြောင်းလုပ်တာ ရွာကအမျိုးတွေသိသွားတော့ အိမ်ပေါ်ကနှင်ချတယ်လေ၊ ဆင်းရဲပြီး မစားနိုင်မသောက်နိုင်ဘ၀ကို မနေနိုင်လို့မြို့တက်ပြီး ဒီအလုပ်လုပ်ဖြစ်တာ၊ မုန်တိုင်းတိုက်ပြီးတော့ ရွာကမိန်းကလေးတွေ ဒီလိုနေရာတွေမှာအလုပ်လာလုပ်ကြတယ်”ဟု လက်နှစ်ဘက်ကိုသုတ်လက်စ စနိုးတာဝါကိုကိုင်ကာ ဧည့်သည်စောင့်နေသော အခန်းဘက်သို့ ခြေလှမ်းများစတင်လှမ်းရင်းဆိုသည်။

လိမ္မော်ရောင်မီးတပွင့်သာထွန်းထားသော တဦးမျက်နှာတဦး ထင်းထင်းမမြင်ရသည့် ၁၂ ပေ ပတ်လည်အခန်းထဲရှိ မအေးမိုးက “မပျော်ဘူး ဒီအလုပ်လုပ်နေရတာ၊ စာမှမတတ်တာ ဘယ်လိုအလုပ်က ခေါ်ခိုင်းမှာလဲ”ဟု ပြောရင်း စကားလုံးများ အက်ကွဲလာ သည်။

ရန်ကုန်မြို့ရှိ ကေတီဗီ၊ မာဆတ်များ၌ နယ်မြို့များမှ မိန်းကလေးအများအပြား လာရောက်လုပ်ကိုင်မှုများထဲတွင် ဧရာဝတီ တိုင်းအတွင်းမှ မိန်းကလေးများ သုံးပုံတပုံ ခန့် ပါဝင်လျက်ရှိပြီး နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်အပြီးတွင် မုန်တိုင်းဒဏ်သင့် မိန်းကလေးတချို့ ထပ်မံဝင်ရောက် လုပ်ကိုင်လာကြကြောင်း ကျောက်တံတားမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အနှိပ်ခန်း ဆိုင်မန်နေဂျာတဦးက ပြောသည်။

“နေ့ဘက်ကို လူစုံတဲ့လှေဆိပ်တွေမှာ သွား သွားစောင့်ရတယ်” ဟု မသီတာက သူ ၀င်ငွေ ပိုမိုရရှိစေရန် နေ့ခင်းဘက်များ တွင်ပါ အလုပ်လုပ်ကိုင် နေရသည့်အကြောင်း ပြောသည်။

မြန်မာနိုင်ငံ၏ စပါးကျီ ဆန်အိုးကြီး ဟု ခေါ်ဝေါ်တင်စားရသော ဧရာဝတီတိုင်းတွင် အလုပ်အကိုင်ပြောင်းလဲ လုပ်ကိုင်လာမှုများ ကြောင့် နောင် စပါးစိုက်မည့်သူ ရှားပါးလာနိုင်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး ဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်းများ ဆုံးရှုံးမှုကြီးမားခဲ့ပြီး မုန်တိုင်းလွန် ၂ နှစ်တာ ကာလအတွင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ကြသော်လည်း ထင်ထားသလောက် အောင်မြင်မှု မရှိကြောင်း ပြင်ခရိုင်မြို့နယ်ခွဲ အဆင်းချိုင် ကျေးရွာတွင် ရေလုပ်ငန်းကို နှစ် ၃၀ ကြာ လုပ်ကိုင်လာသော ဦးသောင်းစိန်ကပြောသည်။

“ဘယ်လုပ်ငန်းမှ ကောင်းကောင်း အဆင်မပြေတော့ လုပ်ငန်းတိုင်း လူများများခေါ်မသုံးနိုင်ဘူး၊ ဘောက်သမား တော်တော်များများ ဒုက္ခရောက်ကုန်တာ၊ ငတ်ကုန်တော့ ရတဲ့အလုပ်လုပ်ကုန်ကြတယ်” ဟု ၎င်းကဆိုသည်။

လပွတ္တာခရိုင် သုံးမိုင်မြို့အ၀င်ကို နာဂစ်နောက်ပိုင်းတွင် လိင်အလုပ်သမ အများစု အခြေစိုက်ရာ နေရာတခုအဖြစ် မြင်လာကြပြီး နာဂစ်ဒဏ်ကြောင့် ဇနီးမယားများ သေဆုံးခဲ့ရသော ဆားကွင်းများရှိ လုပ်သားများနှင့် လယ်လုပ်သားများအတွက်  လာရောက် ခေါ်ယူကြကြောင်း သိရသည်။

“ဆားကွင်းပိုင်ရှင်တို့၊ ငါးဒိုင်တို့၊ လယ်ပိုင်ရှင်တို့က သူတို့အလုပ်ထဲကို တပတ်၊ ဆယ်ရက် လာခေါ်တတ်တယ်။ အဲဒီလိုမျိုးဆိုရင် ပိုက်ဆံများများ တခါတည်းနဲ့ ရတယ်” ဟုမသီတာက ဆိုသည်။

နာဂစ်ဆိုင်ကလုန်းဒဏ် ခံစားခဲ့ရသော ဒေသများတွင် ပြန်လည်ထူထောင်ရေး ကာလ တိုတောင်းသည့်အပြင် ဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရာတွင် လိုအပ်ချက်များစွာ ရှိနေသောကြောင့် ယခုအချိန်အထိ လုပ်ငန်းများ အသားပြန်ကျသည် မရှိဘဲ ပိုမိုဆိုးဝါးလာသည်မှာ လပွတ္တာ သုံးမိုင်တွင် ခန္ဓာကိုယ်ရင်း၍ ရှာဖွေစားသောက်ရသော မိန်းကလေးအများစုက သက်သေထူလျက်ရှိသည်။

“ဟိုးအရှေ့ကို လှမ်းမကြည့်ချင်၊ မတွေးချင်တော့ဘူး၊ တွေးကြည့်ရင် ကြောက်လာတယ်၊ ဒီနေ့ ထမင်းစားရဖို့ အတွက် ဒီနေရာမှာ ရှိနေရမယ်ဆိုတဲ့ အတွေးနဲ့ အသက်ရှင်နေတာ”ဟု လပွတ္တာမှ ရန်ကုန်သို့ပြန်ထွက်သော ခရီးသည်တင်ကားကြီးများ သွားလာ နေသည်ကို မျက်စိတဆုံးလိုက်ကြည့်ရင်း ပြောနေသည့် ဒါဒါသည် အမျိုးသား ၄ ဦး ပါလာသည့် ထော်လာဂျီ ယာဉ်ပေါ်သို့ အပြေး တက်သွားတော့သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်