နွေလယ်နေကြောင့် ကြွေလွင့်ရသူ နှစ်ဦး

လူချစ်လူခင်များသော ကဗျာလည်းရေးသည့် ပန်းချီဆရာတဦး အပူရှိန်ကြောင့်ရသောဝေဒနာဖြင့် ကွယ်လွန်သည့် သတင်းသည် စာပေ အနုပညာလောကအတွက် ယခုနှစ်အတွင်း အပူဒဏ်ကြောင့် ဒုတိယမြောက် ကြွေလွင့်ရသူအဖြစ် နှမြောတသ စရာပင် ဖြစ်သည်။

ပန်းချီဆရာ သန်းမြင့်အောင်(ကဗျာဆရာ သင်းဝေအောင်)သည် မေလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌  ကွယ်လွန်သွားသည့်အတွက် သူ့ကိုချစ်ခင် တန်ဖိုးထားသူတို့က နှမြောတသ ၀မ်းနည်း ကြေကွဲကြရသည်။

thin wai aung“သူ့ကို နောက်ဆုံး ရန်ကုန်ဆေးရုံကြီးက ၁၇/၁၈ ကုတင်လေးပေါ်မှာ မြင်လိုက်ရသေးတယ်၊ သတိရှိသေးတယ်၊ ဒီလောက် ကြီး ဖြစ်သွားလိမ့်မယ်လို့မထင်ဘူး၊ သူဆုံးပြီဆိုတဲ့ သတင်းကြားတော့ ယုံတောင်မယုံနိုင်ဘူးဖြစ်သွားတယ်”ဟု သူနှင့် ပန်းချီရေးဖော် ပန်းချီဆရာ လှထွဏ်းအောင်က ပြောသည်။

သူသည် မသေဆုံးမီ လေးငါးရက်ခန့်က အပြင်မှ ပြန်လာအပြီး အပူရှိန် လွန်ကဲမှုဒဏ်ကြောင့် အပြင်းဖျားခဲ့ကြောင်း၊ ကိုယ်အပူချိန် ၁၀၃၊ ၁၀၄ ဒီဂရီ အထိ ဖြစ်နေသည့် သုံးလေးရက်ကြာကြောင်း၊ ဆေးရုံတက်ရန် ငြင်းဆိုခဲ့သောကြောင့် ဆေးခန်းမှာပင် ဆေးကုနေခဲ့သေးကြောင်း နောက်ကျမှ ရန်ကုန်ဆေးရုံကြီးသို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သူ့မိတ်ဆွေများက ပြောကြသည်။

“သူတော်တော်နေမကောင်းဖြစ်နေတာ၊ သူနေတဲ့အခန်းလေးကလည်း လှောင်ပြီး ပူတော့ အဲဒီအခန်းလေးထဲမှာ ဖျားပြီး အပူကြီး နေလို့သူ့ကို အပူသက်သာတဲ့နေရာ ရွှေ့ပြောင်းနေဖို့ပြောသေးတယ်၊ သူလည်း ပြောင်းနေပါတယ်၊ ဒါပေမယ့် အဖျားက သိပ်မကျ ပါဘူး၊ အဲဒီလိုပဲ ရေဖတ်တိုက်ပေးတဲ့အချိန်ပဲ ကျတယ်၊ ကျလိုက်တက်လိုက်ပဲ”ဟု မိတ်ဆွေ ကဗျာဆရာမ တဦးကလည်း ပြောပြ သည်။

ပန်းချီ သန်းမြင့်အောင်သည် ရေနံချောင်းဇာတိဖြစ်ပြီး ရေနံချောင်းမြို့ရှိ ပန်းချီ ဦးအောင်မောင်၊ ဦးစိန်ဝင်းနှင့် ဦးတင်ညွှန့် တို့ ထံ တွင် ပန်းချီပညာကို သင်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အိန္ဒယနိုင်ငံ၌ ကျင်းပသော Shankar̓s International Children Competition နှင့် ချက်ကို ဆလို ဗက်ကီးယား နိုင်ငံတွင် ကျင်းပသော Child Art Competition တို့တွင် ဆုရရှိခဲ့ကြောင်း သိရှိရ သည်။

ထို့နောက် သင်းဝေအောင် အမည်ဖြင့် ကဗျာစပ်ခဲ့သလို၊ မဂ္ဂဇင်းများ၊ ဝတ္တု စာအုပ် မျက်နှာဖုံးများတွင် သရုပ်ဖော်ပန်းချီများကို ကွယ်လွန်ချိန်အထိ ရေးဆွဲခဲ့ကြောင်းသိရသည်။

ညိုညို၀၀ ခန္ဓာကိုယ်ကို ကျုံပြီးထိုင်တတ်သော၊ မည်သူ့ကိုမဆို ခပ်ပြုံးပြုံးမျက်နှာနှင့် စကားပြောတတ်ပြီး ဟန်နှင့်မာန်နှင့်
ကဗျာ ရွတ်တတ်သော ပန်းချီဆရာ သန်းမြင့်အောင် သေဆုံးခြင်းကို အပူဒဏ်ကြောင့်သေဆုံးရခြင်းဖြစ်သည်ဟု စာပေလောက တခုလုံးက သတ်မှတ်ကြပါသည်။

သူ့ရှေ့မှာ သူ့လိုပင် အပူဒဏ်ကြောင့် သေဆုံးခဲ့သူ စာရေးဆရာ၊ သတင်းစာ ဆရာသာဂဒိုး သည်လည်း ဧပြီလ ၂၄ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။

“အဖေက နေပြင်းတဲ့အရှိုန်နဲ့ သတိလစ်သွားလို့ ရန်ကုန်ဆေးရုံကြီးကို သင်္ကြန်မတိုင်ခင် ကတည်းက တင်လိုက်ရတယ်၊ ဆေးရုံကြီး မှာ ရက်တော်တော်ကြာပါတယ်၊ နောက်ဆုံး မရပါဘူး၊ ဧပြီလ၂၄ ရက်နေ့ကပဲ ဆုံးတယ်”ဟု ဆရာကြီး သာဂဒိုး ၏ မိသားစုဝင် တဦးက ပြောသည်။

ဆရာ သာဂဒိုးသည် ၁၉၄၅ ခုနှစ်က စတင်ပြီး စာပေလောကသို့ ၀င်ရောက်ခဲ့ကာ၊ အစိုးရ ကြေးမုံ သတင်းစာတိုက်၏ အယ်ဒီတာ ချုပ် အဖြစ် ၁၉၇၃ မှ ၁၉၈၈ မတိုင်မီအထိ လုပ်ကိုင်ခဲ့ပြီး သက်ပြည့်ပင်စင်ယူသောအခါ သာဂဒိုး၊ ဖက်ဆစ်ဆန့်ကျင်ရေး ခေါင်း ဆောင် တဦး၊ ခင်မောင်ညို၊ သောကြာ၊ မောင်ယု စသည့် ကလောင်အမည်အတို့ဖြင့် ဆောင်းပါးများ ရေးသားခဲ့သူ ဖြစ်သည်။

“အခုလိုအပူရှိန်ပြင်းလို့ သေတဲ့သူတွေ မနည်းဘူး၊ တနေ့တနေ့ သတင်းစာထဲမှာတင် နာရေးကြော်ငြာ၂ မျက်နှာအပြည့် ထည့်နေ ရတာပဲကြည့်လေ၊ နာရေးကူညီမှု အသင်းမှာလည်း တရက်တရက် အလောင်းကောက်နေရတာ ၈၀ ကျော်တယ်လို့ ပြောနေတယ်” ဟု ပန်းချီဆရာသန်းမြင့်အောင်၏ မိတ်ဆွေ ကဗျာဆရာမက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် အပူရှိန် ရက်ဆက်ပြင်းထန်မှုကြောင့် သေဆုံးသူ ဦးရေမြင့်တက်လျက်ရှိကြောင်း၊ ယခုနှစ် ကဲ့သို့ မခံမရပ်နိုင်လောက်အောင်ပူပြင်းမှုကိုလည်း ကြုံဖူးခြင်းမရှိသေးကြောင်း ရန်ကုန်မြို့တွင် နေထိုင်လာသူများက ပြောဆိုကြ သည်။

thar-kadoe“ပူလွန်းလို့ လူတွေမပြောပါနဲ့ ရေတွင်းရေကန်တွေတောင် ခန်းကုန်တာ၊ ငါးကန် ပုစွန်ကန်တွေမှာလည်း ငါးတွေ သေကုန် တယ် ကြားတယ်၊ လူတွေလည်း သွေးနဲ့သားနဲ့ဆိုတော့ မခံနိုင်တော့ဘူး၊ ကျနော်တို့လို သွတ်မိုး၊ ထရံကာ၊ ပျဉ်ကာ အိမ်တွေမှာ နေတဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေ သေတာမှ တဖြုတ်ဖြုတ်ပဲ၊ မခံနိုင်ကြတော့ဘူး”ဟု ၄၉ ရပ်ကွက်၊ ပဒုံမာ ၅ လမ်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရန်ကုန်တွင် နေထိုင်သူ တဦးက ပြောသည်။

ထိုသို့ အပူရှိုန်မြင့်တက်မှု ဒဏ်ကိုကြုံနေရသည့် ရက်များအတွင်း နေ့အပူချိန်သည် ၄၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်တွင်ရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ၄၁ ဒီဂရီ စင်တီဂရိတ်ကျော်ကာ အမြင့်ဆုံးအပူချိန် ၀န်းကျင်ရောက်လာခြင်း ဖြစ်သည်ဟု မိုးလေ၀သ နှင့် ဇလဗေဒ ပညာရှင်တဦးက ဆိုပါသည်။

ထို အပူဒဏ်မခံနိုင်ဘဲ ဖြတ်ခနဲလဲကျသေဆုံးသူများ၊ ဦးနှောက်သွေးကြောပြတ် သေဆုံးသူများနှင့် အပြင်းဖျား၍ သေဆုံးသူများ လာကြောင်း ရန်ကုန်ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တဦးက အတည်ပြုပြောဆိုသည်။

လက်ရှိအချိန်ကာလသည် လွန်ခဲ့သောနှစ်များကထက် ပိုပူပြင်းပြီး အပူချိန်မှာလည်း ရက်ဆက်ပူပြင်းလွန်းသည့်အတွက် အပြင် သွားလာလှုပ်ရှားသူများမှာ အပြင်မှ ပြန်လာပြီးနောက် ပူလွန်းသည့်အတွက် အပူဖြေဖျောက်လို ဖြေဖျောက်သောအားဖြင့် ရေခဲ အိတ်ကပ်ခြင်း၊ ရေချိုးခြင်း၊ခေါင်းလျှော်ခြင်း၊ ရေစိုဝတ်နှင့်နေထိုင်ခြင်းတို့ ပြုလုပ်ရာမှ ကျန်းမာရေးထိခိုက်ကာ သေဆုံးသည်အထိ
ဖြစ်လာခြင်းဖြစ်ကြောင်း အဆိုပါ ဆရာဝန်ကြီးက ပြောသည်။

“အခုချိန်မှာ အပူဒဏ်ကို သိသိသာသာခံစားပြီး ထိခိုက်ကြတာ ကာယလုပ်သားတွေများတယ်၊ သေဆုံးကြတာလည်း အဲဒီလို လူတွေက ပိုများပါတယ်”ဟု သူက ဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ၊ အနှေးယာဉ်မောင်း ဆိုက်ကားသမားများ၊ မော်တော်ယာဉ် လုပ်သားများမှာ
အပူဒဏ်ကို သိသော်လည်း နေ့လယ်နေ့ခင်း အလုပ်မလုပ်၍မရသော အခြေအနေဖြစ်သည့်အတွက် နေပူထဲတွင် အလုပ်လုပ် ရင်းနှင့် သေဆုံးရသည်များကို တွေ့မြင်ရကြောင်း ၎င်းကပြောဆိုသည်။

“ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်မှာ ရေနဲ့ဆားဓာတ် ဆုံးရှုံးတဲ့အတွက် မူးမော်တယ်၊ ကြွက်တက်တယ်၊ ကိုယ်အပူချိန်တက်၊ သတိလစ်ပြီး ဆေးရုံကိုရောက်လာကြတယ်၊ တချို့လည်း အသက်ပါလာသေးတယ်၊ တချို့လည်း ဆေးရုံမရောက်ခင် ကတည်း ကိုက အသက်မရှိကြတော့ဘူး”ဟု အဆိုပါ ဆရာဝန်ကြီးက ပြောသည်။

ယခုရက်ပိုင်းအတွင်း နာရေးကူညီမှုအသင်းသို့ နာရေးကိစ္စများ အတွက်အကူအညီတောင်းသူအများစုမှာ အပူဒဏ်ကြောင့်
သေဆုံးရသူများဖြစ်ပြီး၊ အချို့မှာ ဦးနှောက်သွေးကြောပြတ်ခြင်း၊ အပူဒဏ်မခံနိုင်ဘဲ ဖြတ်ခနဲလဲကျသေဆုံးသူများ၊ ရုတ်တရက် သေဆုံးသူများလည်း ပါဝင်ကြောင်း နာရေးကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

“ပူလွန်းလို့ဆိုပြီး ရေကို ခေါင်းကနေ လောင်းချိုးတဲ့သူတွေ၊ ရေစိုဝတ်တွေကို အကြာကြီး ၀တ်နေတဲ့သူတွေနဲ့ နေပူထဲမှာ ကြာ ကြာနေရတဲ့သူတွေ ဦးနှောက်သွေးကြောပြတ်ပြီး သေကြတယ်၊ တနေ့တနေ့ကို အလောင်း ၇၀ နဲ့ အထက်မှာ ရှိတယ်၊ မနေ့က ဆိုရင် တရက်တည်းကို အလောင်း ၈၀ ကျော်ရှိတယ်”ဟု နာရေးကူညီမှုအသင်းမှ နာရေးကားမောင်းပေးသူ စေတနာ့ဝန်ထမ်း က ဆိုသည်။

ရန်ကုန်တိုင်းတွင်သာ မက မကွေးတိုင်းနှင့် မန္တလေးတိုင်းအတွင်း အပူချိန် လွန်ကဲမှုကြောင့် ဒေသခံ ပြည်သူတချို့ သေဆုံးခြင်း များဖြစ်ပေါ်လျက်ရှိကြောင်း ၁၄ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသား ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် မကွေးတိုင်း တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာတချို့၌ အပူချိန်လွန်ကဲမှု ဒဏ်ကြောင့် တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံတွင် မေ ၁၂ ရက်အထိ လူနာ ၁၁ ဦး တက်ရောက်ကု သမှုခံယူခဲ့ကြောင်း၊ ယင်းလူနာများအနက် မေ ၃ ရက်တွင် တဦး၊ မေ ၄ ရက်တွင် တဦး၊ မေ ၅ ရက်တွင် တဦး၊ မေ ၇ ရက်တွင် သုံးဦး၊ မေ ၁၀ ရက် တွင် တဦး စုစုပေါင်း ခုနှစ်ဦးသေဆုံးခဲ့ပြီး ကျန်လူနာလေးဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း ရေးသားဖော်ပြ ထားသည်။

ထို့အတူ မန္တလေးတိုင်း ညောင်ဦးမြို့နယ်၌ အပူချိန်လွန်ကဲမှုကြောင့် ညောင်ဦးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဖျားနာ၊ မူးဝေ၊ မောပန်း လူနာ ၁၄ ဦး တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း၊ ဆေးရုံတက် လူနာမျာအား ဆေးရုံအုပ်ကြီးနှင့်တာဝန်ကျ ဆရာဝန်များ၊ သူနာပြုများက ကြပ်မတ်ကုသပေးလျက်ရှိကြောင်း၊ လူနာသေဆုံးမှုမရှိကြောင်း ဖော်ပြကာ ကျန်းမာရေး ဝန်ကြီးဌာန က အပူဒဏ် ကာကွယ်ရေးနှိုးဆော်ချက်များ ထုတ်ပြန်၍ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာဂျာနယ်များမှတဆင့် နေ့စဉ် သတိပေး နှိုးဆော်လျက်ရှိသော်လည်း တချို့မှာ အလေးထားလိုက်နာမှုမရှိသည့်အတွက် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ယင်းနှိုးဆော်ချက်များကို ပြည်သူများအနေဖြင့် အထူးဂရုပြု လိုက်နာဆောင်ရွက်သွားကြရန် သက် ဆိုင်ရာ က တိုက်တွန်းနှိုးဆော်ထားကြောင်းလည်း ရေးသားဖော်ပြလျက်ရှိသည်။

“အစိုးရက ဘာပဲဖြစ်ဖြစ် လူတွေကိုပဲ အပြစ်တင်တယ်၊ ရာသီဥတုဒီလောက်ပူပြင်းကုန်တာ သူတို့ ကြောင့်ဖြစ်တာပဲ၊ သစ်ပင် သစ်တောတွေ ကုန်လို့ မိုးခေါင်၊ ရေခန်းတဲ့ အဖြစ်ရောက်ရတယ်၊ ရာသီဥတုလည်း ပြင်းလာတယ်၊ အဲဒါကိုတော့ ဖုံးထားပြီး အပူဒဏ်ကြောင့် လူတွေသေတာ လူတွေ မဆင်ခြင်လို့ဆိုပြီးတော့ပဲ ပုံချတယ်”ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ နေ့အပူချိန်သည် ယခင်စံချိန်ကျိုးခဲ့သည့် ၁၉၉၈ ခုနှစ် အမြင့်အပူချိန်ဝန်းကျင်သို့ ရောက်ရှိလာသည် ကို တွေ့မြင်ရကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“ရန်ကုန်မြို့ရဲ့အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီ စင်တီဂရိတ်ရှိခဲ့တယ်၊ ၁၉၉၈ ခုနှစ်ကပါ၊ အခုက စံချိန်ကျိုးတာမဟုတ်ပေမယ့်
အမြင့်ဆုံးအပူချိန်ဝန်းကျင်ပါပဲ၊ ဒီနေ့ဆို မနက် ၆ နာရီလောက်ကတည်းက ပူလိုက်တာ ညနေ ၆ နာရီခွဲအထိကို ပူနေတယ်၊  ပြည်သူလူထု သတိထားရမယ်၊၂၀၁၀ ဒုတိယလေးလပတ်ကုန် သြဂုတ်လအထိ မိုးနည်းပြီး ဆက်ပူမယ်၊ ဒါတွေက အယ်လ်နီညို ရဲ့ အကျိုးဆက်ကြောင့်ပါ”ဟု ဒေါက်တာထွန်းလွင်က မှတ်တမ်းများကို ကိုးကားပြောကြားသည်။

ပုံမှန်အားဖြင့် နွေရာသီသည် မတ်လဆန်းတွင် စတင်ခဲ့ပြီးမေလတွင် ကုန်ဆုံးမည်ဖြစ်ကာ ဧပြီလမှာ အပူဆုံးလဖြစ်ကြောင်း၊ မတ်လ နှင့်ဧပြီလ အတွင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ အမြင့်ဆုံးအပူချိန် စံချိန်ကျိုးမှု လေးကြိမ်ရှိခဲ့ကြောင်း၊ လက်ရှိအချိန်ကာလ အထိရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ မကုန်ခင်ကပင် နွေရာသီသဖွယ် ဖြစ်လာခဲ့ကြောင်း၊ မိုးကြိုကာလတွင်လည်း မိုးရွာသွန်းမှု မရှိသေးဘဲ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှမေလ ၁၀ ရက်နေ့အထိ မင်္ဂလာဒုံ၊ ကမ္ဘာအေး၊ ရန်ကုန်မြို့လယ်တို့တွင်
မိုးရေချိန်လုံးဝမရှိခဲ့ကြောင်း မိုးလေ၀သ နှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

နေ့အပူချိန်များအနေဖြင့် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် မေလ၏ပျှမ်းမျှ အပူချိန်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ပျှမ်းမျှအပူချိန်တို့ထက် ၆ ဒီဂရီ စင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ် အထိနှင့်
ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီ စင်တီ ဂရိတ်ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ က ထုတ်ပြန် သည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း စသည့်ဒေသများမှ ရေတွင်းရေကန်များမှာ အပူချိန်ကြောင့် ရေနည်းခြင်း၊ ခန်းခြောက်ခြင်းတို့နှင့် ရင်ဆိုင်နေကြရပြီး ဒေသခံများသည်လည်း သောက်သုံးရေအတွက် အခက်အခဲတွေ့ကြုံနေရကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်