မသေသော ဝိညာဉ်

Thursday, 18 June 2009 16:53 စာအုပ်စင်ကဏ္ဍ
Print
ဇိုရာဖန်းသည် လသားအရွယ် ကလေးငယ် ဘဝကတည်းက လူပေါင်းများစွာ သေကြေပျက်စီးရသည့် ဒုက္ခ ဆင်းရဲများကို မြင်တွေ့ရင်ဆိုင် ခဲ့ရပြီး ငယ်စဉ်ကလေးဘ၀ တလျှောက်လုံး ဆိုးရွားလှသည့် လောကဓံကြားတွင် ရုန်းကန်ခဲ့ရသည်။

မြန်မာစစ်အာဏာရှင်များကို ဆန့်ကျင်ကာ လက်နက်ကိုင် တိုက်ပွဲအတွင်းဖြတ်သန်းခဲ့ရသည့် ကရင် တော်လှန်ရေး ခေါင်းဆောင်တဦး၏ သမီးအဖြစ် တခြားသူများနှင့် မတူသည့်သူ့ဘ၀ကို “သမီးငယ်လေး” (Little Daughter) ဟူသည့် မကြာသေးမီက ရေးသားထုတ်ဝေခဲ့သော စာအုပ်ထဲတွင် ဖော်ပြထားသည်။

သေခြင်းတရားဆိုသည်မှာ သူတို့ လူမျိုးစုဝင်များအတွက်တော့ ထူးခြားဆန်းကျယ်သည့်ကိစ္စ မဟုတ်။ အဆုံးစွန်ဆိုရလျှင် ကလေးငယ်များသည်ပင် ဤသို့သော ထိတ်လန့်ကြောက်ရွံ့ဖွယ် အဖြစ်မျိုးကို နိစ္စဓူဝ ကြုံတွေ့ဖြတ်သန်းနေကြရသည်။

သို့သော်လည်း သူကိုယ်တိုင် ပထမဆုံးအကြိမ် သေမလိုဖြစ်ခဲ့ရသည့် အခါတွင်တော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စဟု မမြင်နိုင်ခဲ့ပေ။

“ကျမ ၂ နှစ်သမီးအရွယ်က သေမလိုဖြစ်ခဲ့ရာက ပြန်ရှင်လာခဲ့ရပါတယ်” ဟု အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇိုရာဖန်းက သူ၏ကိုယ်ရေး အထ္ထုပ္ပတ္တိ အဖွင့်တွင်ရေးသားခဲ့သည်။ ဤသို့သေရေး ရှင်ရေး ရုန်းကန်ဖြတ်သန်းရပုံ နောက်ခံကားသဖွယ် တင်ပြရင်း စာဖတ်သူကို ဆွဲဆောင်သွားသည်။

သူကိုယ်တိုင်၏ ဘ၀ အနာဂတ်၊ သူ့ဖခင်၏ နိုင်ငံရေးယုံကြည်ချက်များ အဆုံးသတ်ရတော့မည်ဟု ယူဆရမလို ဖြစ်ခဲ့သော်လည်း နောက်ဆုံး စာဖတ်သူတို့ အထင်အမြင် မမှန်ကန်ကြောင်း ဇိုရာဖန်းက သက်သေပြနိုင်ခဲ့သည်။

စာအုပ် ခေါင်းစီးတွင် ဖော်ပြထားသည့်အတိုင်း ဤစာအုပ်က စာရေးသူသမီးငယ်နှင့် မိဘများအကြား ဆက်ဆံရေးကိစ္စပင် ဖြစ်သည်။ အထူးသဖြင့် သူ၏ဖခင် ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ဟောင်း ဖဒိုမန်းရှာနှင့် သူ့အကြားမှမေတ္တာကို ဖော်ကျူးထားခြင်း ဖြစ်သည်။

ပထမအကြိမ် သူသေဆုံးရတော့ မလို ဖြစ်စဉ်က အသက်ကယ်ခဲ့သူမှာ သူ၏ မိခင်သာဖြစ်သည်။

ကောင်းစွာ လေ့ကျင့်ထားမှုမရှိသော ကျေးရွာသူနာပြု ဆရာမက သေပြီဟု သတ်မှတ်ထားပြီး မျက်နှာလွှဲထားခဲ့သည့် အခြေအနေကို သူ့မိခင်က ငြင်းဆန်ခဲ့သည်။ အမှန်တော့သူက အပြင်းဖျားကာ မေ့မျောသတိလစ်နေခြင်းသာ ဖြစ်သည်။

သူ၏ မျှော်လင့်ချက်များ၊ ယုံကြည်ချက်များ ဆက်လက်ရှင်သန်နေစေရန် တိုက်တွန်းအားပေးမှုတွင်တော့ သူ၏ဖခင်က အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည်။

သူ၏ မိဘ ၂ ဦးစလုံး ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး၊ သူရဲကောင်းဆန်သူများ အဖြစ် ထင်ရှား ကျန်ရစ်ခဲ့သည်။ သူ၏ မိခင်ဖြစ်သူ ဒေါ်နန်းကျင်ရွှေသည် တချိန်က အမျိုးသမီး တော်လှန်ရေးသမား တပ်ဖွဲ့တခုကို ကိုယ်တိုင်ဦးဆောင်ခဲ့သူ ဖြစ်သည်။ နောက်ဆုံး ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုတွင် ဆင်းရဲဒုက္ခများ ရင်ဆိုင်ရင်း ဘ၀နိဂုံးချုပ်ခဲ့ရသည်။

ဖခင် ဖဒိုမန်းရှာကတော့ ကရင့်တော်လှန်ရေး အဖွဲ့တခုဖြစ်သည့် KNU အဖွဲ့အတွင်း သူ၏ ကိုယ်ကျင့်တရား၊ ခိုင်မာ သည့် မူဝါဒရပ်တည်မှု၊ ခေါင်းဆောင်မှု အရည်အသွေးကြောင့် တဖြည်းဖြည်းချင်း ခေါင်းဆောင်မှုနေရာ ရလာခဲ့သည်။ နောက်ဆုံး လုပ်ကြံသူ လူသတ်သမားများ လက်ချက်ဖြင့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဗယ်လင်တိုင်းနေ့တွင် အသက်ဆုံးရှုံးခဲ့ရသည်။ (ကရင်လှုပ်ရှားမှုမှ ခွဲထွက်အဖွဲ့တခုက မြန်မာစစ်တပ်အကူအညီဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု အများစုက ထင်မြင်ယူဆကြသည်)

စာထူးချွန်သည့် ဇိုရာဖန်းက ဒုက္ခသည်စခန်းအတွင်းမှ လွတ်လမ်းရှာနိုင်ခဲ့သည်။ ဘန်ကောက်မြို့တွင် ပညာဆက် လက် သင်ကြားနိုင်ရန် ပညာတော်သင်ဆု ရရှိခဲ့သည်။ ဘန်ကောက်တက္ကသိုလ်တခုမှ ဘွဲ့ရရှိပြီးနောက် ထိုင်းကုမ္ပဏီတခုတွင် အလုပ်ဝင်၍ ဘ၀ကို ပုံမှန်အရပ်သားတဦးကဲ့သို့ ဖြတ်သန်းတော့မည်ဟု စိတ်ကူးယဉ်ခဲ့သေးသည်။

သို့သော်လည်း အဖော်ကျောင်းသားများနှင့်အတူ သူ၏မိခင်မြေသို့ ပြန်လာခဲ့သည့်နောက်တွင် မြန်မာစစ်အစိုးရ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရသည်။ မရေမတွက်နိုင်သည့် မိသားစုများ ဘ၀ပျက်ကြရသည်၊ ကြောက်ရွံ့တုန်လှုပ်နေကြရသည်၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရသည်ကို သူ မြင်ခဲ့ရသည်။

“အဲသည် အဖြစ်တခုတိုင်းက ကျမရင်ကို ကွဲထွက်စေမတတ်ပဲ။ အဲသည်ဖြစ်ရပ်တခုချင်းစီကပဲ ကျမကို ဒေါသအမျက်ဖြစ် စေတယ်၊ နောက်ဆုံး ပြန်ခုခံဆန့်ကျင်လိုတဲ့ စိတ်တွေလည်း ရင့်သန်လာစေတယ်” ဟု စာအုပ်တွင် ရေးသားခဲ့သည်။

ဤကိုယ်တွေ့ ဖြစ်ရပ်များ မကြုံတွေ့ရမီကပင် သူ၏ အနာဂတ်က ကြိုတင်ပြဌာန်းပြီးသား ဖြစ်သည်ဟုလည်း သူသိနေခဲ့ သည်။ ယခုလို မြန်မာပြည် လွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း ဆက်လက်ပါဝင်လှုပ်ရှားနေရသည့် အဖြစ်က သူ့အတွက် ကံကြုံကြိုက်၍ မဟုတ်ပေ။ သူ့ဖခင်ကိုယ်တိုင်၏ ဆန္ဒလည်း ဖြစ်သည်။

သူ့ကို ဇိုရာဟု နာမည်ပေးခဲ့သည်ကိုကလည်း အဓိပ္ပာယ် ရှိနေပြန်သည်။ ရဲဘော်များကို သစ္စာဖောက်ရန် ငြင်းဆန်ခဲ့ သည့်အတွက် နာဇီစစ်အာဏာရှင်တို့က အသက် ၁၇ - နှစ်အရွယ်တွင် ကြိုးပေးကွပ်မျက်ခဲ့သည့် ရုရှားသူရဲကောင်း အမျိုးသမီးတဦးဖြစ်သူ ဇိုရာ ကော့စ်မိုဒီမိုင်ယန် စကာယာ (Zoya Kosmodemyanskaya) ကို အစွဲပြုမှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဇိုရာဖန်း၏ ဖခင်က ဘန်ကောက်တွင် သာမန် ရုံး ဝန်ထမ်းတဦးအဖြစ် လုပ်နေရသည့် ဘ၀ထက် ဖြစ်ထွန်းစေချင်ကြောင်း အသေအချာပုံဖော်ထားခဲ့သည်။ သို့ရာတွင် အဖိနှိပ်ခံပြည်သူများ၊ ခိုကိုးရာမဲ့နေကြသော ပြည်သူများအတွက် မည်သည့် အခန်းကဏ္ဍက ဆောင်ရွက်ပေးရမည်ဆိုသည့် အဖြေကတော့ ဇိုရာ့ အတွက် မရှင်းမလင်း ရှိနေဆဲ ဖြစ်သည်။

အင်္ဂလန်နိုင်ငံတွင် မဟာ ဘွဲ့ယူရန်အတွက် ကျောင်းတက်ခွင့်ရသည့် အချိန်မှာတော့ သူ့အတွက် နေရာမှန်ကို တွေ့ရှိလာသည်ဟု ဆိုရပေလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်နှစ် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လန်ဒန်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် ပါဝင်ရန် သူ့ကို ဖိတ်ကြားခံရသည်။ မိန့်ခွန်းပြောရန် မိုက်ကရိုဖုန်းက သူ့ထံချက်ချင်း ရောက်လာသည်ကို ကြုံရပြီးနောက်တွင် ဤကဲ့သို့သောလူစု လူဝေးကို ဦးဆောင်ရန် ဘ၀ပေးတာဝန် ဖြစ်နေသည်ကို သူ့ဘာသာ တွေ့ရှိလာခဲ့သည်။

နောက်ပိုင်းနှစ်များတွင်တော့ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ကွန်ဆာဗေးတစ်ပါတီ ညီလာခံသို့ တက်ရောက်စကားပြောခွင့် ရခဲ့ပြီး ထင်ရှားကျော်ကြားသူ တဦး ဖြစ်လာခဲ့သည်။ အဆင့်မြင့်ပွဲလမ်းကြီး အများအပြားသို့လည်း တက်ရောက်ခွင့်ရလာခဲ့ သည်။ သူက ကမ္ဘာ့ခေါင်းဆောင်များ၊ ထင်ရှားနာမည်ကြီးသူများနှင့် ကြုံဆုံခဲ့ရသည်။ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှု အတွက် လူအများအသိအမှတ်ပြုခံရသည့် ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်လာခဲ့သည်။ မြန်မာပြည်အရေး လှုပ်ရှားနေသည့် အင်္ဂလန်ရှိ Burma Campaign UK အဖွဲ့၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ တဦးလည်း ဖြစ်လာခဲ့သည်။

၂၀၀၇ ခုနှစ်သည် သူ၏ ပထမဦးဆုံး အကြီးအကျယ် အောင်မြင်မှု ရရှိလာသည့်နှစ်ဟု ဆိုရလိမ့်မည်။ ကရင်ပြည်နယ် အတွင်းရှိ ပြည်တွင်းဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးနိုင်ရန် ဗြိတိန်အစိုးရကို စည်းရုံးတိုက်တွန်း အောင်မြင်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင်လည်း အောင်မြင်သည့် ဒုက္ခသည်တဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ အင်္ဂလန် နိုင်ငံတွင် သူကြုံတွေ့ရုန်းကန်ရသည့် ဘ၀ကလည်း မလွယ်ကူလှပါ။

“ကျမ ရွာမှာ ထွက်ပြေး၊ ပုန်းအောင်းနေရတုန်းက ကြောက်လန့်ခဲ့၊ ရုန်းကန်ခဲ့ရသလို အင်္ဂလန်မှာလည်း အတူတူပဲ ကြောက်ရွံ့ရုန်းကန်ခဲ့ရတာပါ” ဟု သူက ဆိုခဲ့သည်။

သို့သော်လည်း နောက်ပိုင်းနှစ်များ မကြာမီတွင် သူ၏ ဘ၀ တဆစ်ချိုး အကွေ့ကို ကြုံလာခဲ့ရသည်။ ရန်သူများက သူ့ဖခင် ကို ယခင် အကြိမ်ကြိမ် လုပ်ကြံခဲ့ရာ မအောင်မြင်ခဲ့သော်လည်း နောက်ဆုံးတွင် ဖဒိုမန်းရှာ၏ အသက်ကို လုပ်ကြံ နိုင်ခဲ့ ကြသည်။ ထိုသို့ ကြံစည်ခဲ့စဉ်က ဇိုရာဖန်းကိုပါ ပစ်မှတ်တခုအဖြစ် ထည့်သွင်းထားခဲ့ကြသောကြောင့် သူ့ဖခင်၏ ဈာပန ကိုပင် ကိုယ်တိုင်မတက်ရောက်ဝံ့သည်အထိ ဖြစ်ခဲ့ရသည်။

ဇာတ်လမ်း၏ အဆုံးသတ်က မျှတသည်ထက်ပိုလွန်ကာ ခါးသီးနာကြည်းဖွယ်ရာ ဖြစ်ခဲ့သည်။ ဇိုရာဖန်းသည် ဤသို့သော ဒုက္ခလောကဓံ အဖုံဖုံကို ကြုံတွေ့ခဲ့ရသော်လည်း အံ့သြဖွယ်ရာ မယိုင်မလဲ ခံနိုင်ရည်ရှိခဲ့သည်။ တချိန်က သေမလိုဖြစ်ခဲ့ပြီး ပြန်လည် ရှင်သန်ခဲ့ရလေသော သမီးငယ်တဦးက သူ့ဖခင်ခြေရာကို အစစ်အမှန် ဆက်ခံနိုင်သူတဦးအဖြစ် အရည်အချင်း ကို သက်သေပြနိုင်ခဲ့သည်။

ထို့ပြင် ရာစုနှစ်တ၀က်ကျော်ကြာ ခြောက်အိပ်မက်ဆိုး စစ်အုပ်ချုပ်ရေးလက်အောက်ခံ ဘ၀မှ လွတ်လပ်သည့်၊ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်စေရမည်ဟူသည့် သူ့ဖခင်၏ မျှော်လင့်ချက် အိပ်မက်များကို အကောင်အထည်ဖော်မည့်၊ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်မည့် သူလည်း ဖြစ်လာလေတော့သည်။

Neil Lawrence ရေးသားသည့် Never Say Die ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။