ကျားများကို ကယ်တင်နိုင်ရန် ဗိုလ်ချုပ်များကို ထိန်းကျောင်းနေခြင်း

အလန် ရာဘင်နိုဝစ်ဇ် (Alan Rabinowitz) ၏ နောက်ဆုံးထုတ်ဝေသည့် စာအုပ် “မရဏလွင်ပြင်မှ ဘ၀” (Life in the Valley of Death) တွင် သဘာဝ တောရိုင်းတိရစ္ဆာန်

ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society) ၏ အငြင်းပွားဖွယ် ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြထားခဲ့သည်။ မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်း၌ ကျားရိုင်းဘေးမဲ့တော တည်ထောင်ရန် ကြိုးပမ်းအားထုတ်နေသည့် အကြောင်းပင် ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (WCS) က မြန်မာနိုင်ငံအတွင်း၌ ၎င်းကဲ့သို့ စီမံ ချက်မျိုးကို ပထမဦးဆုံး ဆောင်ရွက်မည့် နိုင်ငံတကာ အန်ဂျီအို ဖြစ်လာခဲ့သည်။ ရာဘင်နိုဝစ်ဇ်က နယူးယောက်မြို့ အခြေစိုက် ဤအသင်း၏ သိပ္ပံနှင့် ရှာဖွေလေ့လာရေး အစီအစဉ် အမှုဆောင်ဒါရိုက်တာတဦးလည်း ဖြစ်သည်။

ဤစာအုပ်ဖတ်ကြည့်လျှင် မြန်မာနိုင်ငံအတွင်း၌ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေး အစီအစဉ်များ အကြီး အကျယ် ချမှတ်ဆောင်ရွက်နေသည်ကို စာဖတ်သူများ ရှားရှားပါးပါး တွေ့ကြရမည် ဖြစ်သည်။ ဤကြိုးပမ်းဆောင်ရွက်ချက် တွင် စစ်တပ်အရာရှိများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ တပ်မှူးများ၊ အားကြိုးမာန်တက် ဆောင်ရွက်လိုကြ သည့် ဒေသခံ ၀န်ထမ်းများ၊ နိုင်ငံခြားမှ လာသည့် ဘသာ၀၀န်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူများနှင့် ကျေးရွာလူထုများ အကြား ပူးပေါင်းဆောင်ရွက်နေပုံများကို ဖော်ပြထားသည်။ ဤစာအုပ်တွင် မြန်မာစစ်အစိုးရ၏ ဆုံးဖြတ်ချက် ချမှတ်လုပ် ကိုင်ပုံ အဆင့်ဆင့်၊ မြန်မာနိုင်ငံ၏ ရှုပ်ထွေးနက်နဲလှသည့် သဘာ၀၀န်းကျင်ဆိုင်ရာ နိုင်ငံရေး သဘာသဘာဝကို လှစ်ဟ ဖော်ပြလိမ့်မည်ဟု မျှော်လင့်ထားမိသည်။ သို့သော်လည်း ဤအချက်များ မတွေ့ရပါ။ ၎င်းအစား ရာဘင်နိုဝစ်ဇ်၏ ပုဂ္ဂိုလ်ရေး စွန့်စားခန်းများကိုသာ တွေ့နေခဲ့ရသည်။ စာရေးသူ ငယ်စဉ်က စကားထစ်သည့် အကြောင်း၊ တိရိစ္ဆာန်များကို စိတ်ဝင်စားရာ မှ ဤပြဿနာကို ကျော်လွှားနိုင်ခဲ့သည့် အကြောင်း၊ သူ၏ အိမ်ထောင်ရေး ပြဿနာများ၊ ကင်ဆာရောဂါ သူ့တွင် စွဲကပ်နေ သည်ဟု သိရှိလာရပုံ စသည့်အကြောင်းများကို အသေးစိတ် ဖတ်ကြရမည် ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ၏ သဘာဝပတ် ၀န်းကျင် ပြဿနာကို နားလည်သဘောပေါက်စေရန်အတွက် အနည်းငယ်မျှသာ အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မည်။

စာဖတ်သူများအဖို့ ရာဘင်နိုဝစ်ဇ်က မြန်မာ လုပ်ဖော်ကိုင်ဖက်များနှင့် ပြင်းပြင်းထန်ထန် ကြိုးစား လုပ်ကိုင်ကြရပုံ၊ ဆင်းရဲလှ သည့် ကျေးရွာနေလူထုများအနေဖြင့် အသစ်ချမှတ်လာသည့် အမဲလိုက်ခြင်းနှင့် တောတွင်းထွက်ပစ္စည်း ရှာဖွေခြင်း စည်း မျဉ်းများကို ပို၍ ကျပ်တည်းစွာ ရင်ဆိုင်ကြုံတွေ့လာကြရပုံ၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် အစိုးရ ၀န်ကြီးများကသာ အရာရာ နောက်ဆုံး ဆုံးဖြတ်ချက်ချပေးလေ့ ရှိပုံများကို ဖတ်ရှုလိုကြသော်လည်း ဆန္ဒပြုရုံ သက်သက်မျှသာ ရှိပါလိမ့်မည်။ ဤစာအုပ်တွင် မြင်တွေ့ကြရလိမ့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံမှ ကြားရခဲလှသည့် အဖိနှိပ်အခံရဆုံးသော လူအုပ်စုများ၏ အသံ၊ အရာရာ အလိုရှိသမျှ ရနိုင်ကြသည့် သိပ် အင်အားကြီးထွားလှသည့် လူအုပ်စုများ၏ အသံကို ကြား၍ ရနိုင်ပါက၊ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကို မည်သို့ စီမံခန့်ခွဲ အုပ်ချုပ်နေသည်ကို ပို၍ ထင်ထင်ရှားရှား မြင်သာလိမ့်မည် ဖြစ်ပါသည်။

ပို၍ ဆိုးသည်မှာ ကံမကောင်းအကြောင်းမလှစွာပင် ဤစာအုပ်တွင် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုနှင့် နိုင်ငံရေးအခြေအနေ အတွင်းသဘောကို ထင်ဟပ် ဖော်ပြထားခြင်း မရှိဘဲ၊ ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် နေထိုင်ကြသည့် မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးအုပ်စုများ အကြောင်းကိုပင် တို့ထိ ဖော်ပြထားခဲ့ခြင်း မရှိပါ။ ရာဘင်နိုဝစ်ဇ်က ရှားရှားပါးပါး လူသူ ရောက်ပေါက်ခဲလှသည့် ပိတ်ပင်တားမြစ်ထားသည့် ဤဒေသသို့ ရောက်ရှိခဲ့သည်မှာ အခွင့်ထူးလှသည်ဟု ဆိုနိုင်သော် လည်း သူ၏ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးလုပ်ငန်းနှင့် သက်ဆိုင်နေသည့် လူမှုရေး-ယဉ်ကျေးမှု ကဏ္ဍများကို ထင်ဟပ် ဖော်ပြနိုင်ခဲ့ခြင်း မရှိပါ။ ချွင်းချက်တခုအနေဖြင့် ပြောရလျှင် နာဂလူမျိုးများက ကျားကို ကိုးကွယ်ကြသည့် ထူးထူးဆန်းဆန်း ယုံကြည်ကိုးကွယ်မှု အကြောင်းကိုသာ ဖော်ပြခဲ့ပါသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ကျားမျိုးနွယ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းသည် “မိမိတို့ ခေတ်ကာလ၏ အရေးပါလှ သည့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ပုံစံ” ဟု အမွှမ်းတင် ဖော်ပြခဲ့သော်လည်း၊ ပို၍ အနီးကပ် လေ့လာ စစ်ဆေး ကြည့်ရှုရန် လိုနေပါသေးသည်။ ခေတ်နောက်ကျနေပြီ ဖြစ်သည့် “ လူများကို ဘေးဖယ်ထုတ်၍ စဉ်းစားသည့်” ချည်းကပ်ပုံမျိုးဖြင် သဘာ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို စဉ်းစားခဲ့သောကြောင့် ယခင်က သူနှင့် သူ၏အဖွဲ့အစည်း (WCS-Burma) ဝေဖန်မှု ခံခဲ့ရခြင်း ဖြစ်ပါသည်။ “အကယ်၍ မိမိတို့က တောရိုင်းနယ်မြေအတွင်း နေထိုင်နေကြသည့် ဒေသခံပြည်သူများ၏ ဘ၀များနှင့် အသက်ရှင်သန် ရပ်တည် နေထိုင်ရေးကို မစဉ်းစားခဲ့ပါက ဆုံးရှုံးမှုနှင့် ကြုံတွေ့ရမည်သာ ဖြစ်သည်” ဟု ရာဘင်နိုဝစ်ဇ်က ဆိုခဲ့သော်လည်း စာဖတ်သူများက ဤအပြောကို သံသယဖြင့် စောင့်ကြည့်နေကြဦးမည်သာ ဖြစ်သည်။ (WCS) က အပြောနှင့် အလုပ် ညီ-မညီကို စောင့်ကြည့်နေကြ ဦးမည် ဖြစ်သည်။

သို့သော်လည်း ဤစီမံချက်တွင် (WCS) က မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ပါအောင် စည်းရုံး ဆွဲဆောင်နိုင်ခဲ့သည်ကိုတော့ ချီးကျူးရလိမ့်မည် ဖြစ်သည်။ ကချင် လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က လွင်ပြင်၏ တစိတ်တဒေသကို ထိန်းချုပ်ထားပြီး အောင်လောက် (Aung Leuk) ဒေသတွင် ဌာနချုပ် စခန်းချထားပါ သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိစ္စကို ပြောမည်ဆိုလျှင် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ အင်အားစု အားလုံး ပါဝင်ဆောင်ရွက်နိုင်သည့် ဘက်စုံချည်းကပ်မှုဖြင့် ဆောင်ရွက်နိုင်မည် -မနိုင်မည်မှာ သံသယပွားစရာပင် ဖြစ်ပါသည်။ သာဓကအားဖြင့် ဘေးမဲ့တော သတ်မှတ်ခဲ့ရာ၌ မြန်မာစစ်အစိုးရက အရင်ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ပြီး၊ (ကေအိုင်အေ) အဖွဲ့ နှင့် လုံလောက်သည့် ညှိနှိုင်းဆွေးနွေးမှုများ မရှိဘဲ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ရာဘင်နိုဝစ်ဇ်က (ကေအိုင်အေ) ထံမှ ဤ ဘေးမဲ့တော သတ်မှတ်ကြောင်း သဘောတူညီချက်ကို လက်မှတ်ထိုးခိုင်းသည့်အခါ ၎င်းတို့ထိန်းချုပ်ထားရာ ဒေသတွင် နောက်ထပ်ချမှတ် တင်းကျပ်လာမည့် စည်းမျဉ်းများအကြောင်းကို ရှင်းပြခဲ့ခြင်း မရှိပါ။ “၎င်းတို့၏ မြေနှင့် ယဉ်ကျေးမှု အမွေ အနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်” များစွာ အထောက်အကူ ဖြစ်စေမည်ဟုသာ ပြောဆိုတိုက်တွန်းခဲ့ပါသည်။ (ကေအိုင်အေ) အဖွဲ့က ချီတုံချတုံ ဖြစ်နေစဉ်တွင် စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက “ဟူးကောင်းချိုင့် ၀ှမ်းဒေသ ကျားဘေးမဲ့တောကို လက်ခံသဘောတူရန်” ဖိအားပေး ပြောဆိုလာခဲ့ပါသည်။ ဤအခြေအနေရောက်မှသာ ယခု (WCS-Burma) က ဘေးမဲ့တော ထိန်းသိမ်းမှု ပုံစံဟု ချီးကျူးကြွားလုံးထုတ်နေသည့် ကျားဘေးမဲ့တော ဖြစ်ပေါ်လာရပါတော့သည်။

အခြား ထင်ရှားသည့် ပြဿနာတရပ်မှာ ကျားဘေးမဲ့တော ထူထောင်မှုနှင့်အတူ ဤဒေသအတွင်း မြန်မာစစ်တပ်တိုးချဲ့ ချထားမှု ဆက်စပ်နေခြင်း ဖြစ်ပါသည်။ (WCS) က မြန်မာနိုင်ငံရှိ သဘာဝဘေးမဲ့တောတွင် စစ်တပ်များ တိုးချဲ့ချထားရန် အတွက် တိုက်ရိုက် အထောက်အပံ့ပေးခဲ့သည် ဆိုသည့်ကိစ္စကို ရာဘင်နိုဝစ်ဇ်က ငြင်းပယ်ခဲ့ပါသည်။ သို့သော်လည်း (WCS) က ၎င်းတို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ၌ မရည်ရွယ်ဘဲနှင့် ထိုဒေသ အတွင်း သတ္တဇီဝ မျိုးကွဲများ စုံလင်ကြွယ်ဝကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် အမြတ်ထုတ် အသုံးချနိုင်မည့် သဘာဝအရင်း အမြစ်များ ပေါကြွယ်ဝကြောင်း ဖော်ပြပြောဆိုခဲ့မှုများ ရှိပါသည်။

စာရေးသူ ရာဘင်နိုဝစ်ဇ်က ငြင်းပယ်နေသော်လည်း ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်ကို ဖြတ်သန်းသွားရာ လီဒိုလမ်းမကြီး တလျှောက်၌ မြန်မာစစ်တပ်များ ပိုမိုတိုးတက် တပ်စွဲလာခဲ့ကြောင်း သူက ၀န်ခံဖော်ပြထားပါသည်။ တနိုင်းဒေသတွင်လည်း စစ်ရေးလှုပ်ရှားမှု ပို၍ များပြားလာသည်။ ဤလွင်ပြင်၏ နာဂလူမျိုးများ နေထိုင်ရာဒေသများတွင်လည်း စစ်တပ်များ တိုးလာ ခဲ့ပါသည်။ “စစ်တပ်က ဤနေရာတွင် ၎င်း၏ချုပ်ကိုင်မှုကို ပို၍ ပိုက်စိတ်တိုက်လာခဲ့ကြောင်း” သူက မတတ်သာ၍ ၀န်ခံ ဖော်ပြထားပါသည်။

ဤဒေသအတွင်း ပိုမိုထိန်းချုပ်နိုင်ရေးအတွက် မြန်မာစစ်အစိုးရ၏ နောက်ထပ်ကြိုးပမ်းမှု တခုမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ကို ဖွဲ့စည်းနေရာချထားပေးခဲ့ခြင်း ဖြစ်ပြီး၊ အထူးသဖြင့် ကျားဘေးမဲ့တောကို စောင့်ကြည့်ရန် တာဝန်ပေးထားခြင်းဖြစ်သည်။ ဤရဲတပ်ဖွဲ့ကို (WCS) က ထောက်ပံ့ပေးထားသည်။ စိတ်ဝင်စားဖွယ် ကောင်းသောအချက်မှာ ဤသို့ဖွဲ့စည်းရန် ယခင်က ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့်က အကြံပြုခဲ့ခြင်းဖြစ်ပြီး၊ “ဟူးကောင်းချိုင့်ဝှမ်းဒေသ ကျားဘေးမဲ့တောအတွက် အနောက်တိုင်းမှ (WCS) အနေဖြင့် ယခင်က တခါမှ မရရှိဘူးသော မဟာမိတ်” ဟု ဖော်ပြထားပါသည်။ ရာဘင်နိုဝစ်ဇ်၏ မြန်မာလုပ်ဖော်ကိုင်ဖက်များကမူ ဤဘေးမဲ့တောထဲတွင် ရဲတပ်ဖွဲ့တခု အခြေချထားရန်အတွက် ၎င်းကဲ့သို့ စိတ်အားထက်သန်မှု မရှိခဲ့ကြပါ။ “ရဲများက ရသမျှအခြေအနေပေါ် အမြတ်ထုတ် ကြမည်ကို သိနေကြသည်” ဟု ဆိုသည်။

ရာဘင်နိုဝစ်ဇ်အနေဖြင့် ထူးခြားပြောင်မြောက် လေးစားဖွယ်ရာ စွမ်းဆောင်နိုင်ခဲ့ပါသည်။ ရွှေမိုင်းတူးဖော်နေခြင်းနှင့် ဥယျာဉ် ခြံ စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဟူးကောင်းချိုင့်ဝှမ်းဒေသ၏ သဘာ၀၀န်းကျင် ဆုံးရှုံးနစ်နာရပုံနှင့် ၎င်းကို ကာကွယ်ရန် လိုအပ်မှုကို မြန်မာစစ်အစိုးရသို့ နားချ တိုက်တွန်းနိုင်ခဲ့ပါသည်။ ဤသို့ အံ့သြဖွယ် မြေမျက်နှာသွင်ပြင်နှင့် ဂေဟဗေဒ သဘောအရ ထွေပြားလှသည့် ဤဒေသကို ကာကွယ်ရန် အစီအမံများလည်း ချမှတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ပြောရ မည်ဆိုလျှင် ဤစွမ်းဆောင်နိုင်မှုမှာ နည်းလွန်းသည်ဟု ဖော်ပြရမည်ဖြစ်ပြီး နောက်ကျပြီးမှ ဆောင်ရွက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ဤစာအုပ်ကို ဖတ်ရသည်မှာ ပြီးဆုံးဟန် မတူသေးပါ။ ဆက်၍ ရေးသားရန် ကျန်ပါလိမ့်ဦးမည်။ အကြောင်းမှာ ဤဘေးမဲ့ တောကို (WCS) နှင့်အတူ စိတ်အပြောင်းအလဲမြန်သည့် မြန်မာစစ်ခေါင်းဆောင်များ ပူးတွဲအုပ်ချုပ်နေရခြင်း ဖြစ်ပြီး၊ အချိန် မရွေး ထိခိုက်ပျက်စီး သွားနိုင်ပါသေးသည်။ ထို့အပြင် ၎င်းကျားဘေးမဲ့တောကို တိုးချဲ့လာနေသည့် ရွှေမိုင်းများ၊ ဥယျာဉ်ခြံ လုပ်ငန်းများ၊ လမ်းတိုးချဲ့ဖောက်လုပ်မှုများက တဖြည်းဖြည်း ၀ိုင်းပတ်လာနေပါသည်။     ။

ဇောင်နူးမ်ရေးသားသည့် Taming the Generals to Save the Tigers ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။
ဇောင်နူးမ် သည် နိုင်ငံရေးဆိုင်ရာ ဂေဟဗေဒကို လေ့လာနေသူ သုတေသီ တဦးဖြစ်ပြီး၊ သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူတဦးလည်း ဖြစ်ပါသည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်