မှိုင်းဋီကာ မှိုင်းဗေဒ သို့မဟုတ် သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ

Saturday, 11 September 2010 17:21 စာအုပ်စင်ကဏ္ဍ
Print
၁၉၆၀ နှင့် ၁၉၇၀ လွန် နှစ်ကာလများက မြန်မာစာပေ နယ်ပယ်တွင် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ လှိုင်လှိုင် ထွက်ရှိခဲ့ဖူးသည်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင်များ အကြောင်း ရေးသားထားသည့် အတ္ထုပ္ပတ္တိ စာအုပ်များမှာ စာဖတ်သူများကို ဆွဲဆောင်ဖမ်းစားထားနိုင်ခဲ့ကြ၏။ ဥပမာ တရုတ်ပြည်မှ ချူအင်လိုင်း၊ ကျူးဘားမှ ကပ်စ်ထရို၊ ချီလီမှ အာယန်ဒေး အစရှိသော စာအုပ်များဖြစ်၏။

thekhinkodawhmyingမြန်မာစာပေတွင် အတ္ထုပ္ပတ္တိ စာပေအမျိုးအစား စတင်ပေါ်ပေါက် လာသည်မှာပင် ဘာမျှမကြာသေး။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှသာ စတင်၏။ အထူးသဖြင့် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်ဝန်းကျင်မှသာ မြန်မာစာပေ နယ်ပယ်တွင် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ အင်တိုက်အားတိုက် ထွက်ရှိလာခြင်း ဖြစ်သည်။ သို့သော် ဝမ်နည်းဖွယ် ကောင်းသည်မှာ ၁၉၈၀ လွန် နှစ်များမှစပြီး အတ္ထုပ္ပတ္တိဆိုင်ရာ စာအုပ်များမှာ ပြန်လည်ငုတ်လျှိုးသွားရပြန်သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာ လထဲတွင်မူ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ စာအုပ် တအုပ် ထွက်လာ၏။

“နယ်ချဲ့ဆန့်ကျင်ရေး ငြိမ်းချမ်းရေးဖခင်ကြီး မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း” အမည်ဖြင့် ထွက်လာခြင်းဖြစ်သည်။ ရေးသားပြုစုသူမှာ“သန်းဝင်းလှိုင်” ဟူ၍ ဖြစ်သည်။ အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်ထုတ်ဝေမှုများ နည်းပါးလွန်းနေစဉ် ဤစာအုပ် ထွက်လာခြင်းက မြန်မာစာပေနယ်ပယ်ထဲက အိပ်မောကျလုနီးပါးဖြစ်နေသည့် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာပေနယ်ကို လှုပ်နှိုးလိုက် သကဲ့သို့ ဖြစ်လေသည်။

ဆရာကြီး သခင် ကိုယ်တော်မှိုင်း စာအုပ်တွင် မင်းယုဝေနှင့် ဒေါက်တာ ခင်အေး(မောင်ခင်မင်-ဓနုဖြူ)တို့၏ အမှာစာများ နှင့် အတူ အခန်းပေါင်း(၂၅)ခန်းဖြင့် ဖွဲ့ စည်းထားသည်ကို တွေ့ ရသည်။ အခန်း(၄)မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ဘဝ ဖြစ်စဉ် ရက်စွဲသမိုင်း ဖေါ်ပြထားသည်ကိုတွေ့ ရသည်။ အခန်း(၅)နှင့်(၆)တွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရေးသား ခဲ့သောစာအုပ်စာရင်းနှင့် ဆရာကြီး တည်းဖြတ်ထုတ်ဝေခဲ့သော စာအုပ်စာရင်းကို ဖေါ်ပြထား၏။ အခန်း(၇)မှာ စာအုပ် ရေး သားပြုစုသူ ဆရာသန်းဝင်းလှိုင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ နိုင်ငံရေးနှင့် စာပေကြိုးပမ်းမှုများအပေါ် လေ့လာချက် အခန်းဖြစ်သည်။ အခန်း(၈)မှ အခန်း(၂၄)အထိမူ ဆရာကြီး၏ အတ္ထုပ္ပတ္တိကို ခေါင်းစဉ်များခွဲလျက် ရေးသား ပြုစုထားသည့် အခန်းများဖြစ်သည်။ နောက်ဆုံးအခန်း(၂၅)မှာ ကိုးကား စာရင်းဖြစ်သည်။

၁၈၈၅ ခု နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ် တို့သည် နယ်ချဲ့အင်္ဂလိပ် တို့၏ ဖမ်းဆီးခေါ်ဆောင် ရာနောက် လိုက်ပါသွားခဲ့ကြရ၏။ ထိုစဉ်က နောင်အခါ သခင်ကိုယ်တော်မှိုင်း ဖြစ်လာမည့် အသက် ဆယ်နှစ်သား အရွယ် မောင်လွန်းမှာ စာတော်ဝန် ဦးခဲကျောင်း လက်ရန်းပေါ်မှနေ၍ လှမ်းမြင်ခဲ့ရ၏။ ဤမြင်ကွင်း ဤအဖြစ်အပျက်သည် နောင်အခါ နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ခေါင်းဆောင်၊ မျိုးချစ်စာပေပညာရှင် တဦးဖြစ်လာမည့် မောင်လွန်း ကလေးကို ဘဝအလှည့်အပြောင်း အတွေးအခေါ် အလှည့်အပြောင်းဖြစ်စေသည့် မြင်ကွင်းနှင့် အဖြစ် အပျက်ဖြစ်စေခဲ့။

ထို့နောက် အသက်(၁၈)နှစ်အထိ အညာတခွင် နယ်တကာလှည့်ကာ ပညာရှာခဲ့သည်။ အင်္ဂလိပ်-မြန်မာ အစိုးရကျောင်း သတ္တမတန်း စာမေးပွဲအောင်သည်။ထို့နောက် မော်လမြိုင်မြို့သို့ပြောင်းသည်။ ပုံနှိပ်တိုက်တွင် အလုပ်လုပ်သည်။ စာစီဘဝမှ အစပြုကာ အယ်ဒီတာ အထိ အဆင့်ဆင့်တက်လှမ်းသည်။ ရန်ကုန်မြို့သို့ ပြောင်းသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း အင်တိုက်အားတိုက် စတင်ရေးသားသောစာပေမှာ ပြဇာတ်များဖြစ်သည်။ ရွှေတောင် မောင်လွမ်း၊ ရွှေတောင် မောင်လွန်း ဟူ၍ မသတ်နှင့်နသတ် နှစ်မျိုးစလုံး ကလောင်အမည် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်မူ ဦးလွန်း၊ ဆရာ လွန်း ဟူ၍ သုံးစွဲရေးသားခဲ့သည်။ ဆရာကြီး ရေသားခဲ့သည့် ပြဇာတ်များမှာ ၈၀ ဝန်းကျင်ရှိသည်ဟု ဆို သည်။ အတိအကျမူ မည်သူမျှမသိ။ ထို့နောက်တဖန် မော်လမြိုင်မြို့သို့ပြောင်းသည်။ မြန်မာတိုင်း သတင်းစာတွင် ဝင်ရောက် လုပ် ကိုင်သည်။ ဆောင်းပါးများ ကဗျာများရေးသည်။ သတင်းစာဆရာ ဘဝသို့ စတင် အခြေချသည်။

ထိုစဉ်ကမူ သမားရိုးကျ ကဗျာများ ဆောင်းပါးများသာ ရေးသည်။ ၁၉၁၁ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ သူရိယ သတင်းစာ တိုက် တွင် စာပြင်အယ်ဒီတာ အဖြစ် လုပ်သည်။ သူရိယ သတင်းစာတိုက်မှာ ထိုစဉ်က ဝိုင်အမ်ဘီအေ ဟု ခေါ်သော ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်းကြီး၏ လက်ကိုင် သတင်းစာဖြစ်သည်။

ထိုအချိန်မှစတင်ကာ နာမည်ကျော် မစ္စတာမောင်မှိုင်း ကလောင်အမည်ဖြင့် စာပေပေါင်းစုံရေးသည်။ ဤကလောင် အမည် သည်ပင် ဆရာကြီး၏ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်ကို ဖေါ်ပြသည့် အမည်ဖြစ်စေခဲ့သည်။

“ဝန်စာရေး ဦးကြီး”၏ “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း”ဝတ္ထုထဲမှ ဇာတ်ကောင်“မောင်မှိုင်း”၏ အမည်ကို ယူထားသည့် ကလောင် အမည်ဖြစ်သည်။ ဤဝတ္ထုတွင် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းမှာ ကိုယ်ကျင့်တရားမကောင်းသည့် ကြာကူလီ မောင်မှိုင်း အဖြစ်ပါဝင်၏။

ထိုစဉ်က မြန်မာပညာတတ်တချို့နှင့် နယ်ချဲ့ကိုအထင်ကြီးသည့် မြန်မာတချို့ က မိမိတို့၏ အမည်ရှေ့တွင် မစ္စတာ အမည် တပ်ပြီး ဂုဏ်ယူဝံ့ကြွား နေတတ်သဖြင့် ဆရာကြီးက ကြာကူလီမောင်မှိုင်း ၏ ရှေ့တွင် မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်းဟု ကလောင်အမည်တပ် စာတွေရေးသည့်အခါ နယ်ချဲ့ ကိုအထင်ကြီးသည့် မြန်မာများ အရှက်ရစေခဲ့၏။ မစ္စတာ အမည်များ လည်း ပပျောက်သွားခဲ့ရ၏။ နောင်အခါ ဆရာကြီး၏ စာပေလက်ရာများမှာ ဘဝနိဂုံးချုပ်သည့် အချိန်အထိ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် ကင်းကွာသည်ဟူ၍ မရှိတော့ချေ။

သခင်ကိုယ်တော်မှိုင်း ၏ ကြီးမြတ်မြင့်မားသည့် ဂုဏ်ပုဒ်များမှာ များပြားလှပါသည်။ အထူးသဖြင့် နယ်ချဲ့ အင်္ဂလိပ် အစိုးရ ၏ လျှို့ဝှက် ပုလိပ်မှတ်တမ်း ရန်သူတော်စာရင်း၌ နံပါတ်(၁) စာရင်းဝင်ဖြစ်သူ၊ (နံပါတ်၂ မှာ သခင်ဗဟိန်း၊ နံပါတ် ၅ မှာ သခင် အောင်ဆန်းဖြစ်ကြောင်း သိရသည်။)

အင်္ဂလန်နိုင်ငံ၏ အိမ်ရှေ့ စံမင်းသား မြန်မာပြည်လာရောက်စဉ် ဘုန်းတော်ဘွဲ့ ရေးသားရန် ငွေပေးကမ်းလှမ်းခဲ့သည်ကို ငြင်း ပယ် သူ၊ နယ်ချဲ့ဆန့် ကျင်ရေးခေတ်ဦး ကာလများအတွင်း ပေါ်ပေါက်ခဲ့သမျှ အရေးတော်ပုံတိုင်းတွင် ကဗျာလင်္ကာနှင့် ဆောင်းပါး များရေးလျက် အတိအလင်း ထောက်ခံအားပေးခဲ့သူ။ ထိုစဉ်က စာပေနယ် သတင်းစာနယ်ပယ်တွင် နယ်ချဲ့
တော်လှန်ရေး အရေးတော်ပုံများအပေါ် ဆရာကြီးကဲ့သို့ အတိအလင်းထောက်ခံရေးသားသည့် သတင်းစာနှင့် စာပေသမား များ ရှားပါးလွန်းခဲ့သည်။

ပြည်သူအများ ဆုံးဖြတ်ရခက်ခဲသော သမိုင်းဆိုင်ရာ နိုင်ငံရေး ဘေးကျပ် နံကျပ်ကာလများ၌ ဆရာကြီးသည် မှန်ကန် ထက်မြက်စွာ ရပ်တည်ဆုံးဖြတ်နိုင်သူ၊ အမျိုးသား သစ္စာဖောက်များ အပေါ် မထောက်မညှာ ဝေဖန်ရှုတ်ချရန် ဝန်မလေးသူ၊ ပြည်တွင်းငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စများကို စွမ်းစွမ်းတမန် ဦးဆောင်သူ အစရှိသည့် ဂုဏ်ပုဒ်များမှာ ထင်းပြက် ဝင်းလက် လွန်းသည့် ဂုဏ်ပုဒ်များပင်ဖြစ်သည်။

ဆရာကြီး ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့သော စာအုပ်များမှာ(၄၄)အုပ်၊ တည်းဖြတ်ထုတ်ဝေခဲ့သည့် စာအုပ်မှာ(၁၅) အုပ်ဖြစ် သည်။ စာပေအမျိုးအစားအားဖြင့် ဋီကာ၊ ပြဇာတ်၊ သရော်စာ၊ ငိုချင်း၊ ဝတ္ထုနှင့် လေးချိုးကြီးများ စသည်တို့ ဖြစ်သည်။ လူကြိုက်အများဆုံးနှင့် အောင်မြင်မှု အရဆုံးမှာ မဟာကဗျာလေးချိုးကြီးများဖြစ်သည်။

မြန်မာစာပေသမိုင်း၌ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကဲ့သို့ ပြည်သူက တခဲနက် လေးစားကြည်ညိုသည့် စာရေး ဆရာ၊သတင်းစာ ဆရာ၊ ကဗျာ ဆရာ ဟူ၍ တဦး တယောက်မျှ မရှိသေး မပေါ်ပေါက်သေးပါ။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ အတ္ထုပ္ပတ္တိ စာအုပ် ရေးသားပြုစုသူ ဆရာ သန်းဝင်းလှိုင် ကို စာဖတ်သူများက ကျေးဇူးတင်ရမည် မှာ ငြင်း၍ မရနိုင်ပါ။ အထူးသဖြင့် ဆရာကြီး၏ စာအုပ်များ စာရင်း၊ ဆရာကြီး၏ ဘဝဖြစ်စဉ် အဆင့်ဆင့်ကို ဖေါ်ပြရာ၌ တခြား အတ္ထုပ္ပတ္တိ စာအုပ်များထက် ပိုမိုစနစ်ကျပြည့်စုံသည်ကိုတွေ့ ရ၏။ ဤ အချက်မှာ အရင်ကထုတ်ဝေခဲ့ဖူးသော ဆရာကြီး အတ္ထုပ္ပတ္တိ စာအုပ်များ၏ လစ်ဟာချက်ကို ဖြည့်ပေးလိုက်သကဲ့သို့ ပင်ဖြစ်သည်။

ဆရာကြီး၏ အတ္ထုပ္ပတ္တိ ကို တိုင်းပြည်က သိရန်လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် လူငယ်များ ပိုပြီး သိရန်
လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ ဘဝဖြစ်စဉ်မှာ မိမိတိုင်းပြည်၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု သမိုင်းနှင့် ထိစပ်နေသောကြောင့်ဖြစ်သည်။ ဤနှစ်ခုမှာ ခွဲ၍မရပါ။

ထို့ကြောင့် သခင် ကိုယ်တော် မှိုင်း၏ သမိုင်းကိုလေ့လာခြင်းဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း နှင့် ပြည်တွင်းငြိမ်းချမ်းရေး သမိုင်းကိုပါ အလိုအလျောက်လေ့လာမိမည်ဖြစ်သည်။

ဆရာ သန်းဝင်းလှိုင် ၏ “နယ်ချဲ့ ဆန့်ကျင်ရေး ငြိမ်းချမ်းရေး ဖခင်ကြီး မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော်မှိုင်း” စာအုပ် တွင် ဖြည့်စွက်အကြံပြုစရာ ရှိပါသည်။ ဆရာကြီးသည် တိုင်းပြည်က လေးစားရသည့် စာဆိုကြီးဖြစ်ရန် နိုင်ငံရေးကြိုးပမ်းမှု အပါအဝင် မြန်မာစာပေဖွံ့ ဖြိုး တိုးတက်စေရေး ကြိုးပမ်းမှုသည်လည်း အရေးပါသည့် ကြိုးပမ်းမှု ဖြစ်ပါသည်။

ဆရာကြီး၏ မဟာကဗျာ လေးချိုးကြီးများ တီထွင်စပ်ဆိုမှု၊ ပြဇာတ်များတွင် စကားပြေတဝက်၊ လင်္ကာတဝက် နည်းကို အသုံး ပြုခြင်း၊ အထူးသဖြင့် လူထုသုံး စကားလုံး ဝေါဟာရများကို အဓိကထား အသုံးပြုခြင်း အစရှိသည့် စာပေကြိုးပမ်းမှုများ ကို လည်း တခမ်းတနား အသေးစိပ်ဖေါ်ပြစုစည်းပေးနိုင်လျှင် ဤစာအုပ်မှာ ပိုမိုပြည့်စုံမည်ဟု ယူဆမိပါသည်။

အရေးမပါဘူးဟု ယူဆလျှင်ရသော်လည်း ပြောစရာတချက်တော့ ရှိပါသေးသည်။ ဆရာသန်းဝင်းလှိုင်က ဤစာအုပ်၏ အဖွင့် စာမျက်နှာများတွင် အမှာစာများနှင့်နည်းတူ သူ၏ ထုတ်ဝေပြီး စာအုပ် စာရင်း၊ ဆက်လက်ထုတ်ဝေမည့် စာအုပ်စာရင်း နှင့် အတ္ထုပ္ပတ္တိ ကို အခန်း(၁)၊ အခန်း(၂)နှင့် အခန်း(၃)တို့တွင်  ဦးစွာ ပထမ ဖေါ်ပြပြီးမှသာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ ဆိုင်ရာ ကဏ္ဍများကို အခန်း(၄)အဖြစ် စတင်ဖေါ်ပြသည်ကို တွေ့ ရပါသည်။

အမှန်အားဖြင့်ဆိုလျှင် ဤအကြောင်း အရာများမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ နှင့် သက်ဆိုင်ခြင်းမရှိသည့် အကြောင်း အရာ များသာဖြစ်သည်ဟု ယူဆပါသည်။ အများအားဖြင့် ဤအကြောင်းအရာ ဤအချက်အလက်များမှာ စာအုပ် ၏ နောက်ပိုင်းတွင်သာ ထည့်သွင်း ဖေါ်ပြရိုးထုံးစံလည်း ရှိပါသည်။

ဆရာ သန်းဝင်းလှိုင် ၏ အတ္ထုပ္ပတ္တိ ၊ ထုတ်ဝေပြီးစာအုပ် နှင့် ဆက်လက်ထုတ်ဝေမည့် စာအုပ်များ ကို ဤစာအုပ်၏ ရှေ့ ပိုင်း တွင် ထည့်သွင်းဖေါ်ပြခြင်းထက် နောက်ပိုင်းတွင်သာ ဖေါ်ပြသင့်သည်ဟု ယူဆမိပါသည်။

“သခင်ကိုယ်တော်မှိုင်းဋီကာ”စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာဇော်ဂျီက ယင်းစာအုပ်တွင် ယခုကဲ့သို့ ရေးခဲ့ဖူးပါသည်။

“အိန္ဒိယ လွတ်လပ်ရေးကို နေရူးသည် လောလောဆယ် အားဖြင့် ယူပေးခဲ့သည်မှာ မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒ အင်အားကို တဂိုးက စည်းရုံးပေးနိုင် ခဲ့သောကြောင့်ဖြစ်သည်။ တရုတ် ပြည်သစ် ထူထောင်ရေးကို မော်စီတုန်းသည် လောလောဆယ်အားဖြင့် ယူပေးခဲ့သည်မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို လူရွှန်းက စည်းရုံးပေးခဲ့သော ကြောင့်ဖြစ်၏။ ထိုနည်းတူစွာ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်းသည် လောလောဆယ်ယူပေးခဲ့သည် မှန်၏။ သို့ရာတွင် တိုင်းပြည်၏ ဆန္ဒအင်အားကို သခင် ကိုယ်တော်မှိုင်းက စည်းရုံးပေးခဲ့သောကြောင့်ဖြစ်သည်ဟု ယူဆ ပါသတည်း” ဟု ရေးခဲ့ဖူးသည်။

တချို့သော စာပေ ပညာရှင် များကလည်း ယခုကဲ့သို့ ပြောခဲ့ဖူးပါသည်။

“ရုရှား ပြည် အကြောင်းပြောလျှင် ဗေါ်လ်ဂါမြစ်ကြီးနှင့် စာရေးဆရာကြီး ဂေါ်ဂီ အကြောင်း ချန်လှပ်ထားလို့မဖြစ်။ တရုတ်ပြည် ကြီး အကြောင်းပြောလျှင် ယန်စီမြစ်ကြီးနှင့် ကဗျာ ဆရာကြီး လူရွှန်း အကြောင်း ချန်လှပ်ထားလို့မဖြစ်။ မြန်မာပြည် အကြောင်း ပြောလျှင် ဧရာဝတီမြစ်ကြီးနှင့် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကို ချန်လှပ်ထားလို့မဖြစ်” ဟူသည့် စကားဖြစ်ပါ သည်။

ကျနော်တို့တိုင်းပြည်၊ ကျနော်တို့ လူမျိုး၏ ဤမျှ အရေးပါသော ပုဂ္ဂိုလ် တဦးဖြစ်သည့် ဆရာကြီး သခင် ကိုယ်တော် မှိုင်း ၏ အတ္ထုပ္ပတ္တိ ကို ကျနော်တို့ ဖတ်ခွင့်ကြုံရ၏။ မိမိလူမျိုး မိမိတိုင်းပြည်၏ ဇာတိပုည ဂုဏ်မာနကိုလည်း ထိတွေ့ ခွင့် ရလိုက်၏။

ထို့ကြောင့် အတ္ထုပ္ပတ္တိ ဆိုင်ရာ စာအုပ်များ ယခုထက်ထုတ်ဝေ နိုင်မည့် ခေတ်ကို ကျနော် မျှော်လင့်နေမိ၏။    ။

၂၃ - ၅ - ၂၀၁၀