ငြိမ်းချမ်းရေး ကြာပန်းရေစင်

Friday, 02 September 2011 16:24 စာအုပ်စင်ကဏ္ဍ
Print
ကျနော်တို့ နိုင်ငံအတွင်း မကြေညာဘဲ ဖြစ်ပွားနေသည့် ပြည်တွင်း စစ်သည် ဆယ်စုနှစ် ၆ ခု ကျော်လာ ခဲ့ပါပြီ။ ဝမ်းနည်း ကြေကွဲဖွယ်ပင် ဖြစ်သည်။

ပြည်သူတို့ကမူ စစ်ကို လိုလားကြသည် မဟုတ်။ ထို့ကြောင့် စစ်ရပ်စဲရေး ငြိမ်းချမ်းရေးအတွက် လူထုသည် လမ်းစ မရှာသည် မဟုတ်။ ရှာတော့ ရှာခဲ့သည်။ သို့သော် လမ်းစသာမြင်၍ လမ်းဆုံးအထိ လျှောက်ခွင့် မရခဲ့ကြ။ ပြည်တွင်းစစ်ရပ်စဲရေး တောင်းဆို သံများ မကြားခဲ့သည်မဟုတ်။ ကြားတော့ ကြားခဲ့ရသည်။ သို့သော် အသံသာကြားခဲ့ရပြီး အကောင်အထည်ကိုမူ ဖော်ဆောင်ဖို့ရာ အခွင့်အခါ မသာခဲ့ကြ။

Book-review-by-Nyein-Wai
စာအုပ်အမည်။    ။ ကြာပန်းရေစင်
စာရေးသူ။     ။ ဒဂုန်တာရာ
ထုတ်ဝေသူ။     ။ ဦးကျော်(ရှုမဝ ပုံနှိပ်တိုက်)
ထုတ်ဝေခုနှစ်။     ။ ၁၉၆၃ ခု၊ ဇူလိုင်လ
ဤ ဆယ်စုနှစ် ၆ ခုအတွင်း ပြည်သူတို့၏ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုသံကို(၂)ကြိမ်မျှ ကျယ်ကျယ်လောင်လောင် ကြားခဲ့နိုင် ပါသေးသည်။ ပထမအကြိမ်က ဖဆပလ အစိုးရလက်ထက်တွင်ဖြစ်ပြီး ဒုတိယအကြိမ်ကမူ တပါတီ အာဏာရှင် ဗိုလ်ချုပ် နေ၀င်း ၏ တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် ဖြစ်သည်။

ပထမအကြိမ်တွင် ပြည်သူ့ကိုယ်စား နိုင်ငံရေးပါတီများ၊ စာပေအနုပညာရှင်များ၊ ရုံးဝန်ထမ်းနှင့် ကျောင်းသူကျောင်းသားများက မိမိအစီစဉ်နှင့်မိမိ ပုံစံအမျိုးမျိုးနှင့် တောင်းဆိုခဲ့ကြ၏။ ဒုတိယအကြိမ်တွင် အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရကိုယ်တိုင်က ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံစကားပြောသည်အထိ ရှိခဲ့၏။ လူထုကလည်း လူမှုရေးအသင်းအဖွဲ့များအနေနှင့်လည်းကောင်း၊ ကျောင်းသားများ၊ စာပေအနုပညာရှင်များ၊ အလုပ်သမားနှင့် တောင်သူလယ်သမား များ အဆုံး ပြည်တွင်းငြိမ်းချမ်းရေး ဝိုင်းဝန်းတောင်းဆိုခဲ့ကြ၏။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး ချိုးငှက်ကူသံကိုမူ ပြည်သူများ ကြား နိုင်ဖို့ရာ အခြေအနေမပေးခဲ့ကြပါ။

ယခုအခါ၂၀၁၀ပြည့် ရွေးကောက်ပွဲနှင့်တက်လာသည့် အစိုးရလက်ထက် ယင်းအစိုးရ၏ အာဏာရကာလ ရက်ပေါင်း (၁၀၀)ကျော်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုသံများ နေရာဒေသအချို့မှ မမျှော်လင့်ဘဲ ကြားလာရသောအခါ ကျနော်သည် ပြည် တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သော စာအုပ်စာတမ်းများကို ပြန်လည်ရှာဖွေဖတ်ရှုလိုစိတ် ဖြစ်လာရ၏။ ထို့ကြောင့် သက်တော်ရှည် ကဗျာဆရာကြီး ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု အကြောင်းအရာ နောက်ခံဖြင့်ရေးသည့် “ကြာပန်းရေစင်”ဝတ္ထုကို ကျနော် ဖတ်ပါသည်။ သည်နည်းဖြင့် ကျနော်တို့မျိုးဆက်၏ ရှေ့က နောင်တော့်နောင်တော်များ၏ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို သိရှိနိုင်ကောင်းရဲ့ဟူသော ဆန္ဒနှင့် ဤ ကြာပန်းရေစင် ဝတ္ထုကို ကျနော် ဖတ်ပါသည်။

ကြာပန်းရေစင် ဝတ္ထုမှာ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်းကို နောက်ခံထား ရေးဖွဲ့သည့် ဝတ္ထုဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး အကြောင်း ရေးသားထုတ်ဝေသည့် စာအုပ်များ မရှိမဟုတ်၊ ရှိပါသည်။ သို့သော် ကြာပန်းရေစင် ဝတ္ထုလို ဝတ္ထုတပုဒ်အနေနှင့် ရသနှင့် ပေါင်းစပ်ရေးဖွဲ့သော စာအုပ်မျိုးမဟုတ်ဘဲ မိမိအမြင် မိမိဖြတ်သန်းရာ အတွေ့အကြုံအပေါ်မူတည်ပြီးမှ ခတ်ကြမ်းကြမ်းရေး သည့်စာအုပ်များသာ ဖြစ်ကြ၏။ ထို့အပြင် ယင်းစာအုပ်များကိုရေးသည့်ပုဂ္ဂိုလ်များမှာလည်း နိုင်ငံရေး အဖွဲ့အစည်းများ၏ ခေါင်း ဆောင်များ ဒါမှမဟုတ် နိုင်ငံရေးအဖွဲ့အစည်းနှင့် မကင်းသည့်ပုဂ္ဂိုလ်များသာဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်း၏ အမြင် အယူအဆများ အပေါ် အခြေခံသည့် ငြိမ်းချမ်းရေး စာအုပ်များသာဖြစ်သည်ဟု ကျနော် ခံစားမိ၏။ ထို့ကြောင့် ကျနော်က ကြာပန်းရေးစင် ဝတ္ထု စာအုပ်ကို ရွေးချယ်ပြီး ဖတ်ရှုခဲ့ခြင်းဖြစ်သည်။

ကြာပန်းရေစင် ဝတ္ထုကို ရေးသားသူ ဆရာ ဒဂုန်တာရာသည် မည်သည့်နိုင်ငံရေးပါတီဝင်မျှ မဟုတ်။ ကဗျာဆရာ စာရေးဆရာ တ ဦးမျှသာဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် တချိန်က ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည့်အပြင် ယခုအချိန် တွင်လည်း ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အရှိန်မြှင့်တင်နိုင်ရေး တတ်အားသရွေ့ ပါဝင်လှုပ်ရှားနေသူ တဦးဖြစ်၏။

ထို့အပြင် ဆရာဒဂုန် တာရာ သည်ကား ငြိမ်းချမ်းရေးဝါဒီဖြစ်သည်။ “ရန်သူမရှိ မိတ်ဆွေသာရှိ”ဟူသော သူ၏ အင်မတန် ကျော်ကြားသည့် စကားအတိုင်း သူ့ဘဝသက်တမ်းတလျှောက်လုံး ခံယူကျင့်သုံးလာခဲ့သူ ဖြစ်သည်။ “ငြိမ်းချမ်းသောနည်းဖြင့်သာ အောင်မြင်ရာ၏”ဟူသော အယူအဆကို ဆွဲကိုင်ထားသူ ဖြစ်သည်။ သူ၏ ငြိမ်းချမ်းရေးဆိုင်ရာ ရင်ခုန်သံများကို သူ့ကဗျာများဖြစ် သည့် “လွတ်ငြိမ်းခွင့်” ကဗျာနှင့် “ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ” ကဗျာများထဲ၌ အထင်အရှား ကြားနိုင်သည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် စာအုပ်များကို ဖတ်ရှုရန် ရွေးချယ်သောအခါ ယင်း “ကြာပန်းရေစင်” ဝတ္ထုကို ကျနော် တမင်ပင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကြာပန်းရေစင် ဝတ္ထုမှာ မြန်မာပြည်၏ လွတ်လပ်ရေးရပြီးခေတ် ပထမဆုံး နိုင်ငံ့အာဏာ ရယူထားသည့် ဖဆပလ အစိုးရ လက် ထက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကို အခြေခံထား ရေးဖွဲ့သည့် ဝတ္ထုဖြစ်သည်။ ငြိမ်းချမ်းရေး နောက်ခံ ပိတ်သားပေါ်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော ဇာတ်ကောင်အရောင်မျိုးစုံကို ဇာပန်းကွက်ထိုးသလို ယက်ဖောက်သီဖွဲ့ထား သည့် ဝတ္ထုဖြစ်သည်။  အဓိကဇာတ်ကောင်မှာ လူပုဂ္ဂိုလ်မဟုတ်ဘဲ “ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး” ပင် ဖြစ်သည်။ ဝတ္ထုထဲတွင် ပါဝင် သော လူပုဂ္ဂိုလ်များမှာ အဓိကဇာတ်ကောင်ဖြစ်သည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး၏ ဇာတ်ပို့ ဇာတ်ရံများအဖြစ် ဖန်တီးရေးဖွဲ့ထား သည့် သဘောတွေ့ရ၏။ ဤ အယူအဆ ဤ အရေးအဖွဲ့သည် ထိုစဉ်အချိန်က တစုံတရာဆန်းသစ်သော ဝတ္ထုရေးဟန်တခုအဖြစ် လည်း ထင်ရှားခဲ့၏။

ဝတ္ထု၏ ပထမပိုင်း သုံးပုံတပုံခန့်အထိမူ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း ပတ်သက်လာမည့်ပုဂ္ဂိုလ်များအကြောင်းကို သူ့ဝန်းကျင် သူ့စရိုက်နှင့်အညီ ပေါ်လွင်အောင် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ သိသိသာသာ သတိပြုမိလောက်အောင် ထူးခြားသည့်ရေးဖွဲ့ဟန်မှာ ဆရာဒဂုန်တာရာ၏ အနုစိပ်သော အရေးအဖွဲ့များပင်ဖြစ်သည်။

ထို့အပြင် ဇာတ်ကောင်များမှာလည်း လက်လုပ်လက်စား ဆင်းရဲသားလူတန်းစား ဇာတ်ကောင်မှအစ အာဏာရအစိုးရ ဝန်ကြီး အထိ ဇာတ်ကောင်ပေါင်း မြောက်များစွာ ပါဝင်ရေးဖွဲ့၏။ ယင်း ဇာတ်ကောင်များကို ရေးဖွဲ့ရာ၌ တဦးနှင့်တဦး အထူအပါးသာ ကွာခြား မည်ဖြစ်သော်လည်း သူ့ဇာတ်ကောင်နှင့်သူ အရေးပါသော ဇာတ်ကောင်များဖြစ်နေသည်ကို တွေ့ရ၏။

သို့သော် ဝတ္ထု ထဲမှ စာရေးဆရာအသင်း ဥက္ကဋ္ဌ ကိုမေဓာနှင့် ကဗျာဆရာ မောင်ရင်မောင်တို့ နှစ်ယောက်မှာမူ ဆရာဒဂုန်တာရာ၏ ကိုယ်ခွဲဇာတ်ကောင်များအဖြစ် ထင်ထင်ရှားရှား တွေ့နိုင်သိနိုင်၏။ ဝတ္ထုထဲတွင် ဆရာဒဂုန်တာရာကို တခါတရံ ကိုမေဓာအဖြစ် လည်းကောင်း၊ တခါတရံ မောင်ရင်မောင်အဖြစ်လည်းကောင်း တွေ့ရမည် ဖြစ်သည်။ ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေး သဘော တရား၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်း ပြောချင်သည့်အခါ ကိုမေဓာအဖြစ် ဝင်ရောက်ပြောဆိုလှုပ်ရှားပြီး အနုပညာ ခံစားမှုအကြောင်း ပြောချင်သည့်အခါ မောင်ရင်မောင်အနေနှင့် ဝင်ရောက်ပြောဆိုသည်ကို တွေ့ရ၏။

ကြာပန်းရေစင် ဝတ္ထုမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို အခြေခံထားသည့်ဝတ္ထုဖြစ်သည့်အတိုင်း ဟိုစဉ်က စာရေးဆရာကဗျာဆရာများ၊ အနုပညာရှင်များ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ ကျောင်းသားများ အနေနှင့် ငြိမ်းချမ်းရေးအတွက် မည်သို့မည်ပုံ လှုပ်ရှားဆောင်ရွက်ခဲ့ကြသနည်းဟူသည့် အချက်ကို လေ့လာနိုင်ပါသည်။ အပြင်တွင် တကယ်ဖြစ်ခဲ့သည့် အဖြစ်အပျက်များ၊ အပြင်တွင် တကယ်ရှိခဲ့သည့်အပြင် တိုင်းပြည်က သိရှိထားပြီးဖြစ်သည့် လူပုဂ္ဂိုလ်များကိုယ်တိုင် ပါဝင်သည့် ဝတ္ထုဖြစ်သဖြင့်လည်း ဟိုတချိန် က နောင်တော့်နောင်တော်များ၏ ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှု နည်းဟန်များ၊ အယူအဆများကို လေ့လာ သိရှိနိုင်ပါသည်။

ဥပမာ - ကျောင်းသားများက ငြိမ်းချမ်းရေး တောင်းဆိုသည့် လက်မှတ်များ လူထုအတွင်းဆင်းကာ လိုက်လံကောက်ယူခဲ့ကြပုံ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြီးအမှူးပြုသည့် ကမ္ဘာ့ငြိမ်းချမ်းရေး ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေး ဆိုင် ရာ အသင်းအဖွဲ့တွင် ဦးဆောင်သင့် ပါဝင်သင့်သည့် လူပုဂ္ဂိုလ်ရွေးချယ်မှုဆိုင်ရာ အယူအဆများစသည့် အချက်အလက်များမှာ တန်ဖိုး ကြီးမားလှသည့် အချက်အလက်များ ဖြစ်နေသည်ကို အထင်အရှားတွေ့ရပါသည်။ ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင် နိုင်ငံ ရေး နောက်ခံကင်းရှင်းရေး၊ ဂိုဏ်းဂဏဝါဒ ကင်းရှင်းရေး အစရှိသည့် အချက်အလက်များမှာ စိတ်ဝင်စားဖို့ကောင်းပါသည်။

ထိုအချိန်က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲများ ရပ်စဲသွားရေးအတွက် မြန်မာလူထု မည်ကဲ့သို့ ရပ်တည် လှုပ်ရှား ဆောင်ရွက်ခဲ့သနည်း ဆိုသည့် အချက်ကိုလည်း ဤဝတ္ထုထဲ၌ လေ့လာ၍ ရနိုင်၏။ အထူးခြားဆုံး လေ့လာ ဖွယ်ကောင်းသည့်အချက်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ကြီး၏ ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ များပင်ဖြစ်သည်။ ဥပမာ...“သူမသာ ကိုယ်မနာ”တွေ့ဆုံဆွေးနွေးအဖြေရှာရေးနည်းလမ်း။ ကျောင်းသားများပါဝင်သည့် အဏုမြူ လက်နက် ပိတ်ပင်ရေး ဆန္ဒပြလက်မှတ် ကောက်ခံသည့် လှုပ်ရှားဆောင်ရွက်မှုများ ဖြစ်ပါသည်။

ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားမှု အရိပ်အယောင်များကို ကျနော်တို့ အထင်အရှား မြင်တွေ့စ ပြုနေရပါသည်။ အင်မတန် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ကြည်နူးတက်ကြွဖွယ် ကာလလည်း ဖြစ်ပါသည်။ လူတစုမှသည် လူထုကြီးတရပ်လုံး ပါဝင်လာသည့် ငြိမ်းချမ်းရေးတောင်းဆိုလှုပ်ရှားမှုကြီးအထိ ဖြစ်လာအောင် ကြိုးပမ်းကြရမည်လည်း ဖြစ်ပါသည်။

ထိုအခါ လက်မှတ်ထိုး ငြိမ်းချမ်းရေးတောင်းဆို လှုပ်ရှားသည့် နည်းနာအပါအဝင် အခြား နည်းနာသစ်ပေါင်းစုံကိုလည်း မလွဲမသွေ ရှာကြံတီထွင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ၏ နည်းနာများကိုလည်း လေ့လာသုံးသပ်၍ မိမိတို့အတွက် အသုံးတည့်မည့်နည်းနာများဖြစ်ပါက ယူငင်အသုံးပြုရပါလိမ့်မည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှု အောင်မြင်ရန် ခက်ခဲသည်ကို မငြင်းနိုင်ပါ။ သို့သော် ငြိမ်းချမ်းရေးလှုပ်ရှားမှု အောင်မြင်သဖြင့် ငြိမ်းချမ်းသွားကြသည့် ကမ္ဘာ့နိုင်ငံတချို့ အထင်အရှား ရှိပါသည်။ ကျနော်တို့နိုင်ငံတွင်လည်း တချိန်က တရုတ်ဖြူတပ်များ ရှမ်းပြည်နယ်အတွင်း ကျူးကျော်အခြေစိုက်သည့်ကိစ္စ ဖဆပလ အစိုးရက အစပိုင်းတွင် မသိကျိုးကျွံပြုနေသည်ကို စာပေ အနုပညာရှင်များ၊ ကျောင်း သားများ၊ အလုပ်သမား လယ်သမားများက တိုင်းပြည်သိအောင် လုပ်နိုင်ခဲ့ကြသဖြင့် ဖဆပလ အစိုးရသည် နောက်ဆုံး၌ ပြည်သူ့ဆန္ဒအတိုင်း တရုတ်ဖြူကိစ္စ ကုလသမဂ္ဂတွင် တိုင်ကြားအရေးယူရသည်အထိ အောင်မြင်ခဲ့သည်လည်း ရှိခဲ့ဖူးပါသည်။

ကျနော်တို့သည် ပြည်သူလူထု၏ ငြိမ်းချမ်းရေးလိုလားသည့်ဆန္ဒကို ပြသနိုင်ဖို့အခွင့်အရေး ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေး ပျက်ပြားရာပျက်ပြားကြောင်း ဖန်တီးသူ စစ်လိုလားသူ လူတစု၏ နယ်ပယ်ကို ကျဉ်းသထက်ကျဉ်း အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ထို့အပြင် ပြည်သူလူထု ပါဝင်ဆောင်ရွက်သည့် မည်သည့်လုပ်ငန်းမဆို မအောင်မြင် စရာ အကြောင်းမရှိဟု အခိုင်အမာယုံကြည်မှုတော့ ရှိရပါလိမ့်မည်။

ဤ ခေါင်းထောင်စပြုလာသော ငြိမ်းချမ်းရေးတောင်းဆို လှုပ်ရှားမှုကြီးအတွင်း ပြည်သူတရပ်လုံး ပါဝင် ဆောင်ရွက်လာစေရေးကို ကျနော်တို့သည် နည်းလမ်းသစ်များ မြေလှန်ပြီး ရှာကြရမည့်သဘော ရှိပါသည်။

“ကြာပန်းရေစင်” ဝတ္ထုသည်ကား ငြိမ်းချမ်းရေး ရရာရကြောင်း ဆောင်ရွက်ရာ၌ လူထုကြီး တရပ်လုံး ပါဝင်လာစေရေးနှင့် ငြိမ်းချမ်း ရေး လှုပ်ရှားမှုဆိုသည်မှာ အင်မတန်သိမ်မွေ့မြင့်မားဖြူစင်သည့် လုပ်ငန်းတာဝန်ကြီးတခု ဖြစ်ကြောင်း မီးမောင်းထိုးပြဖို့ ကြိုစား ထားသည့် ဝတ္ထုဖြစ်သည်ကို မငြင်းနိုင်ပါ။

ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် အရေးဆိုရန် အခွင့်အခါသင့်နေသည့်အချိန်တွင် ဤ ကြာပန်းရေစင် ဝတ္ထုကို ပြန်လည်ဖတ်ရှုခွင့် ရသည့်အတွက် ကျနော့်မှာ သက်တော်ရှည် ငြိမ်းချမ်းရေးသမား ကဗျာဆရာကြီး ဒဂုန်တာရာကို ကျေးဇူးတင်မိသည်။ ဆရာကြီး ဒဂုန်တာရာတယောက် သက်ရှိထင်ရှားရှိနေစဉ် အတွင်းမှာပင် ပြည်တွင်းငြိမ်းချမ်းရေးကို မြင်တွေ့ သွားနိုင်ကောင်းသည်ဟုလည်း ဆုတောင်းမိပါသည်။