မညီမျှမှုများကို ပေါ်ထွန်းစေခြင်း

ဂျပန် ပညာရှင်တဦး၏ လေ့လာမှုက စစ်အစိုးရ၏ ဗြူရိုကရေစီ ထိန်းချုပ်မှုများ အောက်မှနေ၍ စိုက်ပျိုးရေး ဈေးကွက်တခု ဖြစ်ထွန်းလာရန် မည်သို့ကြိုးပမ်းခဲ့ကြပုံကို ဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးခံခဲ့ရမှုနှင့် ကမ္ဘာ့စားနပ်ရိက္ခာဈေး တရိပ်ရိပ် မြင့်တက်လာနေမှုကြောင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပို၍ ဖိအားများ သက်ရောက်လာရန် အကြောင်းရှိနေသည်။

မြန်မာ နိုင်ငံက အတိတ်တချိန်တွင် ကမ္ဘာသို့ ဆန်အများဆုံးတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ခဲ့ပြီး အာရှတိုက်၏ အဓိက စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်ရာ အထူးထင်ရှားသည့် နိုင်ငံလည်း ဖြစ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံ၏လုပ်သားအများစုမှာ လယ်ယာကဏ္ဍတွင်ပင် လုပ်ကိုင်နေကြသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးသည် တနိုင်ငံလုံးအတွက် အဓိကဦးစားပေး လုပ်ငန်းတခု ဖြစ်နေရုံမျှမက စစ်အစိုးရအတွက် အရေးကြီးသည့် ကဏ္ဍလည်း ဖြစ် သည်။

မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က လယ်ယာကဏ္ဍထွက်ကုန် တိုးတက်ရေး အတွက် နည်းလမ်းအမျိုးမျိုး ဖြင့် ကြံဆကြိုး ပမ်း ခဲ့ကြပြီး ပထမပိုင်းတွင် ဆုတ်ယုတ်မှုများရှိခဲ့သည့် ဆိုရှယ်လစ်မူဝါဒများ၊ ၁၉၈၈ နောက်ပိုင်းမှစ၍ တဖြည်းဖြည်း စီးပွား ရေး တံခါးဖွင့်သည့် ပုံစံဖြင့် ပြုပြင်ပြောင်းလဲမှုများ တို့ကို စမ်းသပ်လုပ်ကိုင်ခဲ့ကြသည်။ မည်သို့ဆောင်ရွက် စေကာမူ လယ်ယာ ကဏ္ဍ တိုးတက်လာစေမည်ဟု ကတိက၀တ်အတိုင်း မဖြည့်ဆည်းနိုင်ရုံသာမက ဆက်လက် ကြပ်တည်း စွာ ရုန်းကန် နေကြရဆဲ ဖြစ်သည်။

အီကူကို အိုကာမိုတို (Ikuko Okamoto) ရေးသားသည့် စာအုပ်တွင် ယခု နိုင်ငံတော် ကျရှုံးကိန်းဖြစ်နေရပုံအား အများသူငါ ပြောဆိုနေကြသည့် ၀မ်းနည်းဖွယ် ဖြစ်ရပ်အကြောင်းစုံအနက်မှ အောင်မြင်မှုဖြစ်ရပ်တခုကို လေ့လာဖော်ပြထားခဲ့သည်။

အီကူကို အိုကာမိုတို ၏ “မြန်မာနိုင်ငံတွင်း စီးပွားရေးမညီမျှမှု” (Economic Disparity in Rural Myanmar) အမည်ရှိ ယခု စာအုပ်တွင် ရန်ကုန်အနီးရှိ မြို့နယ်တခုတွင် ပဲအထွက် အလျှင်အမြန်တိုးတက်လာပုံကို စနစ်တကျသုတေသနပြု၍ ပညာ ရှင် ဆန်ဆန် အကဲဖြတ် တင်ပြထားသည်။ ပဲတမျိုးဖြစ်သည့် ပဲတီရွှေဝါ (golden green gram သို့မဟုတ် မမ်ပဲ mung bean) စိုက်ပျိုး ထုတ်လုပ်ပုံအကြောင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ လယ်လုပ်သားများ၊ ကျေးလက်နေ ကုန်သည်များ၊ လယ်ထွန်စက်ရောင်းသူများ၊ တချို့သော မြေယာပိုင်ဆိုင် မှု နှင့် ဆန်စပါး လုပ်ငန်းများတို့အကြား ဖြစ်ပေါ်နေသည့် ဆက်ဆံရေးစနစ်ကို အနီးကပ်လေ့လာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဆန် ဈေးကွက်တွင် မထင်မှတ်ဘဲ အခြေအနေပေးလာမှုအရ ယခင်က မရှိခဲ့သည့် ပဲဈေးကွက်ဖြစ်ထွန်းလာပုံ အကြောင်းကို လည်းတင်ပြထားသည်။ စိတ်ထိခိုက်ဖွယ် အကောင်းဆုံးအချက်မှာ ဤပဲလုပ်ငန်းမှ အကျိုးအမြတ်ဖြစ်ထွန်းလာကြ သော် လည်း အောက်ခြေအလွှာရှိ လူများစု၊ အထူးသဖြင့် လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်သားများမှာ သူတို့၏ ထုတ်လုပ်မှု အတွက် အကျိုးအမြတ်အနည်းဆုံး ခံစားရရှိသူများ ဖြစ်နေကြခြင်းပင် ဖြစ်သည်။

ပဲမျိုးစုံရောင်းချမှုမှရငွေ စုစုပေါင်း ၂၀၀၇ ခုနှစ်တွင် ကျပ် ၃. ၆ ကုဋေ (အမေရိကန်ဒေါ်လာအားဖြင့် ၃ သန်းခန့်) ရရှိခဲ့ပြီး အဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံက ပဲစိုက်ပျိုးထုတ်လုပ်မှု လျှော့ချခဲ့ပြီး ဤလိုအပ်ချက် အတွက် မြန်မာနိုင်ငံမှ လယ်သမားများနှင့် ကုန်သည်များကို ဖြည့်ဆည်းစေခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဆိုင်ရာ လေ့လာရေးဌာနမှ သုတေသီ အမျိုးသမီးတဦးဖြစ်သူ အိုကာမိုတိုသည် ရန်ကုန်မြို့ အရှေ့ပိုင်းရှိ သုံးခွမြို့နယ်တွင် နှစ်အတန်ကြာနေထိုင်၍ ယခုစိုက်ပျိုးထုတ်လုပ်မှုများအကြောင်းကို လေ့လာခဲ့သူ ဖြစ်သည်။ သုံးခွ မြို့နယ်တွင် ကျေးရွာပေါင်း ၆၄ ရွာနှင့် လူဦးရေ တသိန်းခွဲကျော်နေထိုင်နေသည်။

သူက ဤပဲတီရွှေဝါထုတ်လုပ်မှုတွင် အလျှင်အမြန် တိုးတက်လာပုံနှင့် နိုင်ငံခြားတင်ပို့ရာတွင် အောင်မြင်မှု ရခဲ့ပုံ တို့ကို စနစ်တကျ အသေးစိတ် လေ့လာခဲ့သည်။

"အခုလို တိုးတက်လာတာဟာ အစိုးရရဲ့ ပဲတိုးတက်ထုတ်လုပ်ရေး မူဝါဒတွေနဲ့ လုံးဝ မဆိုင်ပါဘူး။ ထုတ်လုပ်မှု တိုးတက် ရေးအတွက်လည်း အတင်းအဓမ္မ ဆောင်ရွက်ခဲ့တာတွေ မရှိပါဘူး”ဟု လည်း သူမ၏ စာအုပ်တွင် ဖော်ပြရေးသားခဲ့သည်။

အရိုးရှင်းဆုံးအကြောင်းမှာ အစိုးရက အကန့် အသတ်ဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာသည့်အပေါ် ရနိုင်သမျှ သော အခွင့်အရေးနေရာ၌ ရန်ကုန်အခြေစိုက် ကုန်သည်များက နိုင်ငံခြားတင်ပို့နိုင်သည့် သီးနှံများ စိုက်ပျိုးစေခဲ့ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်းတွင် မြန်မာနိုင်ငံ၏ ပဲတီရွှေဝါ ထုတ်လုပ်ရေး၌ သုံးခွက စံပြသဖွယ် ဖြစ်ခဲ့သည်။ (စစ်အစိုးရက အမျိုးသား အသားတင်ထုတ်လုပ် မှုတန်ဖိုး (ဂျီဒီပီ) တိုးတက်စေမှုအတွက် သုံးခွမြို့ကို ထူးချွန်သည့် မြို့နယ်ဆု ၂၀၀၆ ခုနှစ် တွင် ပေးအပ်ခဲ့သည်)

၁၉၈၀ ခုနှစ်တွင် ပဲတင်ပို့နိုင်မှု လုံးဝမရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်တွင် တန်ချိန် ၁၅,၀၀၀၊ ၂၀၀၂ ခုနှစ်တွင် တန်ချိန် ၂၀၇,၀၀၀ သို့ တိုးတက် တင်ပို့နိုင်ခဲ့သည်။ သုံးခွအတွင်း ပဲစိုက်ပျိုးမှု ဧကမှာလည်း ၁၉၈၆ ခုနှစ်တွင် ၂၄၈ ဧကမှ ၂၀၀၂ ခုနှစ်တွင် ၉၅,၀၀၀ ဧကသို့ တိုးတက်လာခဲ့သည်။

ဤဖြစ်စဉ်တွင် သုံးခွမြို့မှ လူနည်းစုသည်သာ လူနေမှုအဆင့်အတန်း တိုးတက်လာစေခဲ့သည်။ အထူးသဖြင့် လယ်ထွန် စက်ဝယ်ရန် ချေးငွေရရှိနိုင်ကြသည့် လယ်ထွန်စက် ငှားရန် အခွင့်ရှိသူများသာ တိုးတက်ခဲ့ကြသည်။ လယ်ထွန်စက်ငှားသူ စီးပွားရေးလုပ်ငန်းရှင်များကလည်း အလုပ်ဖြစ်ကြသည်။

အလားတူ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့သည့် ကုန်သည်များကလည်း အမြတ်အစွန်း ရနိုင်ခဲ့ကြသည်။ မြေပိုင်မရှိသည့် လယ်ကူ လီလုပ်သားများက ချေးငွေမရနိုင်ကြသလို ဆင်းရဲသူ လယ်သမား အဖြစ်သာ ဆက်လက်ကျန်ရှိနေကြရသည်။ ဤအချက် သည် ရှားရှားပါးပါးကိစ္စ ဖြစ်သလို မြန်မာနိုင်ငံစီးပွားရေးပြုပြင် ပြောင်းလဲမှုတွင် အထူးအရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် အချက်လည်း ဖြစ်သည်။

ဤဒေသတွင် ၀င်ငွေမညီမျှမှု အဓိက အကြောင်းမှာ အများစုသော လယ်လုပ်သားထုကြီးကြောင့် ဖြစ်ပြီး ဤ ၀င်ငွေနည်း လူများစုသည် မူလကတည်းက ဆင်းရဲမွဲတေနေကြသူများ ဖြစ်ကြသည်။ လုပ်အား သိပ်မလိုအပ်သည့် ပဲစိုက်ပျိုးရေး လုပ်ငန်းမှလည်း သူတို့က ၀င်ငွေအနည်းအကျဉ်းသာ ရရှိကြသည်။

အစိုးရက လျစ်လျူရှုထားမှုကို စာရေးသူက ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျ ထောက်ပြ၍ ဝေဖန်ခဲ့သည်။ ဤပဲတီရွှေဝါ ထုတ်လုပ်ရေး အောင်မြင်နေမှုကို အစိုးရက လျစ်လျူရှုထားခဲ့သလို၊ ကျေးလက်ဒေသတွင်း ၀င်ငွေကွာဟမှုနှုန်း ကြီးထွား လာနေသည့် အကြောင်းကိုလည်း အစိုးရက မသိကျိုးကျွံနေခဲ့သည်။

အစိုးရ၏ စိုက်ပျိုးရေးမူဝါဒများသည် အကြီး အကျယ် ထောက်ပံ့မှုပေးထားပြီး တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းတွင်သာ အာရုံ ထားနေခဲ့သည်။ ဆန်များများထွက်မှသာ နိုင်ငံတည်ငြိမ်မှု၊ မိမိဘာသာ ဖူလုံ မှု ရရှိနိုင်မည်ဟု ထင်မြင်ယူဆထားကြပြီး ဤ စိုးရိမ်စိတ်လွန်ကဲမှုက စိုက်ပျိုးရေးကဏ္ဍ၏ တခြားထုတ်လုပ်မှုများအပေါ် သက် ရောက်မှု ရှိစေခဲ့သည်။ တခြားပြုပြင်ပြောင်းလဲရေး ဆောင်ရွက်စရာ ကိစ္စများကိုလည်း နှောင့်နှေးစေခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် လူတို့၏အကြောင်း ဖော်ပြထားချက်များ များစွာ မပါရှိပါ။ လူစိတ်ဝင်စားဖွယ် ဇာတ်လမ်း များ မပါရှိသလို၊ အတွင်းကျကျ တွေ့ဆုံမေးမြန်းခန်းလုပ်ထားသည်များလည်း မတွေ့ရပါ။

"ကျွန်းသစ်ခန်းဆီး နောက်ကွယ်၌" (Behind the Teak Curtain) ဟု အမည်ရသည့် အားဒစ် မောင်သောင်းမာန် (Ardeth Maung Thawnghmung) ၏ စပါးစိုက်လယ်သမားများနှင့် အစိုးရမူဝါဒများအကြောင်းစာအုပ်နှင့် (Ethnic Community Development Forum) မှ ယခုနှစ် ထုတ်ဝေဖြန့်ချိခဲ့သည့် "အမိန့်အားဖြင့် ဘိုင်အိုဒီဇယ်ထုတ်လုပ်ခြင်း" (Biofuel by Decree) အမည်ရှိ ပြည့်ပြည့်စုံစုံ လေ့လာတင်ပြထားသော အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံ၌ ကြက်ဆူပင် အဓမ္မ စိုက်ခိုင်း နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး ယှဉ်တွဲဖတ်ရှုသင့်သည့် စာအုပ်များ လည်း ဖြစ်ပါသည်။

အကယ်၍ စာဖတ်သူက အသေးစိတ် အချက်အလက်များ အလိုရှိပါက အိုကာမိုတို၏ စာအုပ်တွင် စာရင်းဇယား ၁၁၅ ခု ဖော်ပြထားပါသည်။ သုံးခွ မြို့နယ်တွင် လယ်ထွန်စက်ငှားရမ်းခမှသည် မြို့တွင်း ရွာသွန်းသည့် မိုးရေချိန်အထိ အားလုံး အသေးစိတ်ပါဝင်သည်။ တချို့သော စီးပွားရေး ပညာရပ်ဆိုင်ရာ အခန်းများမှာ စာလေးပြီး ဖတ်ရန် အတော် အား ထုတ်ရ မည့် ကိစ္စဖြစ်ပါသည်။ သို့သော် ပညာရှင်တဦးအနေဖြင့် ပဲထုတ်လုပ်ရေးဆိုင်ရာ ပညာရပ် အပိုင်းကိုသော် လည်းကောင်း၊ စီးပွားရေး ကဏ္ဍအရသော်လည်းကောင်း သိရှိလေ့လာလိုပါက အသေးစိတ်လေ့လာနိုင်သောစာအုပ် ဖြစ်ပါသည်။

ယင်းလေ့လာတွေ့ရှိချက်များက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများစတင်ကြရ တော့မည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့နှင့် အနီးဝန်းကျင်ဒေသများအတွက်သော်လည်းကောင်း၊  မြန်မာ နိုင်ငံ၏ စားနပ်ရိက္ခာ အကြပ်အတည်း ပြဿနာအတွက်သော်လည်းကောင်း အဖြေရှာတွေ့ရန် မျှော်လင့်နိုင်ပါသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သုံးခွမြို့နယ်အပါအ၀င် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် မြို့နယ် (၃၀) တွင် ပုံမှန်အခြေအနေ ပြန်ရောက်ရန်အတွက် အထောက်အပံ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ကြီးထွားနေပြီး ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာသည်နှင့်အမျှ ယခု မုန်တိုင်းအပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည် အချိန်ကြာမြင့်စွာကပင် ဆိုင်းငံ့ထားခဲ့သည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်း များနှင့် အတူယှဉ်တွဲ အကောင်အထည်ဖော်သွားမှသာ ဖြစ်နိုင်ပါလိမ့်မည်။ သို့မှသာ ကျေးလက်နေ ပြည်သူများ အနေဖြင့် ပို၍ သာတူညီမျှရှိသည့် ဘ၀ကို ခံစားကြရမည် ဖြစ်ပါတော့သည်။

ဒေးဗစ် စကော့ မက်သီဆင် (DAVID SCOTT MATHIESON) ရေးသားသည့် Cultivating Inequality ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။
ဒေးဗစ် စကော့ မက်သီဆင် သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) တွင် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအဖြစ် တာဝန်ထမ်းနေသူ ဖြစ်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်