မြန်မာနိုင်ငံ၏ ပျောက်ဆုံးနေသောကမ္ဘာ

အိန္ဒိယနဲ့ မြန်မာနယ်စပ်က မြန်မာဘက်အခြမ်းမှာ နေကြတဲ့ လူသိအလွန်နည်းကြတဲ့ နာဂလူမျိုးတွေဟာ ဒီကမ္ဘာပေါ်မှာ ပြင်ပလောကနဲ့ အဆက်အပြတ်ဆုံး လူမျိုးစုတစု ဖြစ်ပါတယ်။

 

နာဂလူမျိုးဆိုတာ အတော်ကို လူသိနည်းကြတဲ့လူမျိုးပါ။ သူတို့နေရာကို ရောက်ဖူးသူဆိုရင် ပိုလို့နည်းမှာ သေချာပါတယ်။ လက်ချိုးရေလို့ပင် ရနိုင်လောက်မယ်ထင်ပါတယ်။ ဒါပေမယ့် နာဂတွေဟာ မြန်မာပြည်ဘက် အခြမ်းမှာတင် မဟုတ်ဘဲ အိန္ဒိယနိုင်ငံဘက်မှာပါ နေကြတာ ဖြစ်လေတော့ ရိုးရာ စာပေ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေမရှိဘူးလို့ ပြောလို့မဖြစ်ပြန်ပါဘူး။

အိန္ဒိယဘက်မှာ နေကြသူတွေဟာ ခရစ်ယာန်ဘာသာဝင်တွေအဖြစ် သိမ်းသွင်းခြင်းကို ခံကြရပြီး “နာဂမြေ” ဆိုတဲ့ ကိုယ်ပိုင်ပြည်နယ် ရရှိထားကြပါတယ်။ ပညာတတ်အရေအတွက်လည်း များကြပါတယ်။ စစ်တပ်နဲ့ အစိုးရဌာနများမှာ အမှုထမ်းခွင့်ရကြသူတွေလည်း မနည်းပါဘူး။ ဒါပေမယ့်လို့ မြန်မာပြည်ဘက်ကနာဂတွေကိုတော့ အတော်ကို လူမသိ ကြပါဘူး။ စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်မှာရှိတဲ့ နာဂတောင်တန်း တွေပေါ်မှာ “လမ်း” ရယ်လို့ ပြောပလောက်အောင်ကို မရှိပါဘူး။ စာသင် ကျောင်း အရေအတွက်ဆိုရင် “ လမ်း ” အရေအတွက်ထက် နည်းပါသေး တယ်။  သူတို့လူမျိုးတွေရဲ့ ရှေးနှစ်ပေါင်း များစွာကတည်းက ရှိလာခဲ့တဲ့ လူစိမ်းတွေကို ခေါင်းဖြတ်သတ်တဲ့ ဓလေ့ထုံးစံကို ၁၉၈၀ ပြည့်လွန်နှစ်များ အထိ လက်ခံကျင့်သုံး နေခဲ့ကြပါတယ်။

အင်မတန် လူသူအရောက်အပေါက်နည်းတဲ့ အဲဒီဒေသကို မကြာမတင်သော ကာလများကမှ ရောက်ခဲ့ကြသူတွေထဲက တယောက်ကတော့ ဂျေမီ ဆောလ် (Jamie Saul) ဆိုသူ အာဖရိကတိုက် တောင်ပိုင်းသားတယောက်ဖြစ်ပါတယ်။ သူဟာ နာဂတွေနဲ့ ပတ်သက်လို့ ရှာဖွေစုဆောင်းလေ့လာပြီး သုတေသနပြုနေခဲ့တာ ၃၅ နှစ် ကြာခဲ့ပါပြီ။ “နာဂဆေးမင်ကြောင် ” နဲ့ ပတ်သက်လို့ထဲထဲဝင်ဝင် သိရှိသူတယောက်လို့ သုတေသနပညာရှင်အသိုင်းအ၀ိုင်းမှာ သတ်မှတ်ခြင်းခံရသူတယောက်ပါ။  အိန္ဒိယနဲ့ ဗမာနာဂတွေကြား ၂၀၀၀ ခုနှစ် ကနေ ၂၀၀၅ ခုနှစ်အတွင်း ကွင်းဆင်းလေ့လာသမှု ပြုခဲ့သူလည်း ဖြစ်ပါတယ်။

နောက်တယောက်ကတော့ ဓာတ်ပုံဆရာတဖြစ်လဲ ဆရာဝန် ဒိုမီနစ် ဗီယားလဒ်( Dominique Viallard) ဆိုသူဖြစ်ပါတယ်။ ဗမာပြည်မှာ ၅ နှစ်ကြာ ဆရာဝန်အဖြစ် အမှုထမ်းခွင့်ရခဲ့စဉ် ကာလအတွင်း နာဂတောင်တန်းဒေသလို နယ်စွန်နယ်ဖျား တွေကို သွားရောက်ခွင့် ရှားရှားပါးပါး ရခဲ့သူပါ။ သူတို့နှစ်ယောက် ပူးပေါင်းမိသွားတဲ့အခါမှာ လူသိနည်းတဲ့ လူမျိုးစုတစုရဲ့ အကြောင်း ဓာတ်ပုံမှတ်တမ်းစာအုပ်တအုပ် ဖြစ်လာပါတော့တယ်။ အလွန်ကောင်းတဲ့ စာအုပ်ကလေးပါ။

“ မြန်မာ့နာဂ ” လို့ အမည်ရတဲ့ အဲဒီ စာအုပ်မှာ နာဂလူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ နေ့စဉ် လူနေမှုစရိုက်၊ နတ်ကိုးကွယ် ယုံကြည်မှု စတာတွေအပြင် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ အမဲလိုက်ခြင်းနည်းပညာတွေနဲ့ ဗမာပြည်မှာ ဖြစ်ပေါ်တိုးတက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာ အထိ သူတို့တတွေ လက်ခံကျင့်သုံးခဲ့ကြသလဲ ဆိုတာတွေလည်း ပါရှိပါသေးတယ်။  သူ့အရင်က အိန္ဒိယ နိုင်ငံသားမဟုတ်တဲ့  ဂျူလီယန် ဂျက်ကော့ဘ်စ် (Julian Jecobs) ဆိုသူရေးတဲ့ “ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖျားနေ နာဂတိုင်းရင်းသားများ ” ဆိုတဲ့ တအုပ်တည်းသောစာအုပ်  ထွက်ခဲ့ဖူး ပါတယ်။ လန်ဒန်မှာရှိတဲ့ သိမ်းစ် နှင့် ဟပ်ဒ်ဆင် စာအုပ်တိုက်က ၁၉၉၀ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အဲဒီ ဂျူလီယန်ရဲ့ စာအုပ်ထက် အခုစာအုပ်က ပိုပြီး အကြောင်းအရာ စုံပါတယ်။ ဗဟုသုတ ပိုပြီး ပေးနိုင်ပါတယ်။ ဂျူလီယန်ရဲ့ စာအုပ်မှာ အိန္ဒိယနာဂတွေအကြောင်း သိပ်မပါပေမယ့် “ နာဂမြေ ခွဲထွက်ရေး လှုပ်ရှားမှုများ ” လို့ ဆိုကြတဲ့ အိန္ဒိယနာဂတို့ရဲ့ အိန္ဒိယအစိုးရကို ပုန်ကန်တော်လှန်မှုတွေ အကြောင်းကိုတော့ ဖော်ပြထားပြန်တယ်။ အခုအချိန်အထိလည်း အိန္ဒိယဘက်မှာ အဲဒီလှုပ်ရှားမှုတွေ ရှိနေဆဲပါ။ အဲဒီလှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ဗမာဘက်မှာလည်း အထိုက်အလျောက်ရှိခဲ့ပေမယ့် ဟိုဘက် ကလောက် မဆိုးဝါးခဲ့ပါဘူး။

ဆောလ်နဲ့ ဗီးယားလဒ် တို့ရဲ့ စာအုပ်မှာကျတော့ အဲဒီအကြောင်းတွေ မပါသလောက်လို့ ဆိုနိုင်ပါတယ်။  ဒါဟာ ကွာခြားချက် ပါပဲ။ အခြားအကြောင်းပြောနေရာက ဆက်စပ်မှုကြောင့် ပါသွားတာမျိုးလောက်ကို စာမျက်နှာ ၁၉၈ မှာ တချက်တွေ့ရပြီး  နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာ မိမိပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် သက်ဆိုင်ရာ စစ်တပ်များကို နေရာချထားရေး ဆိုတဲ့ “ ၂ နိုင်ငံ လုပ်ဆောင်ချက်များ ”ဆိုတဲ့ ခေါင်းစဉ်အောက်က မာတိကာထဲမှာ တခါ တွေ့ရတာပဲ ရှိပါတယ်။

စာရေးဆရာနဲ့ဓာတ်ပုံဆရာတို့ ရောက်ခဲ့ကြတယ်ဆိုတဲ့ လဟယ်နဲ့ ခန္တီးဒေသက ကျေးရွာတချို့မှာ ကျောင်းတွေ၊ ရေရရှိရေး စီမံကိန်းတွေနဲ့ တိုးတက်နေပြီဆိုတာ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်မီးရတဲ့ နေရာတချို့တောင် ရှိနေပြီလို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ နမ်းပွတ်ချောင်းနဲ့ အိန္ဒိယနယ်စပ်ကြားလို အင်မတန်မှဝေးသီခေါင်ဖျားကျလှတဲ့နေရာမျိုးမှာကတော့ ဒုံရင်း ဒုံရင်းပါပဲ။ ဘာတခုမှ တိုးတက်မှု ရှိမလာပါဘူး။ ဒါကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ အဲဒီ နေရာဟာ ရှင်ဝင် ရှင်ယန်း ခပ်လင် (Sgabgwabg Shangung Khaplans) ဦးဆောင်တဲ့ ဗမာနာဂသူပုန်တွေရဲ့ ခြေကုပ်စခန်းတခု ဖြစ်နေဆဲပါ။

အဲဒီနေရာကို “အမျိုးသားဆိုရှယ်လစ်ကောင်စီ (နာဂမြေ)” လို့ အမည်ရတဲ့ အိန္ဒိယနာဂသူပုန်အဖွဲ့ကလည်း ၁၉၈၉ ခုနှစ် တိုင်အောင်  ခြေကုပ်စခမ်းအဖြစ် ယူထားခဲ့ကြဖူးပါတယ်။ အဲဒီအဖွဲ့ကို အိုင်ဆက်၊ ချူရှီဆဝူး (Isaac Chishi Swu) နဲ့ သွန်ဂလင် မူအီဗာ (Thuingaleng Muivah) ဆိုသူတို့က ဦးဆောင်ခဲ့ကြတာဖြစ်ပြီး နာဂမြေပြည်နယ်နဲ့ မဏိပူပြည်နယ်မှာ ရှိတဲ့ နာဂအများစု နေထိုင်ကြတဲ့ ဒေသက လူအတော်များများရဲ့ ထောက်ခံအားပေးမှုကို ရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဗမာဘက်အခြမ်းမှာရှိတဲ့ စခန်းကနေပြီး အိန္ဒိယဘက်ကို ၀င်ရောက်စစ်ဆင်လေ့ရှိကြပါတယ်။ နောက်ဆုံးအချင်းချင်းကြား ပြဿနာတွေကြောင့် ဗမာနာဂတွေကိုယ်တိုင်က ပြန်တိုက်ထုတ်ပစ်လိုက်တော့မှပဲ အိန္ဒိယဘက် ပြန်ရောက်သွားကြ ပါတော့တယ်။ ဗမာဘက်က သူတို့ရဲ့ ခြေကုပ်စခန်းတွေကို စွန့်လွှတ်လိုက်ရပြီး တဲ့နောက် အိန္ဒိယဘက်ကို ခါတိုင်းလို စစ်ဆင်ရေးတွေလုပ်ဖို့ မလွယ်တော့တာကြောင့် အိန္ဒိယနာဂသူပုန်ခေါင်းဆောင်တွေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခုကို ရယူခဲ့ ကြရပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက စခဲ့တဲ့ စစ်ပွဲတွေကို အဆုံးသတ်နိုင်ဖို့ အတွက်လည်း အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ ညှိနှိုင်း ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံရေးထက် နာဂတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ပိုပြီး စိတ်ဝင်စားတဲ့သူတွေအတွက် အခုစာအုပ်ကလေးက အလွန်မှ သင့်တော်ပါတယ်ဆိုတဲ့အကြောင်း ညွှန်းချင်ပါတယ်။ နာဂလူမျိုးတွေရဲ့ နေအိမ်အတွင်းပိုင်းကို ရေးဆွဲထားတဲ့ ပုံကြမ်းတွေ၊ ခန္ဓာကိုယ်ပေါ် ထိုးလေ့ရှိကြတဲ့ ဆေးမင်ကြောင် ပုံကြမ်းတွေ၊ ရိုးရာ ယက္ကန်းစင်နဲ့ အ၀တ်အထည် အဆင်အကွက် ပုံကြမ်း တွေ၊ နယ်မြေဒေသ အသေးစိတ်မြေပုံ စတာတွေအပြင် ဓါတ်ပုံကောင်း မြောက်များစွာနဲ့မို့ ဒေါ်လာ ၄၀ နားမှာ ဈေးနှုန်း သတ်မှတ်ထားပေမယ့် တန်တယ်လို့ ယူဆပါတယ်။ စာရေးဆရာနဲ့ ဓါတ်ပုံဆရာတို့ရဲ့ လဟယ်နဲ့ ခန္တီးခရီး ကိုယ်တွေ့မှတ်တမ်း တွေကလည်း စာအုပ်ကို ပိုပြီး အသက်ဝင်စေပါတယ်။

ဒါပေမယ့် အုပ်ချုပ်သူ ဗမာစစ်အစိုးရရဲ့ နာဂလူမျိုးတွေရဲ့ဒေသအပေါ်လုံးဝ လျစ်လျူရှုထားတာနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုချက် တခုတလေတောင် မတွေ့ရပါဘူး။ အိန္ဒိယဘက်က နာဂတွေရဲ့ အဖက်ဖက်က  ခေတ်မှီတိုးတက်နေတဲ့ အနေအထားတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန် ကွာခြားနေတာပါ၊ အခုလို ဘာမှ မဝေဖန်တာဟာ အဲဒီဒေသကို နောက်တကြိမ်သွားဖို့ အတွက် အခွင့်အရေး မရမှာ ကြောက်လို့ဖြစ်မှာပဲဆိုတဲ့ အဖြေကိုရပါတယ်။  အဲဒီလိုဒေသမျိုးတွေဆီ နိုင်ငံခြားသားတွေကို သွားခွင့်ပေးတယ်ဆိုတာကလည်း အင်မတန်မှ ရှားပါးလှတာကိုး။ ဒါကို နားလည်ပေးနိုင်ပေမယ့်
ဘ၀င်တော့ သိပ်မကျမိဘူး။

၁၉၈၀ ပြည့်လွန်နှစ်များတုန်းက နမ်းပွတ်ချောင်းနဲ့ အိန္ဒိယနယ်စပ်ကြားကဒေသကို စာရေးသူကိုယ်တိုင် ရောက်ခဲ့ဖူးပါတယ်။ ဆင်းရဲခြင်းအပေါင်းနဲ့ ပလိပ်ရောဂါအပါအ၀င် ရောဂါမျိုးစုံတို့ ပျော်မွေ့ရာ ကျေးရွာများလို့ ဆိုရလောက်အောင်ပါပဲ။ ခေတ်မီ တိုးတက်မှု ဆိုလို့ ဘာတခုမှ ရှာမတွေ့ခဲ့ပါဘူး။ အခုထက်ထိလည်း ဘာမှ ပြောင်းလဲမှု မရှိသေးပါဘူး။

ဘာပဲပြောပြော ကမ္ဘာမြေကြီးပေါ်က လျစ်လျူရှုအခံရဆုံး လူမျိုးစုတစုရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တအုပ်အဖြစ် ဖန်တီးပေးခဲ့ကြတဲ့အတွက်တော့ ဆောလ်နဲ့ ဗီးယားလဒ်တို့ နှစ်ယောက်ကို
ချီးကျူးရမှာပါ။    ။

(၂၀၀၆ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Bertil Lintner ၏ Burma's Lost World ကို ဆီလျော်အောင် ဘာသာပြန်ပါသည်) 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်