ညု ကလီးယားပဲ ရရ

Wednesday, 16 June 2010 19:33 ထွေရာလေးပါး
Print
“ဟဲလို … ဟဲလို … အနယားဆယော … ဆာတန်းငေး အူပါး … ချစ်ကိုကြီး … ကြားလား …”
“......”
“ချစ်ကိုကြီး ကင်အီးကျုံး ...။ ညီလေးပါ၊ ညီလေး ချိုကုပ်ဒူးကြီးပါ”
“......”
“စိတ်မရှိပါနဲ့ … ညီလေးတို့ ဖုန်းတွေက လိပ်ခေါင်း ထွက်အောင် အော်တာတောင် အသံက အဲဒီလိုပဲ ကြား တချက် မကြားတချက်နဲ့မို့လို့ပါ”
“......”
“ဗျာ … ဟုတ်ကဲ့၊ ဟုတ်ကဲ့။ သေချာတာပေါ့။ ကြည့်တာပေါ့ ချစ်ကိုကြီးရယ်။ အဲဒီ ညကပွဲအကြောင်း ပြောချင်လို့ကို တကူးတက ဆက်တာလေ”
“......”
“ဘရာဇီး ဆိုတဲ့ကောင်တွေဗျာ … အသားမည်းသလောက် တော်တော် စိတ်ပုပ်တယ်။ ကန်တာများ နိုင်အောင် ကန်ရတယ်လို့”
“......”

“ဟုတ်တာပေါ့ … ချစ်ကိုကြီးရယ် … ချစ်ကိုကြီးပဲ စဉ်းစားကြည့်ပါဦး။ ချစ်ကိုကြီးတို့ဘက်က ဒီလောက် အားကြိုးမာန်တက် ကန်တာတောင် သူတို့က နည်းနည်း လျှော့မပေးဘူး။ တော်တော် ယုတ်မာတဲ့ကောင်တွေ”
“......”
“သိတယ်။ ချစ်ကိုကြီးတို့ မြောက်ကိုရီးယားကို အားပေးတဲ့ ပရိသတ်ထဲမှာ ညီလေးပါတယ်နော်။ ဘာမှ မပူနဲ့”
“......”
“ဘာဖြစ်လဲ။ ပရိသတ်နည်းတော့ ဘယ်သူ့ ဂရုစိုက်ရမှာလဲ။ အဲဒီပရိသတ်ကို ပိုက်ဆံပေးပြီး အားပေး ခိုင်းထားရတော့ကော ဘာအရေးလဲ … ချစ်ကိုကြီးရယ်။ အေးဆေးပါ။ ညီလေး တယောက်လုံး ရှိပါတယ်ဆို”
“......”
“ခင်ဗျာ … ကွာတားလောက်ထိတော့ တက်ချင်တယ်။ ဟုတ်လား။ ဒါကတော့ … အဲ … အဲ … ရတယ် ချစ်ကိုကြီး … မပူနဲ့။ ကျနော်ပေးတဲ့ အကြံအတိုင်းသာ လုပ်။ ဒီလိုလေ … ဟဲလို … အနယားဆရော … ဟာ … သောက်ခွေး … လိုင်းကျ သွားပြီဟ”

ချိုကုပ်ဒူးကြီး တယောက်တည်း ဟန်းဖုန်းတလုံးဖြင့် အလုပ်ရှုပ်နေစဉ် သူ့နောက်တွင် ဦးရုက္ခစိုး ရောက်နေသည်ကို သတိမထားမိ...။

ရုက္ခစိုး။     ။ ဘယ်သူနဲ့ အရေးတကြီး ဖုန်းပြောနေတာလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။     ။ သြော် … ဦးရုက္ခစိုး ရောက်နေတာကိုး … သိတောင် မသိလိုက်ဘူး။

ရုက္ခစိုး။     ။ မသိဆို … ကိုယ်ဖော့ … အဲလေ … ကိုယ်ယောင်ဖျောက်ပြီး ဝင်လာတာကိုးဗျ။ ကျုပ်က နတ်ပဲဟာ။ ဝင်လိုဝင် ထွက်လိုထွက်၊ သွားချင်တဲ့နေရာ သွားလို့ရတာပဲ။

ချိုကုပ်။     ။ အရေးထဲ နတ်ကြော်ငြာဝင်နေပြန်ပြီ။ သိပါတယ်ဗျာ။ ခင်ဗျားတို့ကိုပဲ ကြောက်နေရတာပါ။ ပြည်ပမီဒီယာတွေကို လက်တို့ တို့ပြီး ကျုပ်အကြောင်းတွေ ပြောပြောနေတာ ခင်ဗျားတို့ပဲဆိုတာ မသိဘူး မှတ်မနေနဲ့။ ဟွန်း … လက်ပူးလက်ကြပ် မမိသေးလို့။

ရုက္ခစိုး။     ။ လက်ပူးလက်ကြပ်မိလည်း ကျုပ်က နတ်အက်သစ် သိပါတယ်ဗျာ။ အော့ဖ်သရက်ကော့တွေ မပြောပါဘူး။ ခင်ဗျားတို့သာ လက်ပူးလက်ကြပ် ဘယ်လောက်မိမိ ပြောင်လိမ်တာ။

ချိုကုပ်။     ။ တခါတည်းပါ ဦးရုက္ခစိုးရယ်။ ပြည်သူလူထု အထင်လွဲမှာစိုးလို့ ရှင်းပြတာပါ။

ရုက္ခစိုး။     ။ ဘယ်ဟာကို ပြောနေတာလဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။     ။ မသိဘူးလေ၊ နျူကလီးယားကိစ္စကို ပြောတာ မဟုတ်ဘူးလား။

ရုက္ခစိုး။     ။ အဲဒီကိစ္စကတော့ ဘာမှ မပြောဘဲ ငြိမ်နေရင်တောင် သိကြမှာ မဟုတ်ဘူး။ မဟုတ်ပါဘူး ဆိုပြီး အတင်း ထရှင်း တော့မှပဲ လူသိတာ။

ချိုကုပ်။     ။ မရှင်းလို့ မရဘူးလေ ဟို တပ်ပြေး၊ ပြည်ပြေး သစ္စာဖောက် … ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ကောင်တွေက အကုန်လျှောက်ပြောတာကိုး။

ရုက္ခစိုး။     ။ ဒါဖြင့် သူတို့ပြောတာ မဟုတ်လို့လား။

ချိုကုပ်။     ။ ဟုတ်နေလို့ မဟုတ်ပါဘူး ဆိုပြီး ပြောင်လိမ်တာပါဆို။ အာ … ရှုပ်ကုန်ပြီ။ အဲဒီ တပ်ပြေး၊ ပြည်ပြေးတွေ အကြောင်း မပြောနဲ့တော့၊ စိတ်နာတယ်။ အခု ထပ်မပြေးရအောင် အပေါက်တွေ လိုက်ပိတ်နေရတာနဲ့ တော်တော် အလုပ်ရှုပ်နေပြီ။ တခြားဟာ ပြောမယ်။

ချိုကုပ်ဒူးကြီးက သူ၏ လုံးဝ ကြက်သရေမင်္ဂလာ ကင်းမဲ့သော မျက်နှာကြီးကို မလှပစွာ လုပ်ပြုံး ပြုံးရင်း “ကျုပ်ရဲ့ တိုင်းပြည်က နိုင်ငံတကာနဲ့ အညီ ရင်ပေါင်တန်း နိုင်ပြီဗျ” ဟု ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဘာတွေများ ရင်ပေါင်တန်းတာလဲ လုပ်ပါဦး။

ချိုကုပ်။     ။ ဆီဆိုင်တွေမှာ ကောင်မလေးတွေ ရောင်းနေတာ မတွေ့ဘူးလား။ ဒါ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းတာပေါ့။

ရုက္ခစိုး။     ။ သြော် … ဟုတ်လား။ နောက်တော့ကော။

ချိုကုပ်။     ။ ပုဂ္ဂလိက ဘဏ်တွေ ဖွင့်တော့မယ်လေ။ အဲဒီမှာ ဘလက်ကတ် ဆိုလား သုံးလို့ရတော့မှာ။

ရုက္ခစိုး။     ။ ဘလက်ကတ်က အရက် တံဆိပ်ပါဗျာ … စမတ်ကတ် လုပ်စမ်းပါ။ ဘဏ်လုပ်ငန်းကို လုပ်နိုင်တဲ့သူတိုင်းကို မပေးဘဲ ခင်ဗျားရဲ့နား ကပ်နေတဲ့ တေဂွတို့ ပေါ်ပေါ်တို့ကိုပဲ ပေးတာ မဟုတ်လား။

ချိုကုပ်။     ။ ဒါကတော့ သူတို့အရင် လုပ်ခိုင်းကြည့်ပြီး အဆင်ပြေတော့ ကျုပ်အမျိုးတွေကို ထပ်ချပေးမှာပေါ့။ ကဲ … အခုဆို ကမ္ဘာ့ဖလားကို တိုက်ရိုက်ကြည့်နိုင်အောင် ပြပေးနေပြီ။ တီဗီမရှိတဲ့သူတွေ၊ မီးမလာတဲ့သူတွေလည်း မြေနီကုန်း လမ်းဆုံက တီဗီကြီးကနေ ကြည့်လို့ရပြီ။

ရုက္ခစိုး။     ။ ဒါကလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းတာလား။

ချိုကုပ်။     ။ ဒါပေါ့ဗျ။ တောင်အာဖရိကမှာ “ဂိုး” လို့ အော်နေတဲ့အချိန် ရန်ကုန်က ဆိုက်ကားသမား တွေလည်း “ဂိုး” လို့ အော်လို့ ရတယ်လေ။ ဒါ ရင်ပေါင်တန်းတာ မဟုတ်လို့ဘာလဲ။ ရှိသေးတယ် ဘောလုံးလောင်းတဲ့သူတွေက နိုင်ငံတကာ ပေါက်ဈေး အတိုင်း လောင်းကြတာနော်။

ရုက္ခစိုး။     ။ မှတ်သားလောက်ပါတယ်ဗျာ … ။ ဒါပေမယ့် တခုတော့ မသိလို့ မေးရဦးမယ်။ မြောက်ကိုရီးယားနဲ့ မြန်မာပြည်က အာဏာရှင်နိုင်ငံချင်း တူတူ၊ အထီးကျန်တာချင်း တူတူ၊ လက်နက်တွေ ဝေစား မျှစား လုပ်နေတာချင်းလည်း အတူတူ။ သူတို့က အခု ကမ္ဘာ့ဖလားကို ဝင်ပြိုင်တဲ့အပြင် ကမ္ဘာ့ထိပ်ဆုံးအသင်း ဘရာဇီးကို ဂိုးပြတ်နဲ့တောင် မရှုံးဘူး။ ခင်ဗျားကျတော့ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည် ဘာညာအော်ပြီး အာရှတောင် မလွှမ်းနိုင်ဘူး အဲဒါ ဘာဖြစ်လို့လဲ။

ထိုစဉ် “ချိုကုပ် ဖုန်းလာနေတယ်။ ချိုကုပ် ဖုန်းလာနေတယ်ဆို …။ ချိုကုပ် … ဖုန်းလာနေတယ်ဆိုတာ မကြားဘူးလား … ငါ နားရင်း ထတီးထည့်လိုက်ရ ...” ဆိုသည့် ဒေါ်ကွိုင်ကွိုင့်အသံ ရုတ်တရက် ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ် အသံကြောင့် ဦးရုက္ခစိုး ထွက်ပြေးမည် အပြု …

ချိုကုပ်ဒူးကြီးက “မကြောက်ပါနဲ့ … ဦးရုက္ခစိုးရဲ့ … ကျုပ် ဖုန်းသံပါ” ဟု ပြောလိုက်သဖြင့် အသာ ကိုယ်ရှိန်သတ်လိုက်သည်။

“ဟဲလို … အနယားစရော … ဟုတ်တယ် ဆာတန်းငေးအူပါး၊ ချစ်ကိုကြီး ကင်အီးကျုံးရေ ဖုန်းလိုင်းက ကျသွားတာပါ။ ဘယ်သူမှ မရှိပါဘူး … ဦးရုက္ခစိုးပဲ ရှိတယ်။ ဟုတ်တယ်၊ အကြံပေးမလို့။ ကွာတားလောက်ထိ တက်ချင်တယ် မဟုတ်လား။ ညီလေး ပြောတဲ့အတိုင်းသာလုပ်။ ချစ်ကိုကြီးတို့ရဲ့ နျူကလီးယား လက်နက်ကြီးကိုလေ … အမေရိကားကို ခြိမ်းခြောက် ထားရာကနေ ခဏ ပြန်ရုတ်ပြီး ဘရာဇီးဘက် လှည့် ခြိမ်းခြောက်လိုက် ...။ နောက်တခါ ဒီကောင်တွေ အနိုင် မကန်ရဲစေရဘူး၊ စိတ်ချ”

ရုက္ခစိုး။     ။ သူများကိုချည်း အကြံလျှောက်ပေး မနေနဲ့။ ကျုပ်မေးတာ ဖြေပါဦး။

ချိုကုပ်။     ။ ဖြေမှာပေါ့ဗျာ။ ချစ်ကိုကြီးဆီက ဖုန်းလာနေလို့ပါ။ ဒီလိုလေ … ကျုပ်တို့ စီမံကိန်းကြီးက ပြီးမှ မပြီးသေးဘဲ။ လာမယ့် ၂၀၁၄ ကမ္ဘာ့ဖလားကျရင် ကြည့်၊ မြန်မာ့ နျူကလီးယား ကမ္ဘာကို လွှမ်းစေရမည် … အဲ … ယောင်လို့ မြန်မာ့ အားကစားကမ္ဘာကို ဘယ်လို လွှမ်းမလဲ ဆိုတာ ကြည့်လိုက်။

ရုက္ခစိုး။     ။ အားကစားတော့ မသိဘူး နျူကလီးယားတော့ ဖြစ်နိုင်ပါတယ်။

ချိုကုပ်။     ။ ဟာ ဖြစ်နိုင်ရမှာပေါ့။ နျူကလီးယား မဖြစ်လို့ကတော့ တနိုင်ငံလုံးကို ညု ကလီးယားဖြစ်အောင် လုပ်လိုက်မယ်။

ရုက္ခစိုး။     ။ အဲဒါက ပိုဖြစ်နိုင်တယ်။ ခင်ဗျားလုပ်ပုံနဲ့ တနိုင်ငံလုံး မွဲပြီး အဝတ်မဝတ်နိုင်ရင်တော့ ညု ကလီးယားဖြစ်ဦးမှာ။

ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကြီးကို လုံးဝ အရေးမစိုက်ဘဲ “အခု ရွေးကောက်ပွဲလည်း ပြီးသွားပြီ ဆိုတော့ နျူ စီမံကိန်းကြီးကို ဆက် အကောင် အထည် ဖော်ဖို့ပဲ လိုတော့တယ်” ဟု အားပါးတရ ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဗျာ။ ဘယ်လို။ ဘယ်တုန်းက ရွေးကောက်ပွဲ လုပ်လိုက်တာလဲ။ မဟုတ်တာဗျာ။ ကျင်းပမယ့်ရက်တောင် မကြေညာရ သေးဘဲနဲ့။

ချိုကုပ်။     ။ သြော် … ပြီးပါပြီဆိုဗျာ။ ခင်ဗျားကို ကျုပ်က ခင်လို့ပြောပြတာ။

ရုက္ခစိုး။     ။ လာမရွှီးပါနဲ့ဗျာ။ အခုမှ တချို့ပါတီတွေ စည်းရုံးရေး ဆင်းမလို့ လုပ်တုန်းရှိသေးတယ်။ တချို့ဆို ပိုက်ဆံမရှိလို့ ဘယ်က ဘယ်လို ဘာစလုပ်ရမှန်းတောင် မသိသေးဘူး။

ချိုကုပ်။     ။ ပြီးနေပါပြီဆိုဗျာ။

ရုက္ခစိုး။     ။ မဟုတ်သေးပါဘူး။ အခုမှ မဲ ဘယ်လို ထည့်ရတယ် ဘာညာ သရုပ်ပြ လုပ်ပြနေတာဆို။ ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲက ပြီးသွားတာလဲ။

ချိုကုပ်။     ။ ဒါကတော့ မျောက်ပြဆန်တောင်း … အဲ … အဲ … ရွေးကောက်ပွဲကို ပြပြီး ပိုက်ဆံတောင်းမယ်သူတွေ တောင်းလို့ ကောင်းအောင် အပြလေး လုပ်ပေးထားတာ။ တကယ်က လုံး … ဝ …ပွဲ ပြီးသွားပြီ။ ပြီးသွားလို့ အခု ကျုပ်တောင် ထမင်းကြမ်းလေး ယပ်ခပ်စားပြီး ဘောပွဲအေးအေး ဆေးဆေး ကြည့်နေတာလေ။

ရုက္ခစိုး။     ။ တကယ်ပြီးသွားပြီလား။

ချိုကုပ်။     ။ တကယ်ပါဆို ...။ ကြံ့ဖွံ့က မဲရုံဆောက်မယ်၊ ကြံ့ဖွံ့ပါတီက ဝင်ပြိုင်မယ်၊ မဲရုံစောင့်မယ်သူကလည်း ကြံ့ဖွံ့ပဲ၊ မဲ ရေတာလည်း ကြံ့ဖွံ့ပဲ၊ ရွေးကောက်ပွဲ ကော်မရှင်မှာလည်း ကြံ့ဖွံ့က ထည့်ထားတဲ့ သူတွေ ချည်းပဲ။ ကြံ့ဖွံ့ဆိုတာကလည်း စစ်သားက လူဝတ်လဲထားတာတွေ ချည်းပဲ။ အဲဒီတော့ ရွေးကောက်ပွဲ ပြီးပြီပေါ့။

ရုက္ခစိုး။     ။ တကယ် ပြီးသွားပြီ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက် ပါလားဗျာ။ သူ့ခမျာ၊ သူ့မွေးနေ့မှာ လွတ်လွတ်လပ်လပ် နေရတာပေါ့။ ခင်ဗျားလည်း ကုသိုလ် … ရ … ရ ...။

ချိုကုပ်။     ။ (မျက်ထောင့်နီကြီးနှင့် ကြည့်ရင်း) တော်၊ တန်၊ တိတ် ဦးရုက္ခစိုး။ ပြီးပြီ ဆိုတဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့၊ ဇာဂနာ တို့ကို ထောင်ထဲမှာ အပြီးထည့်ထားပြီးပြီ ဆိုတာလည်းပါတယ်။ ခင်ဗျားပါ စက်ကွင်းမလွတ် ဖြစ်သွားမယ်။ ကိုယ့်ဘာသာ ကမ္ဘာ့ဖလား အေးအေးဆေးဆေးကြည့် ဟုတ်ပြီလား။

ရုက္ခစိုး။    ။ ဒါဆိုလည်း ပြန်တော့မယ်ဗျာ … ဖိုးရှုပ်တို့နဲ့ ဘောပွဲကြည့်ဖို့ ချိန်းထားသေးတယ်။

အလာတုန်းကကဲ့သို့ မဟုတ်တော့ဘဲ ကုတ်ချောင်းချောင်း ပြန်လစ်သွားရရှာသော ဦးရုက္ခစိုးနောက်သို့ ချိုကုပ်ဒူးကြီး၏ ငှက်ဆိုး ထိုးသံကြီးမှာ အဆက်မပြတ် လိုက်ပါလာလေသည်။

“ဦးရုက္ခစိုး ရွေးကောက်ပွဲ ပြီးပြီ ဆိုတာ အော့ဖ်သ ရက်ကော့နော်။ ခင်ဗျား နတ် အက်သစ်နဲ့ ညီပစေ။ ဒေဝါလီ မဂ္ဂဇင်းကို သွား မပြောလိုက်နဲ့ဦး။ ဒေဝါလီမှာ ရေးတာတွေ့ရင် ခင်ဗျားကို တရားစွဲမယ်” ဟူ၏။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။