ရီတန်းအော့ဖ် ချိုကုပ်ဒူးကြီး

Wednesday, 11 August 2010 19:49 ထွေရာလေးပါး
Print
“လှိုင်လှိုင်ပန်း” ဆေးရုံကြီးပေါ်တွင် ဖြစ်သည် …။

အခန်းအမှတ် ဇီးရိုး ဇီးရိုး ဇီးရိုး (၀၀၀) မြေအောက်ခန်းအတွင်းရှိ အထူးကုသဆောင်တွင် ချိုကုပ်ဒူးကြီးကို မြင်ရသည်မှာ အတော်ပင် မသက်မသာ ရှိလှသည်။ သူ့ဘေးတွင် သူ့မိသားစုအားလုံး ဝိုင်းဝိုင်းလည်နေသည်။ ဦးရုက္ခစိုးက နတ်တို့၏ တန်ခိုးဖြင့် အခန်းထဲ ရုတ်တရက် ဝင်လိုက်သည်။

cmnat-may-20-09ချိုကုပ်။     ။ ရပ်၊ ဘယ်သူလဲ … ကျုပ် ပစ်လိုက်ရမလား။

ရုက္ခစိုး။     ။ ကျုပ်ပါဗျ၊ ဦးရုက္ခစိုးပါ။ ပစ်လည်း ကျည်ဆန်ကုန်ရုံပဲရှိမှာပေါ့။ ကျုပ်က ချိုကုပ်ဒူးကြီး သေတော့မလားလို့ လာကြည့်တာ။

ချိုကုပ်။     ။ ဘာ … ကျုပ် … ကျုပ် … သေတော့မှာလား။ တကယ်လားဟင်။ အောင်မငေး ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။

ကွိုင်ကွိုင်။     ။ မောင်တော်ကလည်း … မဦးမချွတ် … ဘာတွေ လျှောက်ပြောနေတာလဲ။

ရုက္ခစိုး။     ။ သေမှာများ ဝမ်းသာတယ်ရှိသေးတယ်။ သေတယ်ဆိုတာ လူတွေအတွက် ဝမ်းနည်းစရာဗျ။

ချိုကုပ်။     ။ လူတွေအတွက်တော့ ဝမ်းနည်းစရာပေါ့ဗျာ။ သို့ပေမယ့် ကျုပ်တို့လို ချိုကုပ်တွေအတွက် ကတော့ ဝမ်းသာစရာဗျ။ ကျုပ် အခုချက်ချင်း သေချင်တယ်ဗျာ။ ကျုပ်ကို သေအောင် လုပ်ပေးစမ်းပါ ဦးရုက္ခစိုးရယ် … နော်။ ခင်ဗျားက နတ်ဆိုတော့ သေမင်းတို့ ဘာတို့နဲ့လည်း ရင်းနှီးမှာပဲ။ လုပ်ပါဗျာ။ ပါမစ်ပေးပါ့မယ်။ နေပြည်တော်က ဘယ်သစ်ပင်လိုချင်လဲ … ကျုပ် ပေးမယ်ဗျာ။

ရုက္ခစိုး။     ။ ဒုက္ခပဲ။ ရုက္ခစိုးကို လာဘ်လာထိုးနေရတယ်လို့ ...။ ခင်ဗျား နေပြည်တော်က သစ်ပင်က ပေါက်စနလေးတွေ … ကျုပ်တက်နေလို့မှ မရဘဲ။ မှင်စာပဲ နေလို့ရမယ်။ ကဲပါ ...ကဲပါ … ခင်ဗျားက ဘာလို့ ချက်ချင်းကြီး သေချင်ရတာလဲ။ ပြောပြ စမ်းပါဦး။

ချိုကုပ်။     ။ ဟာ … သေလိုက်ရင် ဒီဘဝမှာ ကိစ္စငြိမ်းပြီလေ။ အခုတော့ အိုကြီးအိုမနဲ့ ဝေဒနာတွေ ခံစားနေရတာ မခံနိုင် ဘူးဗျာ။ ပြီးတော့ ကျုပ်ကို မသေ့တသေ ဖြစ်အောင် နှိပ်စက်ချင်နေတဲ့ သူတွေ ရှိတယ်ဗျ။ အဲဒါတွေလည်း ကျုပ်မခံနိုင်ဘူး။

ရုက္ခစိုး။     ။ သေချင်ရတဲ့ အကြောင်းရင်းက ဒါပဲလား။

ချိုကုပ်။     ။ ရှိသေးတယ်ဗျ။ ဒေဝါလီမဂ္ဂဇင်းက ကာတွန်းဟန်လေးလေ ...၊ သူ့ကို ကျုပ် လုံးဝ ကြည့်မရဘူး၊ သူက ကျုပ်နဲ့ လုပ်စားနေတာဗျ။ ကျုပ်သေရင် သူ ဘာဆွဲလို့ဆွဲရမှန်း သိတော့မှာမဟုတ်ဘူး။ သူ့ကိုလည်း ပညာပေးတဲ့အနေနဲ့ သေချင်တယ်။ တကယ်လို့ ကျုပ် မသေသေးဘဲ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ … အာဏာ လွှဲပေးလိုက်ရပြီ ဆိုပါတော့။ ကျုပ်ကို နိုင်ငံတကာ စစ်ခုံရုံးပေါ်တင်ပြီး ပါးပါးလှီးမယ့်သူတွေ ရှိတယ် ...။ အောင်မလေး … ကြက်သီး ထလွန်းလို့ပါ ဦးရုက္ခစိုးရယ်။ လုပ်ပါဗျာ။ ကယ်ပါဦး။

ရုက္ခစိုး။     ။ ဟာ … မသေသေးတဲ့သူကို သေအောင်လုပ်ဖို့တော့ ကျုပ်လည်း မတတ်နိုင်ဘူးဗျာ။ ဒါ သေမင်းအလုပ်။ သေမင်းနဲ့ ကျုပ်က မယားညီအစ်ကိုလည်း မဟုတ်ဘူး၊ ယောက်ဖလည်း မတော်ဘူး။ ကျောင်းနေဘက် သူငယ်ချင်းလည်း မဟုတ်ဘူး။ မဖြစ်သေးပါဘူးဗျာ။

ချိုကုပ်။     ။ ဦးရုက္ခစိုးက တကယ်ပဲ မကူညီနိုင်ဘူးပေါ့ ဟုတ်လား။

ရုက္ခစိုး။     ။ ဟုတ်တယ် … မကူညီနိုင်ဘူး။ အခုတောင် ဖိုးရှုပ်တို့ အတင်းလွှတ်လို့ လာကြည့်တာ၊ တော်ကြာ ခင်ဗျားကို မသေစေချင်သေးတဲ့ သူတွေက ကျုပ်လုပ်လို့ သေရပါတယ်ဆိုပြီး ဝိုင်းထောင်းနေလိမ့်မယ်။

ချိုကုပ်။     ။ ထောင်းလည်း ဘာအရေးလည်းဗျာ၊ အင်တာနက်ပေါ်က ထောင်းမှာပဲဟာ။

ရုက္ခစိုး။     ။ အဲဒါ ပိုဆိုးတယ်။ တိုက်ရိုက်လာထောင်းတာကမှ တခါတည်း နတ်သက်ကြွေရုံပဲ။ ဖော်ဝါ့ မေးလ်ကနေတဆင့် ကျုပ်ကို နတ်သက် ဆယ်ခါပြန်လောက် ကြွေအောင် လုပ်ကြမှာ၊ ကြောက်တယ်။ နေစမ်းပါဦး၊ ခင်ဗျားသေရင် ခင်ဗျား အချစ်တော် မြေးလေး ဖိုးလောက်လန်းလေးနဲ့ ခင်ဗျား မိသားစုကို လူတွေ ဝိုင်းနှိပ်စက်ကြမှာ မကြောက်ဘူးလား။

ချိုကုပ်။     ။ (ခေတ္တတွေသွားလျက်) ကြောက်တော့ ကြောက်တာပေါ့ဗျာ။ ဒါပေမယ့် မြန်မာပြည်မှာ ကျုပ်လောက် ရက်စက်မယ့်သူမှ မရှိဘဲ။ သူတို့ ခံနိုင်ကြမှာပါ။ လုပ်ပါဦးရုက္ခစိုးရယ်။

ရုက္ခစိုး။     ။ မလုပ်တတ်ဘူးဗျာ။ ကြံကြံဖန်ဖန်။ ဒါ ရုက္ခစိုး ကိစ္စမှ မဟုတ်ဘဲ။

ချိုကုပ်။     ။ သြော … ဦးရုက္ခစိုးက ဒီလိုလား။ ရတယ်လေ။ ဦးရုက္ခစိုးမလုပ်ပေးလည်း ကျုပ်ဘာသာ လုပ်တယ်။

ချိုကုပ်ဒူးကြီးမှာ ပြောပြောဆိုဆို သူ့ကိုယ်တွင် ဆက်သွယ်ထားသမျှသော ပိုက်ကြီး၊ ပိုက်ငယ် အသွယ်သွယ်ကို လျင်မြန်စွာ ဆွဲဖြုတ်လိုက်ရာ ဦးရုက္ခစိုးပင် တားချိန် မရလိုက်ချေ။ ဦးရုက္ခစိုး အံ့သြတကြီး ဖြစ်နေချိန်တွင် ချိုကုပ်ဒူးကြီးလည်း ဆန့်ငင် ဆန့်ငင် လေး၊ ငါး ခါ ဖြစ်ပြီး ငြိမ်သက် သွားလေတော့သည်။ သူ့မိသားတစုလုံးမှာ ပြာလောင်ခတ် ငိုယို၍ ဆရာဝန်များ ခေါ်ရန် အပြေးအလွှား အခန်းပြင်ဘက် ထွက်သွားကြလေသည်။

ထိုချိန်တွင် “ဟားဟားဟားဟား၊ ဟားဟားဟားဟား” ဆိုသော ရယ်သံကြီး တသံနှင့်အတူ အငွေ့ တထောင်းထောင်း ကြားက အနက်ရောင်ဝတ်စုံနှင့် လက်ထဲတွင်လည်း တံစဉ်အကြီးစားကဲ့သို့ ဘာမှန်းမသိသော အရာကြီး ကိုင်ဆောင်ထားသူတဦး ဘွားခနဲ ပေါ်လာလေသည်။

ရုက္ခစိုး။     ။ ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ။

ထိုသူ။     ။ မြို့တော်သိန်းအောင် ဇာတ်ကလေ … အဲ ဟုတ်ပေါင် ယောင်လို့၊ ကျုပ်က သေမင်း … သေမင်းဗျ။ ခင်ဗျားက ဘယ်သူလဲ၊ ပုံစံကိုက … ဇာတ်ခေါင်းကွဲလာတဲ့ ရုပ်နဲ့။

ရုက္ခစိုး။     ။ သေမင်းဖြစ်ကြောင်း ဘာထောက်ခံစာပါလဲ … ပြ။

သေမင်း။     ။ ထောက်ခံစာ ပြရအောင် ခင်ဗျားက ရဲလား၊ ကြံ့ဖွံ့လား၊ လဝကလား။ ဒီမှာ … ကျုပ်ပုံစံကို ခင်ဗျား ဗီဒီယိုတွေထဲမှာ မမြင်ဖူးဘူးလား။ ကျုပ်ကို မြင်တာနဲ့ သေမင်းဆိုတာ လူတိုင်းသိတယ်။ ထောက်ခံစာ မလိုဘူး။

ရုက္ခစိုး။     ။ ထားပါတော့လေ … သေမင်းဆိုတော့လည်း သေမင်းပေါ့ … ခင်ဗျားက အခု ဘာလာလုပ်တာလဲ။ ကြည့်ရတာ ခင်ဗျားလုပ်လိုက်တာနဲ့ တူပါရဲ့ … ဟိုမှာ ချိုကုပ်ဒူးကြီး သေပြီ။

သေမင်း။     ။ အဲဒီကိစ္စ ကျုပ်လာတာပဲဗျ … ။

ထိုသို့ ပြောဆိုနေကြစဉ် … ချိုကုပ်ဒူးကြီး၏ ခန္ဓာကိုယ် စန့်စန့်ကြီးထဲမှ သူနှင့် တပုံစံတည်း အငွေ့တခု ထွက်လာလေသည်။

ချိုကုပ်။     ။ ဟားဟားဟား … နောက်ဆုံးတော့ ကျုပ်သေပြီလေ ဦးရုက္ခစိုးရဲ့ … ဘာတတ်နိုင်သေးလဲ။ ဟောဒီက မိတ်ဆွေကြီးက ကျုပ်ကို လာခေါ်တာ ထင်ပါရဲ့။ ကျေးဇူးပဲဗျာ။

သေမင်း။     ။ ဘာပြောတယ်။ ငါလာတာ မင်းကိုလာခေါ်တာ မဟုတ်ဘူး။ ငါက မင်း မသေသေးဘူး၊ သေလို့ မရသေးဘူး ဆိုတာ လာပြောတာ။

ချိုကုပ်။     ။ ခညာ။ တကယ်ပြောတာလား။ မဖြစ်နိုင်ပါဘူး။ သေပြီလေ … ဟိုမှာ ကျုပ်ရဲ့ ခန္ဓာကိုယ် စန့်စန့်ကြီး ဖြစ်နေတာ မြင်ရဲ့သားနဲ့။

သေမင်း။     ။ အဲဒါက မင်းဘာသာ ပေါက်ကရ လျှောက်လုပ်လို့ မျောနေတာ။ ကြည့်နေ မင်းကို အသက်ပြန်ဝင်အောင် လုပ်ကြလိမ့်မယ်။ မင်းသေရင် ဒီ လှိုင်လှိုင်ပန်းက ဒေါက်တာတွေ၊ ဝန်ထမ်းတွေ အားလုံး ထောင်နန်းစံရမှာဆိုတော့ မင်း သေလို့ မဖြစ်ဘူး။

ချိုကုပ်။     ။ သူတို့ ထောင်မကျစေရပါဘူး သေမင်းကြီးရယ်၊ ကျုပ် လက်မှတ်ထိုးပေးခဲ့ပါမယ်။ သေပါရစေနော်။

သေမင်း။     ။ မရဘူး … မင်းအတွက် အထူးသင့်လျော်တဲ့ ပြစ်ဒဏ် ငရဲပြည်မှာ မရှိသေးဘူးတဲ့ …၊ ခုနကပဲ ငရဲမင်းကြီးဆီက  မက်ဆေ့ခ်ျဝင်လာတယ်။ အဝီဇိကို တိုးချဲ့ဆောင် ဆောက်ပြီး မင်းအတွက် သီးသန့် ငရဲသားတွေငှားရဦးမှာ။ အင်တန်းရှစ်လောက်နဲ့ မရဘူးလေ၊ ကျွမ်းကျင် ငရဲသားတွေလိုတယ်။ အဲဒီအတွက် ဖန်ဒင်ကလည်း ပရိုပိုဇယ်တင်ထားတုန်း မကျသေးဘူးတဲ့။ ဒိုနာတွေက အထူးစဉ်းစားပေးမယ်တော့ ပြောတယ်တဲ့။ အဲဒီတော့ မင်း သေလို့မရသေးဘူး။

ချိုကုပ်။     ။ ဟာဗျာ …။ ခက်တာပဲ။ ဒီလိုလုပ်ပါလား။ ကျုပ် ခင်ဗျားလက်ထဲက တံစဉ်ကြီးကို ရွှေချပေးမယ်လေ။ အခုပဲ ကျုပ်ကို ခေါ်လိုက် … ဟုတ်လား။ နည်းသေးလို့လား … ခင်ဗျား မျက်နှာပေါက်ကြီးက ဆိုးကဆိုးနဲ့ …၊ ဒီ လှိုင်လှိုင်ပန်း ဆေးရုံကြီးက ပလတ်စတစ် ဆာဂျရီက အရမ်းကောင်းတာ။၊ ကျုပ် အကုန်အကျ ခံပေးမယ်။ ဟာ … ရှုပ်ပါတယ်ဗျာ၊ ဖြတ်ဖောက်ချုပ်ပါ လုပ်ချင်လား၊ ကျုပ်စိုက်မယ်ဗျာ။ စည်းစိမ်ပြုတ်ချင် ပြုတ်သွားပစေ။

ဘေးက နားထောင်နေသော ဦးရုက္ခစိုးကြီးက ချိုကုပ်ဒူးကြီးစကားကြောင့် ဘုရားတနေသည်။ သေမင်းကတော့ တော်တော်လေး ဒေါသထွက်သွားသည်။ သို့သော်လည်း သူ့ဒေါသကို အစွမ်းကုန် ထုတ်သုံးရန်မဖြစ်ကြောင်း သူသိသည်။

သေမင်း။     ။ ဟင်းဟင်း … ချိုကုပ်နော် ချိုကုပ်။ သေမင်းကိုတောင် လာဘ်လာထိုးနေတယ်။ မင်းကို မသေမချင်း သားရေပင်နဲ့ ပစ်သတ်ချင်တဲ့သူတွေ ရှိနေသေးလို့ပေါ့ကွာ ...။ မဟုတ်လို့ကတော့လား၊ ငါ့စိတ်နဲ့ ငါ့ကိုယ်ဆို မင်းသေပြီ။

ချိုကုပ်။     ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပေါ့ သေမင်းရယ်။ ကျုပ်ဆို ဘယ်သူ့စကားမှ နားထောင်တာ မဟုတ်ဘူး။ ကျုပ်လုပ်ချင်တာလုပ်ခဲ့တာ။ ခင်ဗျားကြီးလည်း အဲဒီလိုပဲ လုပ်စမ်းပါ။

သေမင်း။     ။ ဟေ့ကောင် … မင်း စကားကို ကြည့်ပြော၊ မပုတ်ခတ်နဲ့။ မင်းကို တတိုင်းပြည်လုံးက ပြည်သူတွေက ချက်ချင်း မသေစေချင်ဘူးကွ။

ချိုကုပ်။     ။ ဗျာ … ဟုတ်လား။ သြော် … ကျုပ်ကို ဒီလောက် ချစ်ကြမှန်း အခုမှပဲ သိတော့တယ်။ ဒီလိုမှန်းသိရင် ကျုပ် ပြည်သူတွေအပေါ် အခုလောက် မရက်စက်ပါဘူးဗျာ ...။ အခု ရက်စက်တာရဲ့ ၁၀၀ ပုံ တပုံလောက် လျှော့ပေးခဲ့ပါတယ်။ ကျုပ် သိပ်မှားသွားပြီ။

ရုက္ခစိုး။     ။ ဘာတွေပြောနေတာလဲ ချိုကုပ်ဒူးကြီးရဲ့။ ခင်ဗျားကို ပြည်သူတွေက ချစ်တာမဟုတ်ဘူး၊ မုန်းတာ၊ မုန်းတာ။ မုန်းလို့ ချက်ချင်း မသေစေချင်တာ။ ခင်ဗျားရဲ့ အပြစ်ဒဏ်တွေကို လူ့ဘဝမှာတင် ပယ်ပယ်နယ်နယ် ခံစားတာကို မြင်ချင်ကြတာ။

ချိုကုပ်။     ။ သြော် ဟုတ်လား။ ထင်တော့ ထင်သား၊ ကျုပ်မျက်ခွက်ကြီးက သိပ်တော့ ချစ်စရာ မကောင်းပါဘူးလို့။ အဲဒါကြောင့် ပြောတာပေါ့ သေမင်းရဲ့။ ကျုပ်ကိုခေါ်ပါဆို။ ကျုပ်နှိပ်စက်ခဲ့သမျှ ကျုပ်ကို ပြန်လုပ်ကြတော့မယ်။

သေမင်း။     ။ မခေါ်ဘူး၊ မခေါ်ဘူး။ ဘယ်လိုနည်းနဲ့မှ မခေါ်နိုင်ဘူး။

ထိုစဉ် ချိုကုပ်ဒူးကြီး၏ မိသားစုက ပြာလောင်ခတ်ကာ လှိုင်လှိုင်ပန်း ဆေးရုံအတွင်းမှ ရှိရှိသမျှ ဆရာဝန်များကို အတင်း ခေါ်ဆောင်လာလေသည်။ ချိုကုပ်ဒူးကြီး၏ အပါးတော်မြဲ ချိုကုပ်တယောက်က ဆရာဝန်ကြီး တဦးကို သေနတ်ထောက်ကာ အမြန်ဆုံး ပြန်ရှင်စေရန် ကုခိုင်းနေလေသည်။

ရုက္ခစိုး။     ။ ကဲ … ပြန်ဝင်တော့လေ ချိုကုပ်ဒူးကြီး။

ချိုကုပ်။     ။ ဟင့်အင်း … ဝင်ဘူး၊ ဝင်ဘူး … ဝင်ဘူးဆို ဝင်ဘူး။

ရုပ်ကြမ်းကြီးဖြင့် နုနေသော ချိုကုပ်ဒူးကြီးကို သေမင်းက “ဒီလောက်တောင် ဖြစ်လှတာဟယ်” ဟု ကြိမ်းဝါးရင်း သူ့ ခန္ဓာကိုယ် စန့်စန့်ကြီးထဲ အတင်းထိုးထည့်လိုက်လေသည်။ ထိုအခါ ဆရာဝန်ကြီး ဘာမှ မလုပ်ရသေးမီ ချိုကုပ်ဒူးကြီးလည်း ငေါက်ကနဲ ထထိုင်လေတော့၏။

ကွိုင်ကွိုင်။     ။ ဟယ်။ မောင်တော် သတိပြန်ရပြီ။ မောင်တော်မသေဘူး၊ ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ။

ကွိုင်ကွိုင်က ဝမ်းသာလုံး ဆို့နေသော်လည်း မသေရသဖြင့် မပျော်နိုင်သူ ချိုကုပ်ဒူးကြီးမှာ ထွက်လာသော ဒေါသကို မည်သူ့အပေါ် ပုံချရမှန်းမသိ ဖြစ်နေရာက သူ့မယားကွိုင်ကွိုင်အပေါ်သာ ပုံချတော့မည်ဟု စိတ်ကူးမိပြီး နဘေးရှိ ထွေးခံကို ယူ၍ ကွိုင်ကွိုင့်ခေါင်းကို ဂေါက် ခနဲမြည်အောင် ထုချလိုက်လေတော့၏။     ။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။