ရာနှုန်းပြည့်အောင်နိုင်ရေး ကြပ်လာလို့ပြေး

နေပြည်တော် သေနာ သီရိ မြို့နယ် အတွင်းရှိ လယ်ကွင်း ပြင်ပေါ်တွင် ထီးတည်းရပ်ကာ ပုဆိုးကွင်းသိုင်း ထားသည့် လူတဦး “ကြံ့ဖွံကို မဲပေးပါ၊ ကြံ့ဖွံ့ကို မဲပေးပါ” ဟု အသံကုန် ဟစ်အော်နေသည်။ သူ့ရှေ့တွင် ရိုးပြတ်များ၊ ကောက်ရိုးပုံများနှင့် မြက်စားနေသည့် နွားနှစ်ကောင်သာ ရှိသည်ဟု ထင်ရ၏။

တကယ်တော့ ထိုမျှမကပါ … သူ ဟစ်အော်နေသည်ကို စိတ်ပျက်လက်ပျက် ကြည့်နေသည့် နေပြည်တော်အခြေစိုက် ကြပ်တအုပ်လည်း ရှိနေပါသည်။ နာနာဘာဝ ဖြစ်သည့် ကြပ်များကို ထိုသူ မမြင်နိုင်ပေ။ ထိုစဉ် ထို ကြပ်အုပ်နားသို့ ဦးရုက္ခစိုးကြီးလည်း ရောက်လာသည်။ ဦးရုက္ခစိုးကြီးကို ကြပ်ခေါင်းဆောင် ကြပ်ငပွေးက ဆီးကြိုလိုက်၏။

ကြပ်ငပွေး။     ။ အိုင်ဆေး ဦးရုက္ခစိုး … မြန်လှချည်လားဗျ။ ကျုပ်ကဖြင့် ခုနကမှ မက်ဆေ့ခ်ျ ပို့လိုက်တာကို။

ရုက္ခစိုး။     ။ မြန်ဆို … နတ်တို့တန်ခိုးနဲ့ နှစ်ဆတိုးတဲ့ အလျင်ကို ဖန်ဆင်းပြီး လာတာကိုးကွဲ့။ ကဲ ဆိုစမ်းပါဦး ကြပ်ငပွေးရာ။ ဘာတွေဖြစ်နေတာလဲ။

ကြပ်ငပွေး။     ။ ဘာတွေ ဖြစ်ရမလဲဗျာ။ အဲဟိုက အော်နေ ဟစ်နေတဲ့ လူကို ကြည့်စမ်းပါဦး။ သူ့ဘာသာ အော်တာက အရေးမကြီးဘူး ကျုပ်တို့ ကြပ်တွေ အိပ်ရေးပျက်တယ်ဗျ။

ရုက္ခစိုး။     ။ အေး ဟုတ်သားပဲ … မင်းတို့ ကြပ်တွေက ညဘက်ပျော်ပြီး နေ့ဘက်ကျမှ နားရတာကိုး။ မှန်းစမ်း ဘယ်သူပါလိမ့်။ သြော် … လတ်စသတ်တော့ ဦးရွှေပန်းပဲ။

ကြပ်ငပွေး။     ။ ဘယ်ကလူရွှင်တော်လဲဗျ၊ ပုဆိုးကြီးလည်း ကွင်းသိုင်းလို့။

ရုက္ခစိုး။     ။ လူရွှင်တော် မဟုတ်ပါဘူးကွယ်။ စစ်တပ်က ကသောကမျော ထွက်လာခဲ့တဲ့သူဆိုတော့ ချက်ချင်း ပုဆိုး မဝတ်တတ်ရှာသေးလို့ပါ။ သူက ဒီ နေပြည်တော် သေနာ သီရိ မြို့နယ်မှာ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲ ဝင်မှာတဲ့။ အဲဒါကြောင့် စည်းရုံးရေးဆင်းနေတာ နေမှာပေါ့။

ကြပ်ငပွေး။     ။ ဟား … ပြဿနာပဲ … ဒီ မြို့နယ်တွေမှာ လူဖြင့်မရှိဘဲဟာ။ ဘယ်သကောင့်သားကို စည်းရုံးရေး ဆင်းမှာလဲ ဦးရုက္ခစိုးရဲ့။

ရုက္ခစိုး။     ။ လောလောဆယ်တော့ သူ့ရှေ့က နွားနှစ်ကောင်ကို အရင် စည်းရုံးမယ် ထင်ပါ့ ငပွေးရယ်။ ကဲ ကဲ မင်း သိချင်သပါ့ဆို ကိုယ်ထင်ပြပြီး မေးကြည့်ကြတာပေါ့။ လာလေ့ … လက်ညှိုးထောင် ကိုယ်ရောင် လင်းလိုက်မကွဲ့။

ဦးရုက္ခစိုးက ကိုယ်ထင်ပြလိုက်သည်နှင့် တပြိုင်နက် ကြပ်ငပွေးကလည်း အားကျမခံ ကျွမ်းနှစ်ပတ်ပစ်ကာ ကိုယ်ထင်ပြလိုက် သဖြင့် ဦးရွှေပန်း ရုတ်တရက် လန့်သွားသည်။

ရွှေပန်း။     ။ ကြံ့ဖွံ့ကို … အမေကယ်ပါ၊ အဘကယ်ပါ၊ ချိုကုပ်ဒူးကြီးကယ်ပါ၊ ကယ်လို့ရသမျှ အကုန်ကယ်ပါ။ ဟာ … ဘယ်လို သတ္တဝါလည်းဟ ...။ ဟိုမရောက် ဒီမရောက်နဲ့ … တော်တော်အချိုးမကျတဲ့ ကောင်ပဲ။

ကြပ်ငပွေးကို ကြည့်၍ ပြောလိုက်ခြင်းဖြစ်ရာ ငပွေး နည်းနည်း တင်းသွားသည်။

ကြပ်ငပွေး။     ။ ဘာ အချိုးမကျတာလဲဗျ ...။ ကြပ်လောကမှာ ကျုပ်က ကြပ်နေတိုး … မြဲမြဲမှတ်ထား။ ခင်ဗျားသာ ဘိုကလေး မီးသွေး ကိုယ်ပျက်နေတဲ့ရုပ်။

ကြပ်ငပွေးက ဦးရွှေပန်းကို ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်သဖြင့် စိတ်တိုသွားသော်လည်း မဲဆွယ်နေသည့် ကာလဖြစ်သည်ကို သတိရ သွားပြီး မျက်နှာချိုသွေးကာ ...။

ရွှေပန်း။     ။ သြော် ကြပ်နေတိုးတဲ့လား ...။ ကျုပ်က ကြပ်လီယိုနာဒို အောက်မေ့နေတာ။ ဟဲဟဲ ဟဲဟဲ။ ကြံ့ဖွံ့ကို မဲထည့်နော်။

ကြပ်ငပွေး။     ။ အာ … ရှုပ်ရှုပ်ရှက်ရှက် ဘာလို့ မဲထည့်ရမှာလဲ။

ရွှေပန်း။     ။ ထည့်ပါ … ကြံ့ဖွံ့ကို မဲထည့်ရင် လိုတာတွေအားလုံး ဖြစ်စေရမယ်။

ပြောရင်း ဦးရုက္ခစိုးကို မြင်သွားသဖြင့် “ဦးရုက္ခစိုးလည်း ကြံ့ဖွံ့ကို မဲထည့်နော်။ မှတ်ပုံတင် နေ့ချင်းပြီး လုပ်ပေးမယ်” ဟု ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဦးရွှေပန်း … ဒီက ကြပ်ငပွေးက မေးနေတယ်။ လူမရှိတဲ့ ကွင်းခေါင်ခေါင်မှာ ဘာလို့ အမတ်လောင်းလုပ်ပြီး ရွေးကောက်ပွဲ ဝင်တာလဲတဲ့။

ရွှေပန်း။     ။ သြော် ဦးရုက္ခစိုးကလည်း … လူမရှိတဲ့ နေရာမှာ ဝင်ပြိုင်မှ ကန့်ကွက်မဲမရှိ ၁၀၀ ရာခိုင်နှုန်း နိုင်မှာပေါ့လို့။ ကျုပ်လိုပဲ … လဒူသီရိ တို့၊ ဒုက္ခ သီရိ တို့၊ ပေါက်ကရ သီရိတို့မှာလည်း ဗိုလ်ပြုတ်တွေ ဝင်ပြိုင်ကြလိမ့်မယ်။

ထိုစဉ် သူတို့နားသို့ လှုပ်လှုပ် လှုပ်လှုပ်နှင့် ချိုကုပ်ဒူးကြီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ချိုကုပ်။     ။ ဟဲ့ ရွှေပန်း … မဲဆွယ်စည်းရုံးပါဆို ဘယ်သူတွေနဲ့ လေပန်းနေတာလဲ။

ရွှေပန်း။     ။ စည်းရုံးတာ တော်တော်ခရီးရောက်နေပြီ ချိုကုပ်ဒူးကြီးရဲ့။ အခုဆို ရှေ့က မြက်စားနေတဲ့ နွားတွေ ကျနော်မျိုးကြီးရဲ့ လေမှာ တော်တော်လေး မိနေပြီ။

နွားနှစ်ကောင်ထဲက တကောင်က “ဘွတ်အဲ” ဟု ထအော်လိုက်ရာ ဦးရွှေပန်းက “တွေ့လား၊ ထောက်ခံနေတယ်” ဟု ဆိုကာ ရင်ကော့လိုက်သည်။

ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးက ဘာလာလုပ်တာလဲ။ နွား ဘယ်နှကောင်ကို စည်းရုံးပြီးပြီလဲ ဆိုတာ လာကြည့်တာလား။

ချိုကုပ်။     ။ မဟုတ်ပါဘူးဗျာ … ရန်ကုန်မှာ စည်းရုံးမှု အရှိန်အဟုန် တက်နေတဲ့အကြောင်း လာပြောတာ။ ဒါမှ ဒီက ရွှေပန်းတို့လည်း အားတက်မယ် မဟုတ်လား။

ရွှေပန်း။     ။ ဒီမှာလည်း စည်းရုံးမှု အရှိန်တက်ပါတယ် ဘဘဘုရားရယ်။ နွားတွေတင် မကဘူး နတ်တွေကော၊ ကြပ်တွေကောကို စည်းရုံးထားတာ။ ကျနော့်ကို နိုင်ငံတော် ဘဏ္ဍာထဲက ပိုက်ဆံတွေ ပိုထုတ်ပေးတော့ဗျာ။ နေပြည်တော်က နွားတွေကို မြက်တထုံးစီ ပိုကျွေးမယ်ဆိုပြီး မဲဆွယ်မလို့။

ချိုကုပ်။     ။ မဖြစ်ဘူးကွ ...။ အခု ရန်ကုန်ကိုပေးထားတဲ့ ဘဏ္ဍာငွေတောင် မလောက်ဘူး ဖြစ်နေတာ။ သိန်းဂိန်လေ … အသက် ၇၀ ကျော် အဘိုး၊ အဘွားတွေကို ငွေလှူပါမယ်ဆိုပြီး စကားတွေ ကျွံကုန်လို့၊ အဲဒါ အခု အသက် ၇၀ ကျော်တွေက အများကြီးဖြစ်နေတော့ အသက် ၇၅ နှစ်ကျော် အဘိုး၊ အဘွားတွေကိုပဲ လှူပါတော့မယ် ဆိုပြီး ပြန်ပြင်ရတယ်။ ဒါတောင် ငွေက မလောက်ဘူးတဲ့။

ရုက္ခစိုး။     ။ အဲဒီလို လှူတော့ ဘာဖြစ်လဲ။ သူတို့က မဲထည့်မှာလား။

ချိုကုပ်။     ။ မဲ ထည့်မထည့်တော့ မသိဘူးလေ။ ပိုက်ဆံယူမယ့်သူကတော့ တန်းစီနေတာပဲ။ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ် ဆိုရမှာပေါ့။

ရုက္ခစိုး။     ။ အင်း အင်း ဟုတ်တာပေါ့။ ဒါဆို နောက်ထပ် အောင်မြင်တာတွေ ပြောစမ်းပါဦး။

ချိုကုပ်။     ။ အောင်မြင်တာတော့ ပြောမနေနဲ့။ လူတယောက်သေရင် ၃ သောင်းပေးမယ်ဆိုပြီး စည်းရုံးတာလေ။

ကြပ်ငပွေး။     ။ လူတွေ သေကုန်ရောလား။

ချိုကုပ်။     ။ သေတဲ့သူတွေလည်း သေကြပါတယ်။ ဒါပေမယ့် စရန်လာသတ်တဲ့သူက ပိုများတယ်။

ရုက္ခစိုး။     ။ စရန်သတ်တယ် ဟုတ်လား။ ဘယ်လို စရန်လာသတ်တာလဲဗျ။

ချိုကုပ်။     ။ လူဆိုတာ သေမျိုးပဲတဲ့၊ အခုမသေလည်း နောက်သေမှာပဲဟာ … အခု မသေခင် စရန် ၁ သောင်းခွဲ ကြိုပေးထားပါ၊ သေပြီးမှ ကျန်တဲ့ ၁ သောင်းခွဲ ယူပါ့မယ် ဆိုပြီး စရန်လာသတ်တာလေ။ ဘာပဲဖြစ်ဖြစ် ကြံ့ဖွံ့အောင်မြင်တယ် ပြောလို့ရတာပဲ။ ကျော်သူ့ဆီကို သေမှ သွားကြတာ … ကြံ့ဖွံ့ဆီကိုတော့ မသေခင်လာတယ်မဟုတ်လား။

ကြပ်ငပွေး။     ။ (လေသံလေးဖြင့်) ဦးရုက္ခစိုးရေ … သူတို့လုပ်နေပုံက မဲ ရမရတော့ မသိဘူး၊ သေချာတာက ရှိသမျှ ပိုက်ဆံတွေ ကုန်မှာတော့ အမှန်ပဲနော်။ ကျနော်လည်း ဆက်နေရင် အကုသိုလ်များတယ် လစ်ပြီဗျို့။

ကြပ်ငပွေး ပျောက်ကွယ်သွားသည်နှင့် ...

ချိုကုပ်။     ။ ကဲ ကဲ … ရွှေပန်းရေ … ငါကိုယ်တော် အားရတော်မူတယ်။ ဆက်အော် ဆက်အော် ...။ ငါတော့ ဒုက္ခသီရိ ဘက် သွားလိုက်ဦးမကွဲ့။

ရွှေပန်း။     ။ သွား သွား အဘရေ ...။ ကျနော်မျိုးကြီးလည်း လည်ချောင်းကွဲအောင် အော်လိုက်ဦးမယ်။

ချိုကုပ်ဒူးကြီး ထွက်သွားသည်နှင့် ဦးရွှေပန်းမှာ “ကြံ့ဖွံ့ကို မဲထည့်ပါ၊ ကြံ့ဖွံ့ကို မဲမထည့်ရင် ဘာဖြစ်သွားမယ်ထင်လဲ” ဟု လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်သည်။ ဦးရွှေပန်းရှေ့သို့ မြေကျစ်စာခဲများ ဖွဲခနဲ ကျလာသည်။

ရွှေပန်း။     ။ ဟေ့ … ဘယ်ကောင်တွေလဲကွ … သတ္တိရှိရင် ထွက်ခဲ့။

နောက်ထပ် မြေကျစ်စာခဲများ ဖွဲခနဲ လွင့်ကျလာပြန်သည်။ မြေကျစ်စာခဲ တလုံးမှာ ဦးရွှေပန်း၏ ထိပ်တည့်တည့်ကို တိန်ခနဲ မှန်သွားသည်။ ဦးရွှေပန်းက “ကြံ့ … ကြံ့ … ဖွံ့” ဟု အော်ခါရှိသေးသည် နောက်ထပ် မြေတုံးမြေခဲများ တဝုန်းဝုန်းကျလာသည်။

ရွှေပန်း။     ။ ဦး … ဦးရုက္ခစိုး … ဘယ် … ဘယ်လို ဖြစ် … ဖြစ်။

ရုက္ခစိုး။     ။ မကြောက်ပါနဲ့ ဦးရွှေပန်းရယ်။ ကြပ်ငပွေးတို့ အုပ်စုပါ။ ကြပ်အကောင် ၁၀၀ ကျော်လောက်က ခင်ဗျား စည်းရုံးရေး ဆင်းတာကို နားထောင်ပြီး သြဘာပေးနေတာ။ သူတို့ အိပ်မရလို့တဲ့။

ဦးရုက္ခစိုး စကား အဆုံးတွင် နောက်ထပ် မြေတုံးမြေခဲများ တဝုန်းဝုန်းကျလာရာ ဦးရွှေပန်းလည်း “အောင်မငေး … သရဲဗျ သရဲ” ဟု အော်ရင်း ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထွက်ပြေးလေတော့၏။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်