ကြွက်စုတ်။ ။ ဦးရုက္ခစိုးကြီး လက်ရေးလှ လေ့ကျင့်နေတာလား။
ရုက္ခစိုး။ ။ မှားပါတယ် နိုင်ငံရေးသမားရယ်၊ ငါက ဂြိုဟ်တွေ နက္ခတ်တွေကိုကြည့်ပြီး တွက်နေတာပါ။
ဖိုးရှုပ်။ ။ ကြိုက်ပြီ၊ ကြိုက်သွားပြီ။ ဦးရုက္ခစိုး တွက်ကြည့်တော့ ဘာနံပါတ်တွေ ရသလဲ။ အတော်ပဲ နှစ်လုံးထီသွားထိုးရမယ်။
ဖိုးရှုပ်က အိတ်ထဲမှ မှတ်စုစာအုပ်နှင့်ဘောပင်ကိုထုတ်ပြီး ကမန်းကတန်း မေးလိုက်သည်။
ရုက္ခစိုး။ ။ နတ်က လောင်းကစား လုပ်ပါ့မလား သတင်းထောက်ရဲ့။ ငါ တွက်နေတာ ဗေဒင်… ကွ၊ ဗေဒင်… ။
ကြွက်စုတ်။ ။ ဗေဒင်တွက်တတ်ရင်တော့ နေပြည်တော်ကို သွားပေတော့ ဦးရုက္ခစိုးရေ၊ ဟိုမှာ ဗေဒင်ဆရာတွေက ဈေးကောင်းရမှာနော်။ ဗေဒင်ဆရာ ရုက္ခစိုး နိုင်ငံခြားပြန် ဆိုပြီး ဆိုင်းဘုတ်ချိတ်လိုက်ရုံပဲ။ ဗိုလ်ချုပ်မှူးကြီးကတောင် ခေါ်သုံးနိုင်တယ်။
ရုက္ခစိုး။ ။ မလုပ်ပါနဲ့ကွာ၊ ဗေဒင်ကို အခုမှ အစပြုလေ့လာနေတုန်းရှိသေးတယ်။ ကဗျာဆရာကိုအောင်ဝေးစကား ငှားပြောရရင် ငါက ဗေဒင်သူငယ်တန်းကျောင်းသားလေးပါ။ ငါ့ဗေဒင်ကို သန်းရွှေကြီး ဘယ်ယုံပါ့မလဲ။
ဖိုးရှုပ်။ ။ စိတ်မပူနဲ့။ ဗိုလ်ချုပ်မှူးကြီး လာမေးရင် နံပါတ် ၁၁ ကိုသာ ပေးလိုက်ပါဗျာ။ အဆင်ပြေသွားလိမ့်မယ်။
ရုက္ခစိုး။ ။ ဘာအဆင်ပြေမှာလဲ၊ ထောင် ၁၁ နှစ်ကျမှာကို ပြောတာလား။
ကြွက်စုတ်။ ။ သေချာတာပေါ့၊ သံဃာခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေကို ၆၅ နှစ်ချနေတာနော်။ ၁၁ ဂဏန်းတွေချည်းပဲ။ ဗိုလ်ချုပ်မှူးကြီးက ၁၁ ဂဏန်းကို သိပ်ကြိုက်နေတာ။
ဖိုးရှုပ်။ ။ ဟုတ်တယ်၊ ဟိုတလောတုန်းက ဦးဝင်းတင်တို့ကို လွှတ်တုန်းကလည်း အကျဉ်းသား ၉၀၀၂ ယောက် လွှတ်ပေးတယ်ဆိုပြီး ကြေညာတယ်လေ။ အဲဒီတုန်းက ၉၀၀၃ ယောက်ဖြစ်သွားလို့ ဗိုလ်ကြီးဟောင်းဝင်းထိန်ကို ထောင်ထဲ ပြန်ထည့်လိုက်တာ မှတ်မိလား။
ရုက္ခစိုး။ ။ အင်း … အဟုတ်ပဲဟေ့… ။ ၉၀၀၂ ဆိုမှ ၁၁ ဂဏန်း ဖြစ်တော့မှာပေါ့။
ဖိုးရှုပ်။ ။ ရန်ကုန်ကနေ နေပြည်တော်ကို ရွှေ့တာလည်း ၁၁ လပိုင်းမှာနော်။ ကားကြီးတွေနဲ့ပြောင်းတာ ဘာဘာညာညာတွေတောင် ရွတ်ဖတ် သရဇ္ဈာယ်ရသေးဆိုပဲ။
ရုက္ခစိုး။ ။ အင်း … မှတ်မိပြီ၊ ဒုတိယအကြိမ်သွားတဲ့ယာဉ်တန်းက ၁၁ လပိုင်း၊ ၁၁ ရက်နေ့၊ မနက် ၁၁ နာရီမှာ ထွက်တယ်။ ပြောင်းတဲ့ ၀န်ကြီးဌာန အရေအတွက်တောင်မှ ၁၁ ခု ဆိုလားပဲ။ သြော် … ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီးက ၁၁ မီးငြိမ်းအောင် ၁၁ ဂဏန်းဆောင်တာ ဖြစ်လိမ့်မယ်။
ကြွက်စုတ်။ ။ ဘာလဲဗျ ၁၁ မီး ဆိုတာ၊ ကျနော်က အချစ်မီး၊ ၀မ်းမီး ဒီ ၂ ခုပဲ သိတာ။ ဗိုလ်ချုပ်မှူးကြီးက ဒီအရွယ်ကြီးမှာ ဘာများ အချစ်မီးလောင်စရာအကြောင်းရှိလို့လဲ။
ရုက္ခစိုး။ ။ မင်းက အချစ်အကြောင်းလောက်ပဲသိလို့ ဟို ပရောဂျက်ကနေ အဖြုတ်ခံရတာဖြစ်မယ်။ ၁၁ မီးထဲမှာ အဲဒီ မီးတွေ မပါဘူးကွ။ ပါတဲ့ မီးတွေက လောဘ၊ ဒေါသ၊ မောဟ ပြီးတော့ … ဇရာ၊ မရဏ၊ သောက အင်း … ကျန်တာတော့ ငါလည်း မေ့သွားပြီ။
ဖိုးရှုပ်။ ။ မီးတွေအကြောင်းခဏထားပါဦး၊ ဗေဒင်ဆရာတချို့က ၂၀၀၈ ခုနှစ်အတွက် မြန်မာနိုင်ငံဟောစာတမ်း ဆိုပြီး အသံလွှင့်ဌာနတခုကနေ ဟောကိန်းထုတ်ထားတာ မှတ်မိလား။ လမ်းပြမြေပုံ ပြိုကွဲမယ်။ ဒီဇင်ဘာ ၁ဝ ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်ဆုံးနေ့ဖြစ်တယ်။ နောက် ၂ယောက်ကလည်း စစ်အစိုးရ အာဏာ လက်လွှတ်ရမယ်လို့ တွက်ပြတယ်နော်။
ကြွက်စုတ်။ ။ သွေးထွက်အောင်မှားတဲ့ဟောကိန်းတွေပေါ့။ အဲဒါကြောင့် ကျနော် ဗေဒင် မယုံတာ။
ရုက္ခစိုး။ ။ ဒါကတော့ ဒါပေါ့ကွာ။ ဒါပေမယ့် ဒီဆရာ သုံးလေးယောက်ကို ကြည့်ရုံနဲ့ ဗေဒင်ပညာကို ပစ်လိုက်လို့ မရဘူးနော်။
ရုက္ခစိုး၏စကားကို ဗေဒင်မယုံသည့် ကြွက်စုတ်က စောဒက ထပ်တက်ပြန်သည်။
ကြွက်စုတ်။ ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်တုန်းကလည်း နိုင်ငံတခုမွေးဖွားတဲ့အချိန်ဆိုပြီး အချိန်ကောင်း အခါကောင်း ရွေးခဲ့ကြတယ်မဟုတ်လား။ ဗေဒင်ဆရာတွေက မနက် ၄ နာရီ မိနစ် ၂၀ ကို ရွေးပေးတယ်လေ။ ကြည့်စမ်းပါဦး၊ ဒီနေ့ မြန်မာပြည်အခြေအနေဘယ်လိုရှိသလဲလို့။
ရုက္ခစိုး။ ။ ငါလည်း အဲဒါ ပြောမလို့ပဲ ကြွက်စုတ်ရဲ့။ နေပြည်တော်မှာရှိတဲ့ ငါ့ရုက္ခစိုးမိတ်ဆွေတွေကို ကိုးကားရရင် သန်းရွှေကြီးက အဲဒီ အချက်ကြောင့် ဗေဒင်ပညာကို အရမ်းယုံကြည်၊ ကိုးကွယ်နေတာလို့ ပြောတာပဲ။
ဖိုးရှုပ်။ ။ စိတ်ဝင်စားစရာပဲ၊ ပြောစမ်းပါဦး၊ သန်းရွှေကြီးက ဘာကြောင့် ဒီပညာကို ကိုးကွယ်နေရတာလဲ။
ရုက္ခစိုး။ ။ လွတ်လပ်ရေးနေ့အတွက် ရွေးလိုက်တဲ့အချိန်က ၄ နာရီ မိနစ် ၂၀ လေ။ အဲဒါကို အင်္ဂလိပ်လို ဖိုးတွမ်တီး (4:20) လို့ ခေါ်တယ်။ ဖိုးတွမ်တီးက ဥပဒေစကားနဲ့ဆို လိမ်လည်မှုကိုခေါ်တာကွာ။ အရပ်စကားမှာတော့ လိမ်တာ၊ ညာတာ၊ ကလိမ်ကျတာ မဟုတ်ဘူးလား။ ဗေဒင်ဆရာတွေရွေးပေးတဲ့ ဖိုးတွမ်တီး ဆိုတဲ့ ဂဏန်းအတိုင်း မြန်မာပြည်မှာ တကယ်ဖြစ်ပျက်နေတာ မင်းတို့ မျက်မြင်ပဲမဟုတ်လား။
ရုက္ခစိုး၏စကားအဆုံးတွင် ဖိုးရှုပ် နှင့် ကြွက်စုတ်က ပြိုင်တူ ပြောလိုက်ကြလေသည်။
“သြော် … ဒါကြောင့်မို့ ဗိုလ်ချုပ်မှူးကြီးက ဗေဒင်ကို အရမ်း … အရမ်း … ယုံကြည်နေတာကိုး”
< Prev | Next > |
---|