လွှတ်တော်ထဲက အပျော့ဂိုဏ်း Vs အမာဂိုဏ်း

Wednesday, 21 September 2011 16:03 ထွေရာလေးပါး
Print
နေပြည်တော်ရှိ တမတ်သား လွှတ်တော်ကြီးအတွင်း အပျော့ဂိုဏ်းနှင့် အမာဂိုဏ်းဟူ၍ ဂိုဏ်းနှစ်ဂိုဏ်း ကွဲနေကြောင်း အမည်မဖော်လိုသူ တမတ်သားအစိုးရနှင့် နီးစပ်သည့် ခိုင်မာသော မျက်နှာစာအုပ် သတင်းရပ်ကွက်မှ ကြားသိရသောကြောင့် ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်၊ ၎င်း၏ရောင်းရင်း ယောင်ခြောက်ဆယ် ကြွက်စုတ်နှင့် နတ်ချုပ်ကြီး ဦးရုက္ခစိုးတို့မှာ ရသမျှသတင်းနှိုက်ရန် လွှတ်တော်တွင်း ရောက်ရှိနေကြလေသည်။

cmnatကြွက်စုတ်။     ။ ဂိုဏ်းနာမည်တွေက တော်တော်ဆန်းတယ်နော် ဦးရုက္ခစိုး။ အပျော့ဂိုဏ်းနဲ့ အမာဂိုဏ်းတဲ့။ အဲဒါ ဘာကို ပြောတာလဲ မသိဘူး။

ဖိုးရှုပ်။     ။ နေစမ်းပါဦး ကြွက်စုတ်ရာ။ အခု ငါတို့ရထားတာက စကု (Scoop) သတင်းပဲ ရှိသေးတာ။ ဆက်လိုက် ကြည့်ရဦးမှာ။

ရုက္ခစိုး။     ။ အားလုံးသိထားပြီးသားကိုများ ဆက်လိုက်ချင်နေချင်သေးတယ်။ သမ္မတ ဦးသိန်းဂိန် ဦးဆောင်တဲ့ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးဂိုဏ်းရယ်၊ ဒုသမ္မတ ဦး ၈ လုံး ဦးဆောင်တဲ့ မာပြီးနံတဲ့ ခွေးချေးဂိုဏ်းရယ် … ဆိုတာ လူတိုင်းသိတယ်။

“အပျော့ဗျ … အပျော့ … ပျော့ပျော့လေးနဲ့ နံပြတာက ပညာ ... သိရဲ့လား”
“ဘာမှ ပျော့နေစရာ အကြောင်းမရှိဘူး။ မာပြီး နံတာကမှ အားရှိတာဗျ”
“ကျုပ်ကတော့ အပျော့လိုင်းပဲ”
“ကျုပ်ကတော့ အမာလိုင်းပဲ”

ငြင်းခုန်နေသည့် ထို နှစ်ဦး၏ နောက်နားတွင် လူတဦး သွားကလေး ဖြီးရင်း လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

ကြွက်စုတ်။     ။ နောက်က သွားကြီးဖြီးလာတဲ့ သူက ဘယ်သူလဲကွ။

ဖိုးရှုပ်။     ။ အဲဒါက စီးပွားရေးလုပ်ငန်းရှင် ဦးခေတ်ပျက်တဲ့။ ပျက်နေတဲ့ ခေတ်ကြီးထဲမှာ ချမ်းသာလာတာ။ ခေတ်ပျက်အတွင်း ကြီးပွားချမ်းသာနည်း ဆိုတဲ့ စာအုပ်တောင် ရေးထားသေးတယ်။ နာမည်ကြီးပဲ။

ကြွက်စုတ်။     ။ သြော် … ငါးရောင်းပြီး ကြီးပွားလာတဲ့ ဦးခေတ်ပျက်လား။

ကြွက်စုတ်အမေးကို ဖိုးရှုပ်ပြန်မဖြေနိုင်မီ ဦးသိန်းဂိန်တို့ သုံးဦးသား သူတို့နားသို့ ရောက်လာသည်။

ရုက္ခစိုး။     ။ ပြေပြေလည်လည်ပေါ့ဗျာ … မပျော့မမာလေးဆို မကောင်းဘူးလား။

သိန်းဂိန်။     ။ မကောင်းဘူး … ကျုပ်ကတော့ ပျော့မှာပဲ။

၈ လုံး။     ။ ကျုပ်ကတော့ မာမှာပဲ။

ခေတ်ပျက်။     ။ ပျော့တာလည်း ပျော့ပေါ့လေ ... မာတဲ့သူကလည်း မာပေါ့။ အရေးကြီးတာက တိုင်းပြည် စီးပွားရေး ကောင်းဖို့မဟုတ်လား။ ဒေါ်လာဈေးတွေကျနေတာလေး အရင်လုပ်ပါဦး သမ္မတကြီးတို့ရယ်။ ဒေါ်လာဈေးတွေ ကျလွန်းအားကြီးတော့ ကျနော်တို့ ငါးစိမ်းသည် ဈေးကွက်ပျက်နေလို့ပါ။

၈ လုံး။     ။ ဒါများ၊ တသွေးတသံ တမိန့်ပေါ့။ ကျနေတာတွေ တက်လိုက်လို့ သမ္မတက အမိန့်ပေးလိုက် … ပြီးတာပဲ။

သိန်းဂိန်။     ။ ဟာ … ဒီလို သွားလုပ်လို့ ဘယ်ဖြစ်မလဲ။ အဲဒီလို လုပ်လိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ၊ ဆိုးကျိုးတွေ၊ အဖက်တွေ၊ အရည်တွေ အဲ … အဲဒါတွေ အများကြီး ဖြစ်လာနိုင်တယ်။ ဟုတ်တယ်မဟုတ်လား ကိုခေတ်ပျက် ...။

ခေတ်ပျက်။     ။ ဟုတ်တယ်၊ ဟုတ်တယ်။

၈ လုံး။     ။ ဘာပြဿနာလဲ ...။ ပြဿနာရှိရင် ရှင်းလိုက်ရုံပေါ့။ ရေဘူးပေါက်တာ မလိုချင် ချင် … အဲ … လုပ်စမ်းပါဦး သမ္မတ အပျော့ကြီးပြောတဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာဆိုတာ။

သိန်းဂိန်။     ။ ကျုပ်လည်း … အဲ … ကျုပ်လည်း ဘယ်သိပါ့မလဲ။ နေဦး … အကြံပေးအဖွဲ့တွေ မေးလိုက်ဦးမယ်။

ခေတ်ပျက်။     ။ မေးမနေပါနဲ့ သမ္မတကြီးရယ်။ သူတို့ကိုမေးပြီးရင်လည်း အဲဒီအတိုင်းလုပ်ချင်မှ လုပ်တာကို။ ဒါတွေ ကျနော် ကျွမ်းပါတယ်။ ဒီလိုလုပ် … ဒေါ်လာဈေး ပြန်တက်သွားအောင် … ရှိရှိသမျှ ခိုးသွင်းနေတဲ့ ကားခွန်ကို ဒေါ်လာနဲ့ ဆောင်ရ မယ်လို့ ပြောလိုက်။ ပြီးရင် အဲဒီကားတွေ တရားဝင် လိုင်စင် ထုတ်ပေးလိုက်။ အဲဒါဆို ကားခိုးသွင်းထားတဲ့လူတွေက ဒေါ်လာလိုက်ဝယ်ရမယ် … ဒေါ်လာဈေး တက်သွားမယ် … ဟဲဟဲ။

သိန်းဂိန်။     ။ ဟုတ်တယ် … ဟုတ်တယ်။ အဲဒီအမိန့် ချက်ချင်းထုတ်မယ်။ တယ် တော်တဲ့ ကိုခေတ်ပျက်။

ပြောပြောဆိုဆို သမ္မတက စာရွက်တရွက်ပေါ်တွင် လက်မှတ်ထိုးကာ အမိန့်ထုတ်လိုက်သည်။ ဈေးကွက်တွင် ဒေါ်လာဈေး ရုတ်တရက် ခုန်တက်သွားသည်။

ခေတ်ပျက်။     ။ ခဏနော် သမ္မတကြီး။ ဈေးကျတုန်းက ကျနော် ဝယ်ထားတဲ့ ဒေါ်လာသန်းဂဏန်း ပါးပါးလေး ထုတ်ရောင်းခိုင်းလိုက်ဦးမယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဆီလည်း ဖုန်းဆက်ရဦးမယ်။

ရုက္ခစိုး။     ။ မသိလို့ မေးပါရစေဦးဗျာ။ လူတွေက ဒေါ်လာတွေ လိုက်ဝယ်ပါပြီတဲ့ … နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ခွင့်လည်း မရှိဘဲနဲ့ ဘယ်လိုလုပ်မလဲ။

သိန်းဂိန်။     ။ ဒါကလွယ်ပါတယ် … ဒီဥပဒေကို ပယ်ဖျက် … ဖျက်။

၈ လုံး။     ။ နိုး … ဒါတော့ မဖြစ်နိုင်ဘူး။ တချို့နိုင်ငံရေးသမားတွေကို ဖမ်းချင်ရင် ဒီဥပဒေနဲ့ ဖမ်းနေရတာ။ လုံးဝ ပယ်ဖျက်ခွင့် မပြုနိုင်ဘူး။ ၁ ဒေါ်လာကိုင်ထားလဲ တရားမဝင် ငွေကိုင်ဆောင်မှုပဲ။

သိန်းဂိန်။     ။ ဒါတော့ ဒါပေါ့ဗျာ … သို့ပေမယ် … အင်း … ဒါက … ဒါဆိုဘယ်လိုလုပ်ရင် ကောင်းမလဲ ကိုခေတ်ပျက် ...။

ခေတ်ပျက်။     ။ လွယ်ပါတယ် သမ္မတကြီးရယ်။ အဲဒီဥပဒေကို ဦး ၈ လုံးပြောသလို မဖျက်ပါနဲ့။ နားလည်မှုပေါ့ … ဟဲဟဲ။ နားလည်မှု၊ နားလည်မှု သိတယ်မဟုတ်လား။

သိန်းဂိန်။     ။ သြော် ဟုတ်သားပဲ။ နားလည်မှုနဲ့ လုပ်တာပေါ့ နော။ ဟဲဟဲ ဟဲဟဲ ဟဲဟဲ။

ထိုအချိန်တွင် ဒေါ်လာဈေး တက်ပင်တက်သော်ငြားလည်း ထင်သလောက် မတက်ကြောင်း သတင်းဝင်လာသည်။

၈ လုံး။     ။ ဟား … ခင်ဗျားတို့ကို ကျုပ်ပြောတယ်။ ဒေါ်လာဈေး ၁၀၀၀ အထိ တက်လို့ တချက်လွှတ်အမိန့်ထုတ်လိုက်ရင် ပြီးပြီ … အခု ထင်သလောက်လည်း မတက်ဘူး။ ဘယ်လိုဆက်လုပ်မလဲ။

ခေတ်ပျက်။     ။ လွယ်ပါတယ် ဒု သမ္မတကြီးရယ်။ ကားပါမစ် … ကားသွင်းခွင့် ပါမစ်တွေပေးလိုက်။ သေချာပေါက် တက်စေရမယ်။ ကျနော် တာဝန်ယူတယ်။

သိန်းဂိန်။     ။ နေဦးလေ … အဲဒီလိုကြီး တည့်ကြီး၊ ရုတ်တရက်ကြီး ပေးလိုက်ရင် မကောင်းဘူး။ နည်းနည်း အပျော့လိုင်း ဖြစ်သွားအောင် ဘယ်လို သွယ်ဝိုက်ပြီး လုပ်ရင်ကောင်းမလဲ ...။

၈ လုံး။     ။ လာပြန်ပြီ အပျော့လိုင်း။ ကျုပ်ကတော့ မာမာပဲနော်။ ပေးစရာရှိ အကုန်ပေးလိုက်။

ခေတ်ပျက်။     ။ နေ … နေကြပါဦး။ ကျနော့်မှာ ကျနော်ကြီးပွားမယ့် အကြံ … အဲ … အကြံကောင်း ရှိပါတယ်။ ဒီလိုလုပ်ပါလား သမ္မတကြီး … ကားစုတ် ကားပျက်တွေ၊ ရှေးဟောင်းကားတွေ၊ ခေတ်ဆွေး ကားတွေ ရှိတဲ့သူတွေကို မော်ဒယ်မြင့်ကားသစ် တွေနဲ့ လဲခွင့်ပေးလိုက် … ဒါဆိုတည့်ကြီးမဖြစ်တော့ဘူး။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ပြီးသားလဲ ဖြစ်ကရော။

ဦး ၈ လုံးက မျက်ထောင့်နီကြီးဖြင့် ကြည့်နေသည်။ ဘာမှတော့ ဝင်မပြော။

သိန်းဂိန်။     ။ ကောင်းလိုက်တဲ့ အိုင်ဒီယာ။ ကားစုတ်ကားပျက်တွေကို ဖျက်ဆီးတာဟာ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာလည်း ရောက်သွားမယ်။ ဂွတ်ထ ဂွတ်ထ။ ချက်ချင်းကြေညာချက် ထုတ်မယ်။

သမ္မတက စာရွက်တရွက်ပေါ်တွင် လက်မှတ်ထိုးပြီး ကြေညာချက် ထုတ်လိုက်ပြန်သည်။

ခေတ်ပျက်။     ။ ခဏနော် သမ္မတကြီး။ ကျနော်လည်း ရှိတဲ့ ပိုက်ဆံလေးနဲ့ ကားဟောင်းလေး အစီး ၄၀၊ ၅၀ လောက် ဝယ်ခိုင်းလိုက်ဦးမယ်။

ဦးခေတ်ပျက်က သူ့ဟန်းဖုန်းကိုထုတ်၍ ဆက်ပြန်သည်။ ကြေညာချက် ထုတ်ပြီး စက္ကန့်ပိုင်းအတွင်း ကားဟောင်းဈေးများ ရုတ်တရက် မြင့်တက်သွားသည်။ ဒေါ်လာဈေးလည်း ထပ် တက်သွားသည်။

ဖိုးရှုပ်။     ။ ဒါကြီးက မဟုတ်သေးဘူး ထင်တယ်နော်။ ဒေါ်လာဈေးတွေက ပုံမှန်မဟုတ်ဘဲ အတက်အကျ ကြမ်းနေတာ ဆိုတော့ … လူတွေ ဒုက္ခရောက်မယ်။

၈ လုံး။     ။ ဘာ အတက်အကျ ကြမ်းတာလဲ။ ဘာ လူတွေ ဒုက္ခ ရောက်မှာလည်း။ အလကားလူတွေ၊ ဒေါ်လာဈေး ကျတော့လည်း ကျပြန်ပြီ၊ တက်တော့လည်း။ လူ့အလို နတ်မလိုက်နိုင်ဘူး။ ကျလို့၊ တက်လို့ ကွိုင်ရှာတဲ့သူတွေ အကုန်ဖမ်း။

သိန်းဂိန်။     ။ ဟာ … နေဦးလေ … အဲဒီလောက် မတင်းမာပါနဲ့။ လုပ်ပါဦး ကိုဖိုးရှုပ်၊ ဘယ်လိုတွေ ဒုက္ခရောက်မှာလဲ။ ကျုပ် ဖြေရှင်းပေးပါ့မယ်။ ပြည်သူလူထု အတွက်ဆို သိန်းဂိန်တို့က အဆင်သင့်ပါ။

ဦး ၈ လုံးက ဦးသိန်းဂိန်ကို မျက်ထောင့်နီကြီးဖြင့် ဘုကြည့်ကြည့်သည်။

ဖိုးရှုပ်။     ။ ဒေါ်လာဈေး တက်တာမှန်ပေမယ့် ကုန်ဈေးနှုန်းတွေ ရုတ်တရက် ခုန်တက်သွားတော့ အောက်ခြေလူတန်းစား၊ သာမန် ပြည်သူလူထု ဒုက္ခ ရောက်နေပြီဗျ။

သိန်းဂိန်။     ။ ဒါလား … လွယ်ပါတယ်။ ကုန်ဈေးနှုန်းတွေ တက်ရင် လစာတွေ တိုးပေးမယ် ပြောလိုက် ဟုတ်လား။ ကျုပ်က ပြည်သူ့အတွက် သိန်းဂိန်ပါ။

ရုက္ခစိုး။     ။ ဟာ … လစာက အဲဒီလို လွယ်လွယ်တိုးပေးလို့ မရဘူး ထင်တယ်နော်။ တော်ကြာ လစာက မတိုးရသေးဘူး ကုန်ဈေးနှုန်းက ထင်တာထက် ပိုတိုးတက်နေရင် ...။

၈ လုံး။     ။ အလုပ်ရှုပ်တယ် ... ဒီမှာ သမ္မတကြီး … ခင်ဗျား အဝှာမနိုင်ဘဲ ပဲကြီးဟင်း စားမနေနဲ့။ မြစ်ဆုံဆည်ကိစ္စနဲ့ လူတွေက ဆူဖို့ စဉ်းစားနေတဲ့အချိန်မှာ ကုန်ဈေးနှုန်းတက်ရင် တခါ အသံတွေ ထွက်လာမယ်။ သူတို့အသံမထွက်ခင် နည်းနည်း ဇ ရှိတဲ့သူတွ အကုန်ဖမ်းပြီး ထောင်ထဲထည့်ထားလိုက်။

သိန်းဂိန်။     ။ ဘယ်ဖြစ်မလဲ … ဦး ၈ လုံးရယ်။ မြစ်ဆုံ စီမံကိန်းက သတ်သတ်ပဲ … ကျုပ်ရှင်းပါ့မယ်။

၈ လုံး။     ။ ဘာရှင်းမှာလဲ။ ပြန်လည်စဉ်းစား သုံးသပ်မှာလား။ လုပ်မနေနဲ့ … ခင်ဗျားက ပြန်လည်စဉ်းစား သုံးသပ်လည်း ကျုပ်ကတော့ ချမှာပဲ။ အမျိုးအရေးအတွက် ဆက်လုပ်မှာပဲ။

ကြွက်စုတ်က ဖိုးရှုပ်နားကပ်၍ “ဟေ့ကောင်ဖိုးရှုပ် … ဦး ၈ လုံးပြောတာ အမျိုးသားအရေး မဟုတ်ဘူးလား။ ငါများ နားကြားလွဲ သွားလား” ဟု တိုးတိုးကပ်မေးလိုက်သည်။ ဖိုးရှုပ်က “မဟုတ်ဘူး အမျိုးအရေးလို့ပြောတာ။ မြစ်ဆုံဆည် ဆောက်တဲ့ ကိစ္စက သူ့အမျိုးတွေရဲ့ အရေးလို့ ပြောတာကွ” ဟု တိုးတိုး ပြန်ဖြေသည်။ ဦး ၈ လုံးက လက်သီးလက်မောင်းတန်း၍ …

“၄ လုံးကနေ ၈ လုံးဖြစ်အောင် လက်နက်နဲ့ အကောင်အထည် ဖော်ထားတဲ့သူဗျ။ ခင်ဗျားလို ၂ လုံးလောက်ကတော့ ရောင်းစားပစ်လိုက်လို့ ရတယ်”

သိန်းဂိန်။     ။ ခင်ဗျား ကျုပ် ၂ လုံးကို မစော်ကားနဲ့။ ကျုပ်က နာမည် ၂ လုံးတည်းပေမယ့် … ခင်ဗျားထက် အဆင့်မြင့်တယ်။ သမ္မတဗျ။

၈ လုံး။     ။ သမ္မတလည်း ဂရုမစိုက်ဘူး။ ကျုပ်တို့က အသံထွက်လာတာနဲ့ ဆော်မှာပဲ။ ခင်ဗျားရဲ့ ပြောင်နေတဲ့ ထိပ်ကိုတောင် လေယာဉ်ကွင်းဆောက်ဖို့ တရုတ်ကို ရောင်းစားပြလိုက်ဦးမယ် သဘောပေါက်။

သိန်းဂိန်။     ။ ဘာဗျ … ရာထူးကို စော်ကားတာ လက်ခံတယ်။ ဒီထိပ်ကို စော်ကားရင်တော့ ခင်ဗျား ကျုပ်အကြောင်း ကောင်းကောင်း သိစေရမယ်။

ပြောပြောဆိုဆို ဦးသိန်းဂိန်က ဦး ၈ လုံးကို လက်သီးနှင့် စထိုးသည်။ ဦး ၈ လုံးက ဦးသိန်းဂိန်ကို ဝင်လုံးသည်။ နှစ်ယောက်သား လုံးထွေးသတ်ပုတ်နေစဉ် လွှတ်တော်တွင်းရှိ အပျော့ ဂိုဏ်းသားများနှင့် အမာဂိုဏ်းသားများလည်း အချင်းချင်း ဝင်လုံးကြသည်။ ဦးခေတ်ပျက်ကတော့ ဖုန်းအဆက်မပျက်။

ထိုစဉ် ဘယ်ကဘယ်လို ရောက်လာမှန်း မသိသော ဟိုဘက်ဒီဘက် ပြေးအကပ်တော်သူ ဘောချုပ်ကြီး ဦးပေါ်ပေါ် ဝင်ရောက် ဖြန်ဖြေလိုက်သဖြင့် ဂိုဏ်း ၂ ဂိုဏ်း ရန်ပွဲက မတင်မကျ သရေ ဖြစ်သွားသည်။ ဘောလုံးပွဲ မဟုတ်သောကြောင့် ပင်နယ်လ်တီ သွင်းခိုင်း၍ မရသဖြင့် နှစ်ဘက် ရန်စောင်ခြင်းဖြင့်သာ ပွဲကို အဆုံးသတ်လိုက်ရသည်။

ဖိုးရှုပ်၏ သတင်းအနှစ်ချုပ်။     ။ လွှတ်တော်အတွင်း ရန်ပွဲကြောင့် ကျိုးသွားသော ကုလားထိုင် ၂ လုံးအား ပြင်ရန် ဘောချုပ်ကြီး ဦးပေါ်ပေါ်အား သိန်း ၁၀၀၀ နှင့် ကန်ထရိုက် ပေးလိုက်သည်။ သမ္မတကြီး၏ ကြေညာချက်များကြောင့် ဦးခေတ်ပျက် ငါးဆက်ရောင်း နိုင်ကာ ၎င်း၏ အပေါင်းအပါ ခေတ်ပျက် စီးပွားရေးသမားများ၊ ၎င်း၏ ဆွေမျိုးများ၊ ၎င်း၏ မယားပါ သားသမီးများမှာ ယခင်ထက် ၂ ဆ ချမ်းသာသွား၍ ဆင်းရဲသော ပြည်သူလူထုမှာ ယခင်ထက် ၂ ဆ ဆင်းရဲသွား လေတော့သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။