ဦးရုက္ခစိုးနှင့် မိတ်အင်ချိုင်းနား မြစ်ဆုံ

Wednesday, 05 October 2011 13:00 ထွေရာလေးပါး
Print
လူကြည့်ရှောင်။     ။ ဒါ သက်သက် ဝ ကို အရူးလုပ်တာ။ ဝ တို့ ဝန်ကြီးချုပ် နံကြားချောင်ကို ဝ ဘီလို မျက်နှာပြရမလဲ။ ဦးရုက္ခစိုး ကြားဝင်ပေးပါ။

ရုက္ခစိုး။     ။ ဟင် … ကျုပ်က ဘယ်ကြားကိုဝင်ရမှာလဲ။

လူကြည့်ရှောင်။     ။ ကျုပ်တို့ စီလုတ်တွေနဲ့ လုတို့ သမ္မတကြီ်းရဲ့ ကြားကို ပြောတာ။

cmnatရုက္ခစိုး။     ။ မလုပ်ပါနဲ့ မောင်ရင်ရယ်။ ကျုပ်က သစ်ပင်ကြို သစ်ပင်ကြားက လွဲရင် တခြားကြားတွေ မဝင်တတ်ပါဘူး။ အခု ဝင်စရာ သစ်ပင်ကြိုသစ်ပင်ကြားလဲ မကျန်တော့ပါဘူး။ မောင်ရင်တို့လုပ်လို့ သစ်ပင်တွေလည်း ပြောင်နေပြီ။

လူကြည့်ရှောင်။     ။ လုံးဝမတရားဘူး ဦးရုက္ခစိုး။ ဝ က သနားသဖြင့် အကောင်းလုပ်ပေးတာကို ဒီလို ဝ မျက်နှာ ဝက်ဆီနဲ့ သုတ်တာ ကောင်းလား။

ရုက္ခစိုး။     ။ အိုးမည်းလုပ်ပါ။

လူကြည့်ရှောင်။     ။ အိုးမည်းက ခေတ်မဟုတ်တော့ဘူး။ အခု မိတ်အင်ချိုင်းနား ပေါင်းအိုးတွေနဲ့ပဲ တည်ကြတော့တာ။   

မြစ်ဆုံဆည် စီမံကိန်းဆောက်မည့် တရုတ်ကုမ္ပဏီ China Problem Investment (CPI) ဥက္ကဋ္ဌ လူကြည့်ရှောင်နှင့် မြစ်ဆုံဆည်ဆောက်မည့် နေရာသို့ မယောင်မလည် ရောက်နေသော ဦးရုက္ခစိုးတို့ အခြေအတင် ပြောနေကြခြင်းဖြစ်သည်။ ဦးရုက္ခစိုးနှင့် လိုက်ပါလာသည့် ဖိုးရှုပ်က ဆောက်လက်စ တဝက်တပျက် ဆည်နေရာကို ဓာတ်ပုံများ တဖျပ်ဖျပ်ရိုက်နေသည်။

လူကြည့်ရှောင်။     ။ လုတို့သမ္မတက ဝ နဲ့ အရင်အစိုးရ သဘောတူပြီးသား ကိစ္စကို ဖျက်လိုဖျက်ဆီးလုပ်တာ ဝ ကို မျက်နှာဖျက်တာပဲ။ အခု ကျုပ် ဘာဆက်လုပ်ရတော့မလဲ။

ဖိုးရှုပ်။     ။ ဘာမှ မလုပ်နဲ့တော့လေ။ ပေါက်စီလေး ဘာလေး ပြန်ရောင်းပါလား။

လူကြည့်ရှောင်။     ။ ဝ ကို မနောက်ပါနဲ့ … ဝတို့အမျိုးက အရင်က ပေါက်စီရောင်းခဲ့တယ် ဆိုပေမယ့် အခုအဲဒီအလုပ်ကို စွန့်လွှတ်လိုက်ပြီ၊ အဲဒါက အရင်းနည်းပြီး အမြတ်လည်းနည်းတယ်။ အခု သူများနိုင်ငံတွေမှာ ဆည်လိုက်ဆောက်တဲ့ အလုပ်ပဲ လုပ်တော့တယ်။ အဲဒါက အမြတ်များတယ်။ လုတို့ သမ္မတကို အစိမ်းလိုက် ဝါးစား ချင်နေတယ်နော်။

ဖိုးရှုပ်။     ။ သမ္မတက ပြည်သူလူထု အသံကို နားထောင်ပြီး ပြည်သူလူထု လိုလားတာကို လုပ်ပေးလိုက်တာပဲဟာ။ သမ္မတကို  အစိမ်းလိုက် ဝါးမစားဘဲ အိမ်မြှောင်တို့၊ ပိုးဟပ်တို့ကိုပဲ အစိမ်းလိုက် ဝါးစားပါ ဦးလူကြည့်ရှောင်ရယ်။

ရုက္ခစိုး။     ။ မြစ်ဆုံဆည် စီမံကိန်း ရပ်လိုက်ရပေမယ့် ခင်ဗျားတို့ရဲ့ China Problem Investment ကြီးက တခြား ပြဿနာတွေ ရင်းနှီးမြှုတ်နှံလို့ ရပါသေးတယ်။

လူကြည့်ရှောင်။     ။ ဟင့်အင်း ဝ က မြစ်ဆုံမှာပဲ ပြဿနာရှာ … အဲ ... ဝ ဒေါသကို လာမဆွနဲ့နော်။ မကျေနပ်ဘူး … လုံးဝ မကျေနပ်ဘူး ...။

ဖိုးရှုပ်။     ။ ဟင် … ဒီတရုတ်က ခိုင်ထူးသီချင်းလည်း ရသားပဲ။

လူကြည့်ရှောင်။     ။ ခိုင်ထူးသီချင်းတင် မကဘူး တွံတေးသိန်းတန် သီချင်းလည်းရတယ်။ အဲဒီအဆိုတော်တွေ အားလုံး စီလုတ်တွေချည်းပဲ။ မြန်မာပြည်ကျောက်စိမ်းဆိုတာ ကြားဖူးတယ်မဟုတ်လား။ သူလည်း အခု စီလုတ်ပိုင်ဖြစ်နေပြီ။

ဖိုးရှုပ်။     ။ ဟာ … ရွာစားကျော် မြန်မာပြည် ကျောက်စိမ်းလည်း တရုတ်ပိုင် ဟုတ်လား။

လူကြည့်ရှောင်။     ။ ဘယ်က ရွာစားကျော်လဲ။ ဝပြောတာက ဖားကန့်ထွက်တဲ့ ကျောက်စိမ်းကို ပြောတာ။

ရုက္ခစိုး။     ။ ဖြစ်ရမယ်။ အဆိုတော်တွေတော့ ချမ်းသာပေးပါဗျာ။ တွေ့သမျှ မြင်သမျှ ကြားသမျှ တရုတ်ပိုင်တော့ မလုပ်ပါနဲ့။

လူကြည့်ရှောင်။     ။ ဝ ကလည်း ရမလားလို့ ပြောကြည့်တာပါ။ ဒီမှာ ဦးရုက္ခစိုး … လုတို့ သမ္မတကိုက ရူးတာပါဗျာ။ ပြည်သူတွေနဲ့ ပေါင်းလို့ သူ ဘာရမှာမို့လို့လဲ။ ဝတို့ စီလုတ်နဲ့သာ ပေါင်းရင် မြစ်ဆုံတခု ထပ်ရမှာဗျ။

ဖိုးရှုပ်။     ။ ဗျာ မြစ်ဆုံတခု ထပ်ရမယ် ဟုတ်လား။ ကြား မကြားဖူးပေါင်ဗျာ။ ဘယ်မြစ်ဆုံက မိုးပေါ်က ကျလာမှာ မို့လို့လဲ။

လူကြည့်ရှောင်။     ။ ညံ့လိုက်တာနော်။ အခုခေတ်က တကမ္ဘာလုံး မိတ်အင်ချိုင်းနားချည်းပဲ မဟုတ်လား။ လွယ်ပါတယ်။ ဝတို့လည်း မြစ်ဆုံအတုတခု လုပ်ပေးမှာပေါ့။

ရုက္ခစိုး။     ။ မြစ်ဆုံကို အတုလုပ်လို့ ရလို့လားဗျာ။

လူကြည့်ရှောင်။     ။ ရပြီလား ဦးရုက္ခစိုးရယ်။ စီလုတ်ပါဗျ … ကြက်ဥတောင် အတုလုပ်သေးတာ။ မြစ်ဆုံလောက်ကတော့ အသေးအဖွဲပါ။

ဖိုးရှုပ်။     ။ ဒါတော့ လွန်ပြီထင်တယ်နော်။

လူကြည့်ရှောင်။     ။ လွန်တာက ဝ မဟုတ်ဘူး လုတို့ သမ္မတ …။ အခုအီကြာကွေး … အခု ပေါက်စီ ဆိုတော့ နောက် ဘယ်လို အလုပ်ဆက်လုပ်မလဲ။

ရုက္ခစိုး။     ။ ခင်ဗျားတို့နဲ့ အလုပ်လုပ်သမျှ မြန်မာဘက်က အနာချည်းပါပဲဗျာ။ ခင်ဗျားတို့ပဲ ဝါးသွားတာ။ အလုပ်တွေ ဆက်မလုပ်တော့လည်း ကောင်းတာပေါ့။

လူကြည့်ရှောင်။     ။ နေ … နေကြပါဦး။ အဲဒီလိုလည်း မဟုတ်သေးဘူးလေ။ ဝက သဘောပြောတာပါ။ လုကလည်း စိတ်ချည်းပဲ။ မြစ်ဆုံဆည် မဆောက်ရလည်း တခြားဟာတွေ အများကြီး ကျန်သေးတာ ဆက်လုပ်မှာပါ။ ဒါပေမယ့် ဒီမြစ်ဆုံဆည် ဆက်မဆောက် တော့တဲ့ ကိစ္စကိုတော့ ဝ မကျေနပ်ဘူး။

ဖိုးရှုပ်။     ။ မကျေနပ်လည်း လေသာ ဖြတ်လိုက်တော့ ဦးလူကြည့်ရှောင်ရေ။ ခင်ဗျားတို့က ရသမျှ အကုန်လိုချင်တာပဲ။ လူတွေလည်း ဒုက္ခ ရောက်လှပြီဗျ။

လူကြည့်ရှောင်။     ။ လုတို့ လူတွေ ဒုက္ခရောက်တာက မဆန်းပါဘူး။ ဒုက္ခရောက်နေကျပဲဟာ။ ဝတို့ ဒုက္ခရောက်ရင် ဒေါ်လာ သန်းပေါင်းများစွာ နစ်နာမှာ။ အဲဒီတော့ လုတို့ သမ္မတ ဝတို့ကို လျော်ကြေးပြန်ပေး ရမယ်။

ရုက္ခစိုး။     ။ မပေးရင် ဘာလုပ်မှာလဲ။ အခု ခင်ဗျားတို့ လုပ်ထားတာနဲ့တင် ဒီဒေသက လူတွေ ဒုက္ခရောက်ရပြီ၊ ဒီဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်လည်း ပျက်စီးရပြီ။ အဲဒါနဲ့တင် တန်နေပါပြီ။ ထပ်တောင်း မနေပါနဲ့တော့။

လူကြည့်ရှောင်။     ။ လာပြန်ပြီလား လူတွေ ဒုက္ခရောက်တာ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာ။ ဒီမှာ ဦးရုက္ခစိုး … သဘာဝ ပတ်ဝန်းကျင်သမားတွေ ပြောတာ ယုံမနေနဲ့။ ဘာ သဘာဝ ပတ်ဝန်းကျင်မှ မပျက်စီးပါဘူး။ အလကား လျှောက်ပြောနေတာ။

ဖိုးရှုပ်။     ။ လူထုက သူတို့ တကယ်နစ်နာလို့ တောင်းဆိုတာလေဗျာ။ ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ အသည်းနှလုံးပဲဗျ။ မြန်မာပြည်ရဲ့ အသည်းနှလုံးကို ဖျက်ဆီးတာကတော့ ဘယ်သူမှ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဒါကို သမ္မတကလည်း နားလည်လို့ ရပ်ဆိုင်းလိုက်တာ။ ခင်ဗျားတို့သာ ကျွဲပါးစောင်းတီး။

လူကြည့်ရှောင်။     ။ သြော် ဝ တို့ မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ပြောနေတာပါဆို။ ဝ တို့ ဒီမြစ်ဆုံဆည်ကြီး ပြီးသွားရင် ဝတို့ တရုတ်က လျှပ်စစ် နည်းနည်းပါးပါး ယူရုံလေးပါ။

ရုက္ခစိုး။     ။ နည်းနည်းပါးပါး ဟုတ်လား။ ဘယ်လောက်လဲဆိုတာ ပြောကြည့်ပါဦး။

လူကြည့်ရှောင်။     ။ ထွက်တဲ့ လျှပ်စစ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလေးကို နှစ် ၅၀ လောက်ပဲပေးရမှာပါ။

ဖိုးရှုပ်။     ။ ဟား … ဒါလေးပဲလား။ နှစ် ၅၀ လည်းပြီးရော မြစ်ဆုံလည်း ပျက်စီး၊ ဧရာဝတီလည်း မရှိတော့ဘူး။

လူကြည့်ရှောင်။     ။ ဟာ မပူပါနဲ့ … ဒီစီမံကိန်း ပြီးတာနဲ့ မြစ်ဆုံအတု တခု ဆောက်ပေးမယ်။ အဲဒီအခါကျရင် ကမ္ဘာလည့် ခရီးသွားတွေ ကလည်း လုတို့ဆီကို အများကြီး ရောက်လာမယ်။ ဟာ … မြစ်ဆုံအတုက မြစ်ဆုံအစစ်ထက်တောင် စစ်ပါသေးလား ဆိုပြီး လူတွေ လာကြည့်ကြမှာ။ အဲဒီအချိန်မှာ ဝင်ငွေတွေ သောက်သောက်လဲ … တောက် … နေရာချင်းသာ
လဲလိုက်ချင်တယ်နော်။

ဖိုးရှုပ်။     ။ လဲချင်လဲ နောက်ဘဝကျမှ လဲလိုက်တော့။ ဒီဘဝမှာတော့ သူများနိုင်ငံက သယံဇာတတွေသာ ရသလောက် လိုက်ခိုး၊ ဧရာဝတီမြစ်ကြီးကိုတော့ ခိုးဖို့ မစဉ်းစားနဲ့။ ခင်ဗျား မိုးနတ်မင်းကြီးက မြစ်ဆုံဆည် ဆက်ဆောက်မယ် ဆိုရင်တောင် သမ္မတက ခွင့်ပေးမှာ မဟုတ်တော့ဘူး။

လူကြည့်ရှောင်။     ။ တွေ့မယ် မီဒီယာကို မီဒီယာနဲ့ တိုက်မယ်။ သတင်းစာတွေကနေ ဝါဒဖြန့်မယ်။

ရုက္ခစိုး။     ။ ဟာ လုပ်ပြန်ပြီ။ အဲဒါကျုပ်တို့ ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းစကားဗျ။

လူကြည့်ရှောင်။     ။ ဟားဟား အဲဒါက ဝတို့ ရင်တွင်းဖြစ်ပါ။ မိတ်အင် ချိုင်းနားဗျ။ သူက နောက်မှ အိုင်ဒီယာခိုးချတာ။

ဖိုးရှုပ်။     ။ ဖြစ်ရပြန်ပြီ … ဘာဖြစ်ဖြစ် တရုတ်နဲ့ကို မလွတ်ပါလား။ မိတ်အင်ချိုင်းနား အတုများ ကမ္ဘာကို လွှမ်းစေရမည် ဆိုတဲ့ ဆောင်ပုဒ်သာ ထုတ်လိုက်ပါတော့။

လူကြည့်ရှောင်။     ။ အတုဆိုပေမယ့် အစစ်ထက်ကို စစ်ပါတယ်။ မယုံရင် မယ်လမင်းနို့မှုန့် သောက်ကြည့်ပါလား။

ဖိုးရှုပ်။     ။ ကိုယ့်ဘာသာ သောက်ပါဗျာ။

လူကြည့်ရှောင်။     ။ ကိုယ့်ဘာသာတော့ မသောက်ပါဘူး။ ဝတို့က အစစ်ပဲသုံးတယ်။ ဒါက မြန်မာပြည်အတွက် သီးသန့် ဖော်စပ်ထားတာ။

ရုက္ခစိုး။     ။ ကဲကဲ တော်ပါတော့ ဦးလူကြည့်ရှောင် … လောလောဆယ်တော့ ကိုယ့်အထုပ်ကလေး ကိုယ်ပိုက် … ရွာပြန်ပြီး ပေါက်စီမရောင်းချင်လည်း ခေါက်ဆွဲကြော်ဖြစ်ဖြစ် ရောင်းတော့ဗျာ။

လူကြည့်ရှောင်။     ။ မရဘူး … မရဘူး … ဝ ဒီမြစ်ဆုံကို မရရင် မပြန်ဘူး။ ပေးပြီးသား ပြန်ယူရင် မျက်စိစွံတတ်တယ်နော်။ လုတို့ သမ္မတ မျက်စိစွံလိမ့်မယ်။

ဖိုးရှုပ်။     ။ ပေးတုန်းက ချိုကုပ်ဒူးကြီးလက်ထက်မှာ ပေးတာလေ။ စွံစရာရှိ သူပဲစွံမှာပေါ့။ လျော်ကြေး တောင်းချင်သပ ဆိုလည်း သူ့ဆီကပဲ သွားတောင်း။

လူကြည့်ရှောင်။     ။ ဒါလည်း ဟုတ်သားပဲ။ ကောင်းတယ် … ဝ သူ့ဆီကပဲ လျော်ကြေးသွားတောင်းမယ်။ မရရင် သူ့ကိုပဲ အစိမ်းလိုက် ဝါးစားပစ်မယ်။ သွားလိုက်ဦးမယ် သိလား။

ဖိုးရှုပ်။     ။ နေဦး … နေဦး။ အကြံတခုပေးမလို့ ...။ ချိုကုပ်ဒူးကြီးဆီက လျော်ကြေး ပြန်ရရ မရရ တသက်လုံး ကျနော်တို့ မြစ်ဆုံကို မျက်စောင်းလာမထိုးနဲ့တော့လို့ မှာလိုက်ပါရစေ။

လူကြည့်ရှောင်။     ။ ဒါတော့ ကတိမပေးနိုင်ဘူး။ နောက်အစိုးရတက်ရင် ပြန်လာခဲ့ဦးမှာ။

ရုက္ခစိုး။     ။ ပြန်လာရင် အခုလိုကိစ္စတွေထပ်ဖြစ်လို့ ခင်ဗျားတို့ ငွေတွေ ထပ်ဆုံးရှုံးနေဦးမယ်။ ဒီတော့ ကျုပ်အကြံပေးမယ်။ တရုတ်ပြည်မှာပဲ မြစ်ဆုံအတုတခု ဆောက်လိုက်ဗျာ။

ဖိုးရှုပ်။     ။ ဟုတ်တယ် … မကျေနပ်ရင် ဧရာဝတီမြစ် အတုပါ ဆောက်လိုက် … နောက် ဘယ်တော့မှ ကျုပ်တို့ဆီ ပြန်မလာနဲ့တော့။

လူကြည့်ရှောင်။     ။ ဟာ မဖြစ်ဘူး … ဝတို့က အစစ်ပဲကြိုက်တယ်။ အစစ်ယူ အတုပေး လုပ်ပြီး မြန်မာပြည်နဲ့ လုပ်စားလာတာ နှစ်ပေါင်း မနည်းတော့ဘူးလေ။

ဖိုးရှုပ်။     ။ အဲဒါက အရင် နအဖ ခေတ်ကပဲရမယ်။ အခု မရတော့ဘူး။ ဧရာဝတီမြစ်ကြီးကို လာထိရင် မြန်မာ ပြည်သူလူထုက ခင်ဗျားကို တစစီ ဆွဲဆုတ်ပစ်လိမ့်မယ်။

လူကြည့်ရှောင်။     ။ အရင်လို လူလည်ကျလို့ မရတော့ဘူးပေါ့နော်။

ရုက္ခစိုး။     ။ လုံး …......... ဝ မရတော့ပါဘူး။

လူကြည့်ရှောင်။     ။ သေချာတယ်နော် … မရတာ။ လုတို့ စကားကို ပြင်လို့ရသေးတယ်။

ဖိုးရှုပ်။     ။ သိပ်သေချာတာပေါ့။ လုံးဝ ပြင်ဖို့ အစီအစဉ် မရှိတော့ဘူး။

ဖိုးရှုပ်နှင့် ဦးရုက္ခစိုးတို့၏ တင်းမာသော မျက်နှာထားများကို လူကြည့်ရှောင် ကြည့်ပြီး နည်းနည်းလန့်သွားပုံရသည်။

ထို့နောက် လူကြည့်ရှောင်က “အင်းလေ … မရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဝ တို့ကလည်း ရမလားလို့ လုပ်ကြည့် တာပါ။ ပြည်ကြီးပြန်ပြီး မိတ်အင်ချိုင်းနား မြစ်ဆုံအတုကိုပဲ အာသာပြေ ဆောက်လိုက်တော့မယ်နော်။ တာ့တာ ...” ဟု ပြောရင်း ထိုနေရာမှ တချိုးတည်း လစ်ပြေးလေတော့ သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။