ဦးသိန်းဂိန်နှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တနေရာရှိ အနှိပ်ခန်းတခုသို့ သတင်းထောက် ဖိုးရှုပ် ရောက်လာသည်။ အသံဂျာနယ် ထုတ်ဝေသူ ဦးနေ၀င်းပြောင်နှင့် ချိန်းထားသောကြောင့် ဖြစ်သည်။ ဖိုးရှုပ်ကိုတွေ့သည်နှင့် ဦးနေ၀င်းပြောင်က ၀မ်းသာအားရ နှုတ်ဆက်လိုက်သည်။

ဦးနေ၀င်းပြောင်။     ။ ဟေ့ …  ဖိုးရှုပ်၊ လာ …  လာ …  လာ။  နောက်ကျလှချည်လား။ ကျုပ်တောင် ပြီးသွားပြီ။

ဖိုးရှုပ်။     ။ ဟာ …  တယ်ဟုတ်ပါလား။ ခင်ဗျားက စောစောစီးစီး … …

cmnat-may-20-09ဦးနေ၀င်းပြောင်။     ။ အေး … အနှိပ်ခံရမယ်ကွ။ ကွန်ပျူတာရှေ့ထိုင်ပြီး အယ်ဒီတာ့အာဘော်တွေ ရေးရတာ ညောင်းတယ်လေကွာ။ ဒါကြောင့် အကြောလျှော့ဖို့ အနှိပ်ခန်းတွေကို အားကိုးနေရတာ။ ဒီလို အနှိပ်ခန်းတွေကို ခွင့်ပြုတဲ့ နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ရမယ်ကွ။ ဒီအကြောင်း အယ်ဒီတာ့အာဘော် ရေးဦးမှပဲ။

ပြောပြောဆိုဆိုနှင့် ဦးနေ၀င်းပြောင်က မှတ်စုစာအုပ်ကို ထုတ်ပြီး “အနှိပ်ခန်းများနှင့် နိုင်ငံတော်အစိုးရ” ဟု တို့ထားလိုက်သည်။

ဖိုးရှုပ်။     ။ ဆိုစမ်းပါဦးဗျ။ ကျနော့်ကို ဒီနေရာမှာ ချိန်းထားတာ ဘာပြောစရာ ရှိလို့လဲ။

ဦးနေ၀င်းပြောင်။     ။ သြော် … ခင်ဗျားကလည်း ပြောစရာရှိမှ တွေ့ရမယ့်လူတွေလားဗျာ ဟဲဟဲဟဲ။ ဒီလိုဗျ … ကျုပ်ရဲ့ အယ်ဒီတာ့အာဘော်တွေ အကြောင်း သုံးသပ်သံလေး ကြားချင်လို့ပါ။

ဖိုးရှုပ်။     ။ ဟာဗျာ …   ဒါလေးများ အီးမေးလ်ပို့လိုက်လည်း ရပါတယ်ဗျ။

ဦးနေ၀င်းပြောင်။     ။ ခင်ဗျားလည်း ကျုပ်ရေးတဲ့ အယ်ဒီတာ့ အာဘော်တွေနဲ့ ပတ်သက်ပြီး ပြောချင်ပုံ မရဘူး။ မပြောချင်လဲ နေပေါ့ဗျာ။ ဒီနေ့ ခင်ဗျားကို ဒီမှာ ချိန်းရတဲ့ အကြောင်း နောက်တခုကတော့ နိုင်ငံရေးသမားကြီးတယောက်နဲ့ တွေ့စေချင်လို့ပါ။

ဖိုးရှုပ်။     ။ ဟုတ်လား။ ဘယ်နိုင်ငံရေးသမားလဲ။ ဘယ်အဖွဲ့လဲ။ ၈၈ အမည်ခံတွေလား၊ NLD ခွဲထွက်တွေလား။

ဦးနေ၀င်းပြောင်။     ။ နိုး … နိုး … နိုး… နိုး ………………… နိုး။ အဲဒီ ဟိုမရောက် ဒီမရောက်တွေနဲ့ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ တွေ့ပေးမယ့် နိုင်ငံရေးသမားက နှယ်နှယ်ရရ မဟုတ်ဘူးဗျ။ ဖွတ်ကြံ့ပါတီ ဥက္ကဋ္ဌ ဦးသိန်းဂိန် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပါ။

ဖိုးရှုပ်။     ။ ကောင်းပါလေ့။ တွေ့ဆိုလည်း တွေ့ရတာပေါ့။ အဲ … ဒီနေ့ သတင်းစာမှာတောင် ဦးသိန်းဂိန်ရဲ့ ဖွတ်ကြံ့ပါတီကို တည်ထောင်ခွင့် ပြုလိုက်ပြီ ဆိုတဲ့ သတင်း ပါလာသဗျ။

ဦးနေ၀င်းပြောင်။     ။ ဟုတ်တယ်ဗျာ။ ကျုပ်လည်း ဖတ်လိုက်ရပါတယ်။ ဟော … ပြောရင်းဆိုရင်း ဦးသိန်းဂိန် ရောက်လာပါပြီဗျာ။ ထိုင်ဗျာ ဦးသိန်းဂိန် ထိုင် … ထိုင် …။

အနှိပ်ခန်းသို့ ရောက်လာသူ ဦးသိန်းဂိန်က ပုဆိုးကို ပြင်ဝတ်ပြီးမှ ထိုင်လိုက်သည်။ ဦးနေ၀င်းပြောင်က ဖိုးရှုပ် နှင့် နိုင်ငံရေးသမားကြီး ဦးသိန်းဂိန်တို့ကို မိတ်ဆက်ပေးသည်။

ဦးသိန်းဂိန်။     ။ ပုဆိုး မ၀တ်တာ ကြာပြီ ဆိုတော့ သိပ်တောင် မ၀တ်တတ်တော့ဘူးဗျို့ ဟား …ဟား …ဟား … ။ ဦးနေ၀င်းပြောင်ရေ … ခင်ဗျားရဲ့ အယ်ဒီတာ့ အာဘော်တွေကတော့ လန်းတယ်ဗျာ။ ကျုပ်တို့ကတော့ အရမ်း အရမ်းကို ကြိုက်တာပါပဲ။ ဒီပုံအတိုင်းသာ ဆက်ရေးပေတော့ဗျာ။

ထိုသို့ ချီးကျူးလိုက်သဖြင့် ဦးနေ၀င်းပြောင် မနေတတ် မထိုင်တတ် ဖြစ်သွားသည်အထိ ၀မ်းသာသွားသည်။

ဦးသိန်းဂိန်။     ။ ကျုပ်တို့လူ ဦးရော်ဆမ်း ကိုင်ထားတဲ့ မြန်မာ့အမှောင် သတင်းစာတို့ ဘာတို့ကိုလည်း ခင်ဗျားရေးသလို အတုခိုးဖို့ လမ်းညွှန်ခိုင်းရဦးမယ်။ ဒီကောင်တွေ ညံ့ချက်ကတော့ ကမ်းကို ကုန်ရော။ ခေတ်သစ် အယ်ဒီတာ့ အာဘော် ရေးနည်းကို လေ့လာဖို့ ခင်ဗျားဆီမှာ သင်တန်းတက်ခိုင်းရမယ်ဗျ။

ဦးသိန်းဂိန်က ထိုသို့ လေပေါနေခိုက် ၎င်းတို့၏ စကားဝိုင်းသို့ ဦးရုက္ခစိုး ၀ုန်းခနဲ ရောက်ချလာသဖြင့် လန့်ပြီး ထခုန်လိုက်သည်။

ဦးသိန်းဂိန်။     ။ ဟိုက် … သောက်ပလုတ်တုပ်။ ဒီမှာ ကောင်မလေးတွေပဲ အလုပ်လုပ်တာ မဟုတ်လား။ ဒီလူကြီးက ဘယ်သူလဲ။

မျက်လုံးပြူး မျက်ဆံပြူးဖြင့် ထိတ်လန့်နေသော ဦးသိန်းဂိန် အကြောက်ပြေစေရန် ဖိုးရှုပ်က ကမန်းကတန်း ၀င်၍   ရှင်းပြလိုက်ရသည်။

ဖိုးရှုပ်။     ။ သူက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရောက်နေတဲ့ မြန်မာရုက္ခစိုးပါ။ မြန်မာပြည်ကိုလည်းလွမ်း၊ ကျနော့်ကိုလည်း တွေ့ချင်တာကြောင့် ရောက်လာတာပါ။ ဟုတ်တယ်နော် ဦးရုက္ခစိုး။ ထိုင်ပါ ဦးရုက္ခစိုး … ထိုင်ပါ…။

ဖိုးရှုပ်၏ ရှင်းလင်းချက် အဆုံးတွင် ဦးသိန်းဂိန်က ကြမ်းပြင်တွင် ဒူးထောက်လိုက်ပြီးနောက် ချင်းမိုင် ရုက္ခစိုးကြီးကို ကန်တော့လေသည်။ ထိုအပြုအမူကြောင့် ဖိုးရှုပ်နှင့် ဦးနေ၀င်းပြောင်တို့ အံ့အားသင့်သွားကြသည်။

ရုက္ခစိုးကြီးလည်း အံ့သြသွားသည်။ ထို့နောက် ပီတိဖြစ် ကျေနပ်သွားသည်။ သူနှင့် တွေ့သူအများစုက သူ့ကို ထိုသို့ အရိုအသေ ပေးခြင်းမရှိပေ။ ဖိုးရှုပ်နှင့် ကြွက်စုတ် ဆိုသည့် ငနဲနှစ်ကောင်ကတော့ သူ့အပေါ် အရိုအသေ တန်လွန်းသည်ဟု  ရုက္ခစိုးကြီး တွေးမိသည်။ သူ့ကို ထိုင်ကန်တော့နေသော ဦးသိန်းဂိန်ကို ပြုံးပြပြီး …

ဦးရုက္ခစိုး။     ။ ဒီက နောင်ကြီးက ဘယ်သူလဲ။ နိုင်ငံခြားမှာ နေတာ ကြာလို့ ထင်တယ်၊ ပုဆိုး ၀တ်တာ ကိုးရိုးကားရားနဲ့။

ဦးသိန်းဂိန်။     ။ ကျနော့်နာမည် သိန်းဂိန်ပါ၊ နေပြည်တော်မှာ နေပါတယ်။ တသက်လုံး ဘောင်းဘီတွေပဲ ၀တ်ပြီး ခုမှ ယူနီဖောင်း ပြောင်းလိုက်တာပါ။ ပုဆိုးဝတ်တာ သိပ်မကြာသေးတော့ ကိုးရိုးကားရား၊ ဖိုးရိုးဖားရား ဖြစ်နေတာပါ … … ဟီးဟီး။

ဦးရုက္ခစိုး။     ။ ၀တ်စားထားတာက တောက်တောက်ပြောင်ပြောင် ဆိုတော့ လုပ်ငန်းရှင်လား၊ ကုမ္ပဏီ မန်နေဂျာကြီးလား။

ထိုမေးခွန်းကို ဦးနေ၀င်းပြောင်က ၀င်ဖြေလိုက်သည်။

ဦးနေ၀င်းပြောင်။     ။ လုပ်ငန်းရှင်လည်းမဟုတ်ဘူး၊ မန်နေဂျာကြီးလည်း မဟုတ်ဘူး။ သူက နိုင်ငံရေးသမားကြီးပါ။ အုပ်စုလည်း အရမ်း အရမ်း တောင့်တယ်။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ အစစ အရာရာ ရယ်ဒီ ဖြစ်နေတဲ့သူပါ။ အတိအကျ ပြောရရင် ရွေးကောက်ပွဲပြီးတဲ့အခါ နိုင်ငံ့ခေါင်းဆောင် ဖြစ်မယ့်သူပေါ့ခင်ဗျာ။

ဦးရုက္ခစိုး။     ။ ဟိုက် … ရှာလဘတ်ရည်  … သေချာလှချည်လားကွ။

ဦးနေ၀င်းပြောင်။     ။ သိပ် …………………………………………… သေချာတာပေါ့ဗျာ။ ဒီအကြောင်းကို ရှေ့တပတ် ကျုပ်ဂျာနယ်ရဲ့ အယ်ဒီတာ့ အာဘော်မှာ ထည့်ရေးရဦးမယ် ဟဲဟဲဟဲ။

ပြောပြောဆိုဆို ဦးနေ၀င်းပြောင်က သူ၏ မှတ်စုစာအုပ်ကို ထုတ်ပြီး “နိုင်ငံ့ခေါင်းဆောင် ဦးသိန်းဂိန်” ဟု ရေးလိုက်ပြန်သည်။ ထိုသို့ ရေးနေစဉ် ဖိုးရှုပ်က ဦးသိန်းဂိန်ကို ကြည့်ပြီး ပြောလိုက်သည်။

ဖိုးရှုပ်။     ။ ဦးသိန်းဂိန် နဲ့ လုပ်ဖော်ကိုင်ဘက်တွေက နာမည် အရမ်း ပျက်နေတာနော်။ နိုင်ငံ့ခေါင်းဆောင် ဖြစ်ဖို့ နေနေသာသာ ရွေးကောက်ပွဲမှာတောင် မဲရပါ့မလား။ လူတွေက မဲထည့်ပါ့မလား။

ဦးသိန်းဂိန်။     ။ ဟုတ်ပါတယ်။ ကျုပ်တို့ နာမည်ပျက်နေတာ မှန်ပါတယ်။ ဒါကြောင့် လူတွေဆီက ပိုက်ဆံတောင်း၊ လုပ်ငန်းရှင်တွေဆီက ပိုက်ဆံကောက်ပြီး ဟိုတလောက လမ်းတွေပြင်ပြခဲ့ပါတယ်။ အဲဒီလမ်းတွေကို လက်ညှိုးထိုးပြပြီး မဲပေးကြဖို့ ပြောရမှာပါပဲ။ သူတို့ မပေးလည်း သူတို့ရဲ့ ထောက်ခံမဲတွေ ကျုပ်တို့ ရအောင် လုပ်မယ့် နည်းလမ်းတွေ ကျုပ်တို့မှာ ရှိပါတယ်။ ဒါပေမယ့် အစစ အရာရာ အိုကေသွားအောင် အရှင် ရုက္ခစိုး နတ်မင်းကြီးက စောင့်ရှောက် ကြည့်ရှုတော်မူပါ။

ဦးသိန်းဂိန်က လက်အုပ်ချီပြီး ရိုရိုသေသေ ပြောနေသဖြင့်  ရုက္ခစိုးကြီး အလွန် ကျေနပ်သွားသည်။ နတ်တို့၏ အစွမ်းအစဖြင့် ကူညီရန်လည်း ဆုံးဖြတ်လိုက်သည်။

ဦးရုက္ခစိုး။     ။ အင်း … နောင်ကြီး ဦးသိန်းဂိန်တို့ အဲဒီလောက် သေချာနေမှတော့ ဟန်ကျပြီပေါ့ကွယ်။ အဆင်ပြေအောင် ကျုပ် စောင့်ရှောက်ပေးမှာပါ။   ရွေးကောက်ပွဲနိုင်အောင်တော့ ကူညီနိုင်မယ် ထင်တယ်၊ နောင်ကြီးတို့လည်း ငွေကောက်ပြီး လမ်းဖောက်တာတွေ လုပ်ပြထားတယ်ဆိုတော့ အဆင်ပြေမှာပါ။ ဒါပေမယ့် …

ဦးနေ၀င်းပြောင်။     ။ ဘာ ဒါပေမယ့်လဲဗျ။

ဦးရုက္ခစိုး။     ။ ဒါပေမယ့်  နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ အထိတော့ ကျုပ်လည်း မကူနိုင်ဘူး ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော် သမ္မတသည် ပြည့်တန်ဆာလုပ်ငန်း အတွေ့အကြုံ ရှိရမည် ဆိုလား ဟို … ဥပဒေမှာ ပြဋ္ဌာန်းထားတယ် မဟုတ်လား။

ရုက္ခစိုးကြီး၏ စကားကြောင့် ဦးနေ၀င်းပြောင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဦးနေ၀င်းပြောင်။     ။ ဟားဟားဟား … ကျုပ်က ဒါတွေကို သိလို့ ဦးသိန်းဂိန်ကို ဒီအနှိပ်ခန်း လာဖို့ ချိန်းလိုက်ရတာပေါ့။ အခုဆိုရင် ဦးသိန်းဂိန်မှာ ဒီ အတွေ့အကြုံ ရှိသွားရောပေါ့ဗျာ။ ဒါ့အပြင် … ရန်ကုန်မှာ ရှိတဲ့ အနှိပ်ခန်းတွေမှာ ဦးသိန်းဂိန်တို့ ဆွေမျိုး သားချင်းတွေ အစုရှယ်ယာ ထည့်ဖို့ စီစဉ်ထားပါတယ်။ တချက်ခုတ် သုံးချက်ပြတ်ပေါ့ဗျာ။ ဟားဟားဟား ……… ။

ဦးရုက္ခစိုး။     ။ ဟုတ်ပါပြီလေ။ ကျုပ် ကူညီပါ့မယ်။ ကျုပ်ရဲ့ နတ် ဘော်ဒါတွေရှိပါတယ်။ သူတို့ဆီ အီးမေးလ်ပို့ပြီး နောင်ကြီး ဦးသိန်းဂိန် နိုင်ငံ့ခေါင်းဆောင် ဖြစ်အောင် ပြောပေးပါ့မယ်။ ဒါပေမယ့် … … ကျုပ် မရှင်းတာတွေ ရှိသေးတယ်။

ဦးသိန်းဂိန် ။     ။ (လက်အုပ်ချီပြီး) ဟုတ်ကဲ့ပါ။ ပြောပါ။ မရှင်းတာတွေ ရှင်းသွားအောင် စွမ်းအားရှင်တို့ ဘာတို့ ရှိပါတယ်။ အားလုံး ရှင်းသွားအောင် လုပ်ခိုင်းလိုက်ပါ့မယ်။

ဦးရုက္ခစိုး။     ။ ရွေးကောက်ပွဲဝင်မှာ ဆိုတော့ နောင်ကြီးတို့က ငွေကြေး အလုံအလောက် ရှိရဲ့လား။ ရုံးဖွင့်ဖို့ နေရာ ရပြီလား။ မဲဆွယ်တဲ့ ကာလမှာ သွားရေးလာရေး သယ်ယူပို့ဆောင်ရေး အဆင်ပြေပါ့မလား။

ဦးသိန်းဂိန် ။     ။ ဘတ်ဂျက်ကတော့ ကြိုက်သလောက် သုံးလို့ရတယ်။ ရုံးကလည်း မြို့တိုင်း ရွာတိုင်းမှာ အခုချက်ချင်း ဖွင့်ပစ်လိုက်လို့ ရတယ်။ မနေ့ကမှ ပါတီထောင်ခွင့် တရားဝင် ရထားတာကြောင့် မဖွင့်သေးတာပါ။ သွားရေးလာရေး မဲဆွယ်ရေးလည်း အစစ အရာရာ အဆင်ပြေပါတယ်။

ဦးရုက္ခစိုး။     ။ ဒါဆိုရင် နောင်ကြီးတို့  ဒေါ်အောင်ဆန်းစုကြည်တို့၊ ပြီးတော့ သူတို့ရဲ့ NLD ပါတီကို ဘယ်လို သဘောထားသလဲ။

ရုက္ခစိုးကြီးက ထိုသို့ မေးလိုက်သဖြင့် ဦးသိန်းဂိန်က လက်အုပ်ချီခြင်း မပြုဘဲ မတ်တပ်ရပ်ပြီး ခါးထောက်လိုက်သည်။ အရိုအသေ ပေးနေရာမှ ရုတ်တရက် အမူအယာ ပြောင်းသွားသဖြင့် ရုက္ခစိုးကြီး အံ့အားသင့်သွားသည်။

ဦးသိန်းဂိန်။     ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျုပ်တို့ စီစဉ်ထားတာ ရှိပါတယ်။ ယက်ထောကို အင်းလျားကန်မှာ ရေလာကူးဖို့ ခေါ်ထားပါတယ်။ နှစ်ကုန်ပိုင်းမှာ ရောက်လာပါလိမ့်မယ်။ NLD ပါတီ ကိုတော့ ရာဇ၀င်ထဲမှာ ထားရစ်ခဲ့ရမှာပဲ။ မတတ်နိုင်ဘူး။ သူတို့ကို ကျုပ်တို့ အနှစ် ၂၀ ကျော် စိတ်ရှည်ပေးခဲ့ပြီးပြီ။

ဦးရုက္ခစိုး။     ။ (ဒေါသကို ထိန်းပြီး) ဒါဆိုရင် လွတ်လပ်စွာ ရေးသား၊ ဖော်ပြခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ဆိုတာတွေရော အနာဂတ်မှာ ရှိမလား။

ဦးသိန်းဂိန်။     ။ စည်းကမ်းရှိရှိ လုပ်ကြမယ် ဆိုရင်တော့ အနာဂတ်မှာ အရာရာ အားလုံး ဖြစ်နိုင်တယ်။ စည်းကမ်းမရှိရင်တော့ ၀မ်းနည်းပါတယ်၊ တာဝန်အရ ကျုပ်တို့က ဆောင်ရွက်ရမှာပဲ။

ဦးရုက္ခစိုး။     ။ နောက်ဆုံး တခု သိချင်တယ်။ ဒါ အရေးကြီးတယ်နော်။ ကောင်းကောင်း ဖြေ … … ။ ရွေးကောက်ပွဲနိုင်ပြီး အစိုးရ ဖွဲ့ပြီးရင် ထောင်ထဲမှာ ရှိတဲ့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေကို လွှတ်ပေးမှာလား … ။

ဦးသိန်းဂိန် ။     ။ ဘာကြောင့် ဒီသောင်းကျန်းသူတွေကို လွှတ်ပေးရမှာလဲ။ မလွှတ်ဘူး။ မလွှတ်ရေးချ မလွှတ်ဘူး။

ဦးသိန်းဂိန်၏ အဖြေများကြောင့် ရုက္ခစိုးကြီး ဒေါသ အကြီးအကျယ် ထွက်သွားသည်။ ထို့နောက် ဦးနေ၀င်းပြောင်ဘက်သို့ လှည့်ပြီး …
ဦးရုက္ခစိုး။     ။ ကဲ - ဦးနေ၀င်းပြောင်။ ကြားပြီးရောပေါ့။ ခင်ဗျားက ဘယ်လိုထင်သလဲ။ ဒီလူတွေ နိုင်ငံ့ခေါင်းဆောင် ဖြစ်လာပြီ ဆိုရင် မြန်မာနိုင်ငံ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲဒါကို ခင်ဗျား အယ်ဒီတာ့ အာဘော်မှာ ဘယ်လိုရေးမလဲ။

ဦးနေ၀င်းပြောင်။     ။ ရေးရမယ် ဆိုရင်တော့ အဟဲ … မြန်မာပြည်ရဲ့ အနာဂတ် အခင်းအကျင်းဟာ အရမ်း အရမ်းကို အဆင်ပြေ၊ ကြံ့ခိုင်၊ ဖွံ့ဖြိုး၊ စည်းကမ်းရှိမယ်လို့ ယူဆပါကြောင်း ဆိုပြီး ရေးလိုက်မယ်လေ၊ မကောင်းဘူးလား။

ဦးသိန်းဂိန် ။     ။  သိပ်ကောင်းတာပေါ့ကွာ။

၎င်းတို့၏ စကားအဆုံးတွင် ရုက္ခစိုးကြီး၏ ထွက်နေသော ဒေါသများသည် ငယ်ထိပ်အထိ ရောက်သွားသည်။ ထို့နောက် စိတ် မထိန်းနိုင်ဘဲ ထိုင်ခုံဖြင့်ရိုက်ရန် ဟန်ပြင်သောကြောင့် ဦးသိန်းဂိန် နှင့် ဦးနေ၀င်းပြောင်တို့နှစ်ဦးသား အနှိပ်ခန်းအတွင်းမှ ထွက်ပြေးကြလေသည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်