ချိုကုပ်ဒူးကြီးနှင့် ၀ိုင်ပုလင်း

ကနေ့ နေပြည်တော်၌ အစိုးရသစ်၊ သမ္မတသစ် ကျမ်းကျိန်ပွဲ အပါအ၀င် အပြောင်းအလဲများရှိသည်ဟု ယမန်နေ့ကတည်းက ကြားသိထားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးလည်း သတင်းယူရန် ရောက်ရှိနေကြသည်။ ထိုပွဲသို့ ချိုကုပ်ဒူးကြီး တက် မတက်၊ စစ်ဝတ်နှင့် တက်မည်လား၊ အရပ်ဝတ် ချိတ်လုံချည်ဖြင့် တက်မည်လားဟူ၍ အငြင်းအခုံပင် ဖြစ်ခဲ့ရသေးသည်။

cmnatကြွက်စုတ်မှာ ဖိုးရှုပ် ခေါ်လာ၍သာ မလိုက်ချင် လိုက်ချင်ဖြင့် လိုက်ခဲ့ရပြီး စားသောက်ဆိုင် တဆိုင်ရှိ တီဗီ တလုံးရှေ့၌ ရှိနေသည်။ အပြင်မထွက်ဘဲ နေချင်သည်က တကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဂျပန် ဆူနာမီ ကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတွေ ပေါက်ကွဲပြီး ရေဒီယို ဓာတ်သတ္တိကြွမှုတွေဖြစ်၊ မြန်မာပြည်အထိ လေထဲမှာ ဓာတ်ရောင်ခြည်တွေ ပျံ့မည်၊ အက်ဆစ်မိုးတွေ ရွာမည် ဆိုသည့် ဘာဘာ ညာညာ ကောလာဟလတွေလည်း ပျံနေမဟုတ်လား၊ ဒီကြားထဲ ငလျင်တွေကလည်း လှုပ်ဆိုတော့ ကြွက်စုတ် ကြောက်သွေးဖျန်းနေခြင်းလည်း ဖြစ်သည်။

တကယ်ဆို ယခုရောက်ရှိနေသည့် စားသောက်ဆိုင်အစား မာဆတ် ဌာနီ အဲ...ရာဇ ဌာနီ လမ်းမကြီးပေါ်ရှိ မာဆတ် အနှိပ်ခန်း တခုခုတွင် နှပ်နေရရင် အကောင်းသား...ဟု ကြွက်စုတ်က အလိုမကျစွာ တွေးတောနေမိသည်။

အတွေးကောင်းနေဆဲရှိစဉ် ယခင် အစိုးရဟောင်းကို ဖျက်သိမ်းပြီး အစိုးရသစ်ကို ချိုကုပ်ဒူးကြီးက အာဏာလွှဲလိုက်သည်ဟု မြန်မာ့ ရုပ်သံက ကြေညာလိုက်ရာတွင် ကြွက်စုတ် က တီဗီ ကြည့်နေရာမှ ချက်ချင်း ထပြောလိုက်သည်။

ကြွက်စုတ်။   ။ ဟ ချိုကုပ်ဒူးကြီးက အစိုးရသစ်ကို အာဏာလွှဲတယ် ဆိုပါလား...၊ ဖိုးရှုပ် မင်းတို့ မီဒီယာတွေမှာ ပြောပြောနေတာ  ချိုကုပ်ဒူးကြီးက အသက်သာ သေရင် အသေခံမယ်၊ အာဏာကို တစိတ် တခြမ်းတောင် ခွဲပေးမှာ မှုတ်ဘူးဆို...။

ဖိုးရှုပ်။   ။ ဟေ့ကောင်...ဟေ့ကောင်...အခုမှ အစပဲ ရှိသေးတာ၊ မင်းပါးစပ် မဟရင် ကောင်းမယ်...။

ထိုကြေညာချက်အပြီး မြန်မာ့ ရုပ်သံ၌ “အဆင်ပြေပါစေ မြန်မာပြည်..”စာသား ပါသည့် သီချင်းသံနှင့် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပုံကိုပြရင်း ကျန်ရှိ ကြေညာချက်များကို ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း စာတန်း တခုက ပြေးနေသည်။

တီဗီ ကြည့်နေရင်း ရုတ်တရက် ကြွက်စုတ်က ဖိုးရှုပ်ဘက်လှည့်၍ ပြောလိုက်သည်။

ကြွက်စုတ်။   ။ မင်း ဒီလိုတော့ သူတပါးပြောဆိုခွင့်ကို မပိတ်ပင်နဲ့လေ...ဖိုးရှုပ်၊ အခု မင်းအမြင်၊ တီဗီမှာ ကြေညာသွားတာ၊ အရပ် သား သမ္မတ အစိုးရသစ် ပေါ်လာပြီလေ...။

ဖိုးရှုပ်က ပြန်ပြောမည် ဟန်ပြင်လိုက်စဉ် တီဗီတွင် ကြေညာချက် အသစ် ကြေညာလာပြန်၍ ငြိမ် နားထောင်လိုက်ရသည်။

ယခု ကြေညာချက်မှာ သမ္မတ ဦးသိန်းဂိန် အစိုးရသစ်အဖွဲ့ဝင် ၀န်ကြီးများ၏ စာရင်းဖြစ်သည်။ ၀န်ကြီးများ၏ စာရင်းတွေ ရွတ်ပြပြီး ချိန်တွင် ဖိုးရှုပ်က နှုတ်ခမ်းမဲ့ မျက်ခုံးပင့်ပြီး ကြွက်စုတ်ကို မေးငေါ့ လိုက်သည်။

ဖိုးရှုပ်။   ။ ဟေ့ကောင် မင်းကြားလား...၊ အစိုးရသစ် အဖွဲ့မှာ သမ္မတက စပြီး အများစုက လူ အဟောင်းတွေနဲ့ သူတို့ စစ်အုပ်စု လူတွေချည်းပဲ၊ အဲဒါကို အစိုးရသစ်လို့ ဘယ်လို ခေါ်ရမှာလဲ...

ကြွက်စုတ်။   ။ ဒါကတော့ကွာ... လုပ်နေကြ အသားကျပြီးသား လူတွေဆိုတော့ လုပ်ငန်း ပိုကျွမ်းကျင်တယ်ဆိုပြီး ပြန်ထည့်တာ လည်း ဖြစ်နိုင်တာပေါ့။

ဖိုးရှုပ်။   ။ မင်းကြားဘူးမလားတော့ မသိဘူး ကြွက်စုတ်၊ ဟို ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်ဆိုလား...၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ် ဆိုလား...၊ အဲဒီလိုမျိုးလေ...။

ကြွက်စုတ်။   ။ တကမ္ဘာလုံး အရေး အရမ်းအရမ်းကို ကျွမ်းကျင်သူတွေ လေမျိုးနဲ့ ပြောမနေနဲ့၊ မင့် ၀ိုင်နဲ့ ပုလင်း ဘယ်လိုပဲ ဖြစ်ဖြစ်၊ တို့ တိုင်းပြည်မှာ နှစ် ၂၀ ကျော်လောက် ခေါ်စရာမဲ့နေတဲ့ သမ္မတ ဆိုတာတော့ ခေါ်စရာ ရှိလာတာ အသေအချာပဲ...။

ဖိုးရှုပ်။   ။ သြော် လက်စသတ် မင်းက သမ္မတကြီး...သမ္မတကြီးလို့ ခေါ်ရတဲ့ လျှာ အရသာ ခံချင်နေတာကိုး...၊ ချိုကုပ်ဒူးကြီး သာ ကြားလို့ကတော့ ငါးခူပြုံး၊ ငါးသလောက်ပြုံး အပြုံးမျိုးစုံ ပြုံးပြီး မင့်ကို မိန့်မိန့်ကြီး ကြည့်နေမှာ မြင်ယောင်သေး...၊ သူရွှေ့လိုက်တဲ့ ဇယားထဲ မင်းက အကောင်လိုက်ကြီး ၀င်လာလို့ လေ...။

ဖိုးရှုပ် အပြောကြောင့် ကြွက်စုတ် ဒေါကန် သွားပြီး ပြန်ပက်မည်ပြင်လိုက်စဉ် ဦးရုက္ခစိုး ရုတ်တရက်ရောက်လာပြီး ကြားဖြတ်ဝင်ပြော လိုက်သည်။

ရုက္ခစိုး။   ။ ဟေ့ကောင်တွေ မင်းတို့ နှစ်ကောင်က ထုံးစံလို ဖြစ်နေပြီ၊ တွေ့ရင် ကိုက်ကြ၊ မတွေ့ရင်လိုက်ရှာနဲ့၊ အခု ဘာဖြစ်နေပြန် ပြီလဲ...။

ဦးရုက္ခစိုး အမေးကို ဖိုးရှုပ်က ဦးစွာ ပြန်ဖြေလိုက်သည်။

ဖိုးရှုပ်။   ။ ဒီမှာ ဦးရုက္ခစိုးကောင် ငကြွက်၊ သူ့ဘာသူ ငတ်တာ ကျပြီး လျှာ အရသာခံချင်တာနဲ့ ကျနော့်ကို ဘုတောနေတာ...။

ရုက္ခစိုး။   ။ ဘာငတ်လို့လဲ...ဒီကောင်က...။

ဖိုးရှုပ်။   ။ သမ္မတ...

ဖိုးရှုပ်က တုံးတိတိ ဖြေလိုက်၍ ဦးရုက္ခစိုး ရုတ်တရက် ကြောင်သွားသည်။

ရုက္ခစိုး။   ။ ဘာ သမ္မတ လဲ...၊ ပေါင်မုန့်လား...ရုပ်ရှင်ရုံ လား...။

ဖိုးရှုပ်။   ။ ဟာ ဦးရုက္ခစိုး ပြောမှ ပိုရှုပ်ကုန်တော့မှာပဲ...၊ တီဗီ မှာ စောစောကတင် အစိုးရဟောင်း ဖျက်ပြီး အစိုးရသစ်ကို အာဏာ လွှဲတယ်လို့ ကြေညာသွားတယ်...။

ရုက္ခစိုး။   ။ ဟေ ဟုတ်လား...ငါတောင် မသိလိုက်ဘူး...။

ဦးရုက္ခစိုး အူကြောင်ကြောင်ဖြင့် စကားစ ပြတ်သွားသည်ကို အခွင့်ကောင်းယူ၍ ကြွက်စုတ်က ၀င်ပြောလိုက်သည်။

ကြွက်စုတ်။   ။ ဦးရုက္ခစိုးက နေ့လယ်နေ့ခင်းဆို တရေးတမော မှေးရင်း နတ်စည်းစိမ် ယဇ် နေတာကိုး ဘယ်သိမလဲ...၊ ကျနော်က အဆိုးထဲ က အကောင်းကို မြင်ကြည့်တာပါ၊ အခုဆို အရပ်သား အစိုးရ ပေါ်လာပြီလေ...ဟုတ်တယ် ဟုတ်၊ ဒီကောင် ဖိုးရှုပ် ဆိုတဲ့ ကောင်က အဆိုးပဲ မြင်နေတာ...။

ဖိုးရှုပ်။   ။ ဟေ့ကောင် ပြောပြန်ပြီ...၊ မင်းတော့ ငါ လုပ်လိုက်ရ...။

ဦးရုက္ခစိုးက ဖိုးရှုပ်တို့ နှစ်ဦး၏ တင်းမာလာသည့် အခြေအနေကို ကြားဝင်လိုက်သည်။

ရုက္ခစိုး။   ။ ဖိုးရှုပ်ကလည်း ဖြည်းဖြည်းပြောလေ...၊ မင်းတို့ ဟာက...။

ကြွက်စုတ်။   ။ ဦးရုက္ခစိုးပဲ စဉ်းစားကြည့် ဒီကောင်က ကြီးကြီး ကျယ်ကျယ်နဲ့ ပြောတယ်လေ...၊ အစိုးရ အဟောင်းနဲ့ အသစ်က ဘာမှ မထူးတဲ့ ပုံမျိုး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ် ဘာညာနဲ့လေ...။

ဤတွင် ဦးရုက္ခစိုး ဇာတ်ရည်လည်စ ပြုလာသည်။

ရုက္ခစိုး။   ။ သြော် မင်းတို့ ပြဿနာကို ငါ သိသွားပြီ၊ အေး..ကွ တကယ်တော့ ကြွက်စုတ်ရ ရွေးဂေါက်ပွဲ အဖြေကနေ လွှတ်တော် အစည်းအဝေးတွေကိုပဲ ကြည့်ရင် စစ်အုပ်စုနဲ့ သူတို့ လူတွေချည်း ပဲ...၊ အမတ်တွေမှာ ဘာမှ မယ်မယ်ရရ ပြောဆို လုပ်ပိုင်ခွင့်မရှိ လို့ ခမျာ များ စိတ်ပျက်နေကြတာ၊ အခုဆို သူတို့ အိမ်ပြန်ရမှာမို့ ပျော်နေကြတယ်လို့တောင် ကြားတယ်...။

ပြောရင်း ဆိုရင်းနှင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ သဘောထား နီးစပ်လာသည်ကို သတိထားမိလိုက်၍ ကြွက်စုတ် ကမန်းကတန်း ၀င်
ဖြတ်ပြောသည်။

ကြွက်စုတ်။   ။ ဒီလိုပါ ၊ ကျနော် ပြောတာက အပြုသဘောပါ၊ ဦးရုက္ခစိုးပဲ စဉ်းစားကြည့် စစ်တပ်ရာနှုန်းပြည့်၊ နေရာပြည့် ၊ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် စိမ်းစိမ်း စိမ်းစိမ်း ဖြစ်နေရာကနေ အခု အရပ်သား ပုံစံ လုပ်လာနေရပြီလေ...။

ဖိုးရှုပ်။   ။ အဲဒါ ဟန်ပြ ၊ အယောင်ဆောင် ၊ ချွတ်စွပ် အစိုးရ လုပ်ထားတာ ဆိုတာ လူတိုင်း သိတယ်...၊ မင်းသာ ငတုံး မို့လို့...။

ရုက္ခစိုး။   ။ ဟေ့ကောင် ဖိုးရှုပ်...ရှင်းရှင်း ပြောစမ်း မင့်ဟာက၊ ဘာ ချွတ်စွပ် လဲ...။

ကြွက်စုတ်။   ။ သူပြာတာက စစ်ယူနီဖောင်းချွတ် အရပ်သား ၀တ်စုံ စွပ်ပြီး အယောင်ဆောင်တယ်လို့ပြောချင်တာ...၊ ဒီကောင်က သတင်းလေး ဘာလေး မတောက်တခေါက် ရေးတတ်တာနဲ့ လေကြီး လေကျယ်တွေ လုပ်နေတာ...။

ထိုအချိန်ကျမှ ဦးရုက္ခစိုးက သူ၏ အမြင်ကိုပြောချလိုက်သည်။

ရုက္ခစိုး။   ။ မင်းတို့ နှစ်ယောက်စလုံးနဲ့ကို ငါ သဘောထား ကွဲလွဲနေတယ်...၊ ချွတ်စွပ်လည်း မဟုတ်ဘူး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်လည်း မဟုတ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ်လည်း မဟုတ်ဘူး...၊ ချိုကုပ်ဒူးကြီးက ၀ိုင် ပုလင်းကို တံဆိပ် အသစ်နဲ့ အဟောင်း ပြောင်းကပ် ပေးလိုက်တာပါ ကွာ...။

ဤတွင် ၎င်းတို့ ၃ ဦးမှာ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူများ ပြောသည့် ၂ ဦးရှိက ၃ စုကွဲ၊ ၃ ဦးရှိက ၄ စုကွဲ ဆိုသကဲ့သို့ အဖြစ်ကို ရောက်ရှိ သွားလေတော့သည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံ
ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်