ယခုအချိန်တွင် ဆန္ဒခံယူပွဲသည် စစ်အစိုးရအတွက် ဒုတိယဦးစားပေးသာဖြစ်သင့်သည်

Tuesday, 06 May 2008 07:00 အယ်ဒီတာ့အာဘော်
Print
ယခုရက်သတ္တပတ်အကုန်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းသင့်ခဲ့ရသည့် ဒုက္ခသည်များကို ကယ်ဆယ်ကူညီရေး အစီအစဉ်များ ခဏထားဦး၊ ဤသဘာဝကပ်ဘေးအပေါ် စစ်အစိုးရ၏ တုံ့ပြန်ဆောင်ရွက်ပုံက နိုင်ငံကိုထိန်းသိမ်းစီမံရန် အရည်အချင်းမရှိကြောင်း ပြသနေသည် ။

နာဂစ် (Nargis) အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို တနည်းမဟုတ်၊ တနည်းဖြင့် မြန်မာနိုင်ငံမှ လူပေါင်း ၃သန်းကျော် ထိခိုက်ခံစားခဲ့ကြရသည်။ ဤမုန်တိုင်းက ရန်ကုန်တိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများနှင့် မြန်မာနိုင်ငံတောင်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး အိမ်များ ပျက်စီးခြင်း၊ လှေများ နစ်မြုပ်ခြင်း၊ လျှပ်စစ်ဓါတ်အားလိုင်းကြိုးများ ပြတ်တောက်ခြင်း၊ သစ်ပင်များ အမြစ်မှ ပြိုလဲကျစေခြင်းနှင့် နောက်ဆုံး ရန်ကုန်လေဆိပ်ကို အရေးပေါ် ပိတ်ပင်ထားရသည့်အခြေအနေသို့တိုင် ပြင်းထန်ခဲ့သည်။

အစိုးရ တရားဝင်ထုတ်ပြန်ကြေညာမှုများအရ လူသေဆုံးမှု ၁၅၀၀၀ ဦး ရှိသည်ဟု ဆိုပြီး၊ အမှန်တကယ်တွင် ဤထက်ပို၍ များနိုင်သည်။

စစ်အစိုးရက တနင်္ဂနွေနေ့တွင် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းများနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကို သဘာဝကပ်ဘေး ဒုက္ခသင့်ရသည့် နယ်မြေများအဖြစ် ကြေညာခဲ့သည်။

နိုင်ငံတွင် ဤသို့မုန်တိုင်းဒဏ်သင့်နေ၍ ဒုက္ခကြုံနေရချိန်တွင် စစ်အစိုးရက ၎င်းအာရုံကျနေသည့် စီမံချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို စီစဉ်ထားသည့်အတိုင်း စနေနေ့တွင် ကျင်းပမည်ဟု ကြေညာချက်တခု ထုတ်ပြန်လာခဲ့ သည်။ တနင်္လာနေ့တွင်ဖြန့်ချိသည့် စစ်အစိုးရ၏အာဘော်သတင်းစာ "မြန်မာ့အလင်း" တွင် ဤထုတ်ပြန် ကြေညာချက်ကို ဖော်ပြထားပြီး၊ လွန်ခဲ့သည့် သောကြာနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွတ်လပ်ပြီး တရား မျှတသည့် ဆန္ဒခံယူပွဲ ဖြစ်စေရန် တိုက်တွန်းထားချက်အပေါ်တွင်လည်း တန်ပြန်တိုက်ခိုက်ရေးသားထားခဲ့သည်။

အစိုးရက ကုလသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အပေါ် "လွန်စွာ အံ့အားသင့်ခဲ့ရသည်" ဟု သတင်းစာတွင် ဖော်ပြထား သည်။

ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဖြစ်ပြီး၊ သတင်းစာက ဖော်ပြရာတွင် "ပြည်သူများက စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်" ဟု ဆိုသည်။

အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခွင့်ရရန် ပြည်သူများက စိတ်အားထက်သန်နေကြပါသည်လော? ယခုအခါ မြန်မာ ပြည်သူအများက စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်မှာ အရေးပေါ်ကယ်ဆယ်ရေး အကူ အညီများ၊ သန့်ရှင်းသော သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနှင့် အခြားထောက်ပံ့ရေးပစ္စည်းများသာ ဖြစ်ပါသည်။ ကုလသမဂ္ဂ အရာ ရှိတဦး၏ အဆိုအရ ဤသဘာဝကပ်ဘေးအပြီးတွင် ရေများက သောက်သုံးမရနိုင်သည့် အခြေအနေ ရှိနေပြီး၊ ကူးစက်ရောဂါများ ဖြစ်ပွါးလာမည်ကိုလည်း စိုးရိမ်နေကြပါသည်။

ဤသို့ ကပ်ဘေးဒုက္ခကြုံရသည့်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် စစ်အစိုးရက တုံ့ပြန်ဆောင်ရွက်ခဲ့ သည်ကို ကြည့်ရသည်မှာ အလွန်ဝမ်းနည်းဖွယ်ပင် ဖြစ်သည်။ သူတို့ကို အရေးမစိုက်၊ လျစ်လျူရှုထားသည့် စစ်အစိုးရထံမှ အကူအညီ အနည်းငယ်ကိုမှ စောင့်စားမျှော်လင့်နေ၍ မဖြစ်နိုင်သည်ကို ပြည်သူများက နာကျဉ်စွာ သိရှိခဲ့ကြရပါသည်။

အစိုးရပိုင် ရုပ်မြင်သံကြားက ဤသဘာဝဘေးဒဏ်အပေါ် အလေးပေးတုံ့ပြန် ဆောင်ရွက်နေပုံများ၊ လဲကျနေသည့် သစ်ပင် များကို စစ်တပ်များက ရှင်းလင်းဖြတ်တောက်ပေးနေပုံများကို ရွေးချယ်ပြသခဲ့သည်။ သို့သော်လည်း အာဏာပိုင်များထံမှ ရရှိသည့် အကူအညီသည် ယခုထက်တိုင် မဆိုစလောက်သာဖြစ်ကြောင်း ရန်ကုန်နေပြည်သူများက ဧရာဝတီမဂ္ဂဇင်းသို့ အမှန်အတိုင်း ပြောပြခဲ့ကြပါသည်။

မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျေးလက်ဒေသများမှ အချို့သတင်းများအရ အစားအသောက်နှင့် အခြား မရှိမဖြစ် လူသုံး ကုန် ပစ္စည်းများ ဈေးမြင့်တက်နေချိန်တွင် လုယက်မှုများနှင့် အကြမ်းဖက်မှုများပင် ရှိခဲ့ကြောင်း သတင်းများ ရရှိခဲ့ကြသည်။ လူအများက ယခုအခါ ထိတ်လန့်တုန်လှုပ်နေကြပြီး၊ အကြီးအကျယ်ဒေါသထွက်နေလျက် ရှိသည်။

စစ်အစိုးရက နောက်ကျပြီးမှ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မီတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။ ဤကော်မီတီတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်သာချောင်ချိရေးနှင့် အကူအညီပေး ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရန်ဟု ဆိုသည်။ ကုလသမဂ္ဂ အေဂျင်စီများနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများက ကူညီရန် အသင့်ရှိနေကြသော်လည်း၊ စစ်အစိုးရက ယခုတိုင် အကူအညီအတွက် တောင်းခံလာခြင်း မရှိသေးသည်ကို တွေ့ကြရပြန်သည်။ ဤသည်မှာလည်း အဆန်းမဟုတ်၊ စစ်အစိုးရက အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့်အဖွဲ့အစည်း (အန်ဂျီအို) တိုင်းကို ဆိုးဆိုးရွားရွား သင်္ကာမကင်းစိတ်ထားနေသောကြောင့်လည်း ဖြစ်သည်။

သဘာဝကပ်ဘေးသင့်ခံရသည့် ဒေသများသို့လည်း သတင်းမီဒီယာများကို သွားရောက်ခွင့် ပိတ်ပင်ထားပြန်သည်။ သို့ အတွက်ကြောင့် မည်မျှပျက်စီးဆုံးရှုံးရသည်ကို ခန့်မှန်းနိုင်ရန် ခက်ခဲနေကြရပြန်သည်။ သဘာဝကပ်ဘေးဒုက္ခသင့်ရမှုများ ကို စစ်အစိုးရ၏ သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့က ပုံမှန်ဆိုသလို လျှော့ပေါ့ဖော်ပြခဲ့ကြသလို၊ ဖုံးကွယ်ထားမှု များလည်း ရှိနေကြသည်။

သဘာဝကပ်ဘေးသင့်ဒေသများတွင် နိုင်ငံတကာအဖွဲ့အစည်းများကို စစ်အစိုးရက ၀င်ရောက်ကူညီခွင့်ပြုရန် အထူးအရေး ကြီးနေပါသည်။ ထိုမျှမက နိုင်ငံတကာသတင်းဌာနများကို လွတ်လပ်စွာ ၀င်ရောက်သတင်းယူခွင့် ပြုသင့်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေပင် ပြောင်းလဲသွားဖွယ် ရှိနေပါသည်။ စစ်အစိုးရက ၎င်းရေးဆွဲ ထားသည့် ဖွဲ့စည်းပုံ (မူကြမ်း) ကို "ထောက်ခံအတည်ပြုနိုင်ရေး" အတွက် အပြင်းအထန်လှုပ်ရှားစည်းရုံးမှုများ၊ ခြိမ်းခြောက် ဖိအားပေးမှုများဖြင့် အကြောက်တရားဝန်းကျင် ဖန်တီးထားသည့်ကြားမှပင်၊ ပြည်သူအများက ကန့်ကွက်မဲပေးရန် ပို၍ အလားအလာ ဖြစ်ပေါ်လာစေပါသည်။

စစ်အစိုးရက ပျက်စီးယိုယွင်းနေသည့် နိုင်ငံအတွက် လိုအပ်ချက်များကို အရေးတယူပြု၍ မတုံ့ပြန် မဆောင်ရွက်နိုင်ဖြစ်ပေါ် နေသည့်အခြေအနေကိုကြည့်၍ ယခင်က မသဲမကွဲဖြစ်နေသော မဲပေးသူများက ယခုအခါ ဤဖွဲ့စည်းပုံကို ကန့်ကွက်မဲသာ တိုး၍ ပေးကြတော့မည် ဖြစ်သည်။

စစ်အစိုးရက ဤဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းသင့်သည်။ ၎င်းအစား ဆိုင်ကလုန်းမုန်တိုင်းသင့်ခံခဲ့ရသည့် ပြည်သူများကို ကူညီ ကယ်ဆယ်ပေးရေး လုပ်ငန်းများကို အားထားလုပ်ဆောင်သင့်ပါသည်။ အကယ်၍ ဤသို့ဆုံးဖြတ်ချက် ပြင်ဆင်မပြောင်းလဲ နိုင်ပါက ဗိုလ်ချုပ်သန်းရွှေနှင့် အပေါင်းပါ စစ်အစိုးရခေါင်းဆောင်များ ဆင်းပေးသင့်ပြီ ဖြစ်သည်။ ဤသို့အခွင့်အရေးမျိုးကို လည်း ပြည်သူများက စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြတော့မည် ဖြစ်ပါသည်။