ဖျားနာနေသည့် အာဏာရှင်များ

Friday, 12 September 2008 07:00 အယ်ဒီတာ့အာဘော်
Print
အာဏာရှင်များ၏သတင်းကို လေ့လာစောင့်ကြည့်နေရသည်က အမြဲတစေဆိုသလို စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ယခုပင် မိမိတို့က မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်ကြီး ကင်ဂျုံအီး အပြင်းအထန်ဖျားနာနေပြီဆိုသည့် သတင်းကို ဖတ်လိုက်ရပြီး ဆက်လက်လေ့လာနေရသည် ။ အမေရိကန်အစိုးရ အရာရှိများက ကင်ဂျုံအီး နှလုံးရောဂါဖောက်ခဲ့သည်ဟု ပင် အတိအကျ ပြောဆိုနေကြသည်။

သေချာသည်မှာ မြောက်ကိုရီးယားအာဏာပိုင်များကတော့ ဤသတင်းကို ငြင်းဆိုလိမ့်မည် ဖြစ်သည်။ မြောက်ကိုရီးယား အဆင့်မြင့်သံတမာန်တဦးကို ကိုးကား၍ ဂျပန် ကျိုဒိုသတင်းဌာနက " ဒီလို သတင်းမျိုးတွေဖြစ်လာတာဟာ တန်ဖိုး မရှိရုံမျှ မက ဒါတွေဟာ လုပ်ကြံဖန်တီးထားတဲ့ ထိုးနှက်ချက်တွေပါ" ဟု ငြင်းပယ်ပြောဆိုကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတကာမိသားစုနှင့် သက်ဆိုင်ရာအစိုးရများက အာဏာရှင်များ၏ ကျန်းမာရေး အခြေအနေကို ယေဘုယျအားဖြင့် သတိထား စောင့်ကြည့်နေတတ်ကြသည်။ အထူးသဖြင့် အဏုမြူပိုင်ဆိုင်သည့် နိုင်ငံတခု၏ အာဏာရှင်ခေါင်းဆောင် ကင်ဂျုံအီးဆိုလျှင် ပို၍ စောင့်ကြည့်နေမည်ကတော့ သေချာသည်။ အကယ်၍ သူတို့သာ ကျဆုံးသွားပါက၊ ၎င်းအာဏာ ရှင်များ၏ အလွန်ကာလတွင် အာဏာပြိုင်ဆိုင်မှုများနှင့် ရုန်းရင်ဆန်ခတ်မှုများ ဖြစ်လာနိုင်သည်။ အပြောင်းအလဲအတွက် လူထုအုံကြွမှုများ ဖြစ်လာနိုင်ခြေရှိသည် မဟုတ်ပါလား။

၎င်းသတင်းက မြောက်ကိုရီးယားနိုင်ငံတည်ထောင်သည့် နှစ် ၆၀ ပြည့် အခမ်းအနားသို့ ကင်ဂျုံအီးတက်ရောက်ရန် ပျက် ကွက်ခဲ့ခြင်းမှ ခန့်မှန်းပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ လူထုမြင်ကွင်းက ပျောက်ကွယ်သွားပါက မည်သူ ဆက်ခံမည်ဆိုသည်ကိုလည်း သေသေချာချာ လျာထားခြင်း မရှိသေးပေ။

၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၏ ထိပ်သီးခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွတ်လပ်ရေးနေ့ညစာ စားပွဲ တက်ရောက်ရန် ပျက်ကွက်နေခဲ့ဖူးသည်။ ဤဖြစ်ရပ်မှနေ၍လည်း ဗိုလ်ချုပ်သန်းရွှေ အပြင်းအထန် မနာမကျန်းဖြစ် နေပြီ၊ သေတော့မည်ဟူသော ခန့်မှန်းဖော်ပြချက်များ ထွက်ပေါ်လာခဲ့ဖူးသည်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဗိုလ်ချုပ်သန်းရွှေက အမှန်ပင် ထိုအချိန်က စင်္ကာပူနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွား ရောက်ခဲ့သည်။ သို့သော်လည်း ယခုတိုင် ကျန်းမာနေသေးပုံရသည်။ ယခုနှစ်အတွင်း မုန်တိုင်းကယ်ဆယ်ရေးကိစ္စများ အတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဆမတ်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သေးသည်။

မည်သို့ပင် ဆိုစေကာမူ ဗိုလ်ချုပ်သန်းရွှေ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုချက်များ ဆက်လက်ထွက်ပေါ်နေ ဆဲ ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေနှင့် ကင်ဂျုံအီး၊ အာဏာရှင် ၂ ဦးတို့က အချင်းချင်း မဆုံတွေ့ဖူးကြသော်လည်း သူတို့တွင် တူညီသည့် အချက် စရိုက်လက္ခဏာ အတော်များများရှိနေသည်။

သူတို့က အစိုးမရကြ။ ခန့်မှန်းတွက်ချက်ရန် ခက်သည်။ သူတို့က သူတို့နိုင်ငံကို အထီးကျန်ဖြစ်အောင် လုပ်ထားကြပြီး၊ သူတို့၏ ပြည်သူများကို ဆင်းရဲတွင်းနက်နေအောင် ထားကြသည်။ နိုင်ငံခြားသားများကို သံသယထား၍ မယုံကြည်နိုင်ကြ သလို နိုင်ငံတကာက အကြံပေးချက်များကိုလည်း လက်မခံ ပယ်ချလေ့ရှိတတ်ကြသည်။

သူတို့နှစ်ဦးစလုံးက နှစ်နိုင်ငံလုံး၏ စစ်တပ်များကို အင်အားကောင်းအောင် တည်ဆောက်ထားကြပြီး၊ ဖရိုဖရဲ မဖြစ်နေရလေ အောင်လည်း ချုပ်ကိုင်ထား နိုင်ကြသည်။ သူတို့ဦးဆောင်မှုအောက်တွင် ရှိနေသည့် ဤနှစ်နိုင်လုံးကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက စာရင်း သွင်းဖော်ပြခဲ့သည့် "အာဏာရှင်တို့၏ နောက်ဆုံးခံကတုတ်စခန်း" နိုင်ငံများ ဖြစ်နေကြသည်။

မြန်မာနိုင်ငံအတွင်းရှိ ထောက်လှမ်းရေးသတင်းရပ်ကွက်များ၏ အဆိုအရ ဗိုလ်ချုပ်သန်းရွှေက မြောက်ကိုရီးယားခေါင်း ဆောင် "ကင်" နှင့် ကျူးဘားနိုင်ငံခေါင်းဆောင် "ကက်စထရို" ကို ကြည်ညိုလေးစားလှပြီး၊ သူ၏ လက်အောက်ငယ်သား များကို တိုက်တွန်းအကြံပေးရာတွင် အနောက်နိုင်ငံများ၏ ဖိအားအောက်၌ ၎င်းနိုင်ငံများ မည်သို့ကြံ့ကြံ့ခံရပ်တည်နေသည် ကို လေ့လာအတုယူသင့်သည်ဟု ဆိုကြောင်း ကြားသိရသည်။

အနောက်နိုင်ငံများက သူ့ကို ၀ိုင်းကျဉ်ထားကြသည့် အခြေအနေ၌ ဗိုလ်ချုပ်သန်းရွှေအနေနှင့် မြောက်ကိုရီးယားကို မိတ်ဖွဲ့ အကြောင်းသင့်ရတော့သည်။ သူ့အစိုးရလက်ထက်တွင် မြန်မာနိုင်ငံက မြောက်ကိုရီးယားနှင့် သံတမာန်ဆက်ဆံရေး ပြန် လည်စတင်ခဲ့သည်။

၂၀၀၇ ခုနှစ်၊ ဧပြီလတွင် မြောက်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားရေးဒု-၀န်ကြီး မစ္စတာ ကင် ယွန် အီးလ် မြန်မာနိုင်ငံသို့ အလည် အပတ်လာ၍ နှစ်နိုင်ငံ သံတမာန်ပြန်လည်ဆက်သွယ်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

ရန်ကုန်တွင် မြောက်ကိုရီးယားနိုင်ငံမှ အကြမ်းဖက်သမားများက တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ် ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ၁၉၈၃ ခုနှစ်တွင် လာရောက်ဗုံးခွဲလုပ်ကြံခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံက မြောက်ကိုရီးယားနှင့် သံ အဆက်အသွယ် ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း နှစ်နိုင်ငံအကြား လျှို့ဝှက်၍ ပြန်လည်ဆက်သွယ်မှုများက နှစ်အတန်ကြာကပင် စတင်နေခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံက လက်နက် ဈေးကွက်ကို ရှာဖွေရင်း မြောက်ကိုရီးယားနှင့် ပြန်လည် အကြောင်းသင့်ခဲ့ရသည်။

မြောက်ကိုရီးယား အရာရှိများကို မကြာခဏဆိုသလို ရန်ကုန်နှင့် နေပြည်တော်တွင် တွေ့ရှိကြရသည်။ အတိုက်အခံသတင်း ရပ်ကွက်များ အဆိုအရ မြန်မာနိုင်ငံ မြို့တော်သစ်နေပြည်တော်၏ အောက်တွင် မြေအောက်လှိုဏ်ခေါင်းများတူးနိုင်ရန် အတွက် မြောက်ကိုရီးယား အကူအညီကို ရယူခဲ့သည်ဟုလည်း ဆိုကြသည်။

မကြာသေးမီနှစ်များက မြောက်ကိုရီးယားက ထူးထူးဆန်းဆန်းကိစ္စများတွင်လည်း ပါဝင်ပတ်သက်နေခဲ့သေးသည်။

လွန်ခဲ့သည့်နှစ်က မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်းက မြန်မာနိုင်ငံတွင် ကျောက်ချရပ်နားနေသည်ကို တွေ့ကြရ သည်။ နှစ်နိုင်ငံ သံတမာန်ဆက်ဆံရေး ပြန်လည်စတင်ပြီးနောက် ပထမဦးဆုံးသော မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ် ရပ်နားလာခြင်း ဖြစ်နိုင်သည်ဟုလည်း ယုံကြည်ရသည်။

၂၀၀၇ ခုနှစ်၊ ဧပြီလတွင် ကန်နမ်း-၁ (Kang Nam I) အမည်ရှိသင်္ဘောက ရန်ကုန်မြို့တောင်ဖက် မိုင် ၃၀ အကွာရှိ သီလ၀ါ ဆိပ်ကမ်းတွင် ကျောက်ချရပ်နားနေခဲ့သည်။ အာဏာပိုင်များကတော့ မုန်တိုင်းဒဏ်ခိုရန် ၀င်ရောက်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့ကြသည်။

မြောက်ကိုရီးယားသင်္ဘောက မြန်မာရေပိုင်နက်အတွင်းတွင် ဘေးအန္တရာယ်ခိုလှုံရပုံမှာ ဤအဖြစ်အပျက်တခုတည်းသာ မဟုတ်ပါ။

မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစီးက ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း အန္တရာယ်ကြားမှ ခိုလှုံနိုင်ရန် မြန်မာဆိပ် ကမ်းတွင် ကျောက်ချရပ်နားခဲ့ဖူးသေးသည်။ အစိုးရက သတင်းထုတ်ပြန်ရာတွင် သင်္ဘောပေါ်တွင် စစ်ဆေးချက်များအရ "သင်္ကာမကင်းဖြစ်ဖွယ် ပစ္စည်းများ၊ စစ်လက်နက်ပစ္စည်းများ မတွေ့ရှိရကြောင်း" ဆိုခဲ့သည်။ သို့သော်လည်း ရန်ကုန်ရှိသံရုံး အသိုင်းအ၀ိုင်းများနှင့် သတင်းထောက်များကမူ ဤသို့ဖြေရှင်းချက်ကို မယုံကြည်နိုင် ရှိခဲ့ကြသည်။

၂၀၀၆ ခုနှစ်၊ ဇူလိုင်လတွင် အတိုက်အခံသတင်းဌာနတခုက ဧရာဝတီမဂ္ဂဇင်းကို ပြောကြားရာ၌ မြောက်ကိုရီးယားနိုင်ငံမှ အဏုမြူနည်းပညာ ထိပ်တန်းကျွမ်းကျင်သူတဦး ဖြစ်သည့် ဗိုလ်မှူး ဟွန် ကီးလ် ဒေါင် (Hon Kil Dong) ကို သယ်ဆောင် လာသည့် သင်္ဘောတစင်း ဇီဝနည်းပညာဆိုင်ရာပစ္စည်းများ၊ အဏုမြူဆိုင်ရာ ပစ္စည်းများနှင့်အတူ ရန်ကုန်သို့ ရောက်ရှိလာခဲ့ သည်ဟု ဆိုသည်။

အနောက်နိုင်ငံမှ လေ့လာသုံးသပ်သူများနှင့် ထောက်လှမ်းရေးသတင်းရပ်ကွက်များကမူ ဤသတင်းကို ချက်ချင်း ပယ်ချခဲ့ ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံထံမှ တာဝေးပစ် အဆင့်မြင့်နည်းပညာသုံးရသည့် တာဝေး ပစ်ဒုံး လက်နက်များထက်စာလျှင် သမားရိုးကျ လက်နက်များနှင့် နည်းပညာများ ရရှိရန် ကြိုးပမ်းခဲ့ခြင်း ပို၍ ဖြစ်နိုင်ဖွယ်ရှိ ကြောင်း သုံးသပ်ခဲ့ကြသည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ခေါင်းမာဂိုဏ်သားများက ရုရှားနိုင်ငံမှ ၀ယ်ယူခဲ့သည့် အဏုမြူဓါတ်ပေါင်းဖိုကို ဆက်လက်ဆောင် ရွက်ရန် စိတ်ဝင်စားကြံစည်နေကြဆဲ ဖြစ်သည်။ ဤဓါတ်ပေါင်းဖိုသည် အရပ်သုံးအတွက်လော၊ စစ်သုံးအတွက်လောဆို သည်ကို မည်သူမျှ မသိကြပါ။ ၎င်းလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုလည်း လျှို့ဝှက်ဖုံးကွယ်ထားကြပါသည်။

မြန်မာနိုင်ငံမှ အရာရှိများက ပြောကြားကြရာတွင် ၁၀ မီဂါဝပ်ရှိ ရေသွက်သုံး ဓါတ်ပေါင်းဖိုတွင် သန့်စင်ထားသည့် ယူရေ နီယံ -၂၃၅ (uranium-235) ၂၀% ကို အသုံးပြုပြီး ဓါတ်ကြွမှု စစ်ဆေးအကဲဖြတ်နိုင်သည့် ဓါတ်ခွဲခန်း၊ ဆေးပညာသုံး အိုင်ဆိုတုပ် ထုတ်လုပ်ရေး ဓါတ်ခွဲခန်းတခု၊ ဆီလီကွန်ဖြင့် စေးပြစ်ထိန်းချုပ်ခြင်း စနစ်များ၊ အဏုမြူ စွန့်ပစ်ပစ္စည်း သို လှောင်သန့်စင်ရေးနှင့် မြေမြုပ်သိမ်းဆည်းမည့်ဌာနများ ပါဝင်မည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံက အဏုမြူစမ်းသပ်ဆောင်ရွက်နေသည့် ရည်ရွယ်ချက် အစစ်အမှန်ကို ခန့်မှန်းပြောဆိုရန် ခက်လှပါသည်။ သို့ သော်လည်း မြောက်ကိုရီးယားနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာနေသောကြောင့်လည်း ဤသံသယများက ပို၍ကြီးထွားလာ နေစေပါသည်။

ဗိုလ်ချုပ်သန်းရွှေနှင့် ကင်ဂျုံအီး က အကြံတူ ပုံစံတူ အာဏာရှင်များ ဖြစ်ကြသည်။ အကယ်၍ သူတို့နှစ်ဦးစလုံး နိုင်ငံရေး ဇာတ်ခုံပေါ်တွင် မမြင်ကြရတော့ပါက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အတွက် ပို၍ ကောင်းလိမ့်မည် ဖြစ်သည်။ သေချာသည်မှာ နှစ်နိုင်ငံလုံးရှိ ပြည်သူများသည် သူတို့ထက် ပို၍ ကောင်းမွန်သည့် ခေါင်းဆောင်များနှင့်သာ ထိုက်တန်ရရှိ သင့်သည် ဖြစ်ပါကြောင်း...။

ဧရာဝတီအွန်လိုင်းမဂ္ဂဇင်း၏ အယ်ဒီတာအာဘော် Taking the Pulse of Sick Dictators ကို ဆီလျော်အောင် ပြန်ဆိုဖော် ပြပါသည်။