ဥရောပသမဂ္ဂ နှင့် ဥရောပကော်မရှင် ဘာလဲ ဘယ်လဲ

Saturday, 31 July 2010 16:36 အယ်ဒီတာ့အာဘော်
Print
စစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပြုသဖြင့် ဥရောပ သမဂ္ဂကိုယ်စားလှယ်အဖွဲ့က ပြီးခဲ့သည့်လ၌ မြန်မာနိုင်ငံသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ထားသော ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

သို့ရာတွင် ယုံကြည်စိတ်ချရသော ဥရောပသမဂ္ဂ သတင်းရပ်ကွက်များအဆိုအရ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့သည်  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသည့်တိုင် နေပြည်တော်သို့ သွားရောက်၍ စစ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးလိုကြသည်ဟု သိရသည်။

တချိန်တည်းမှာပင် “စေ့စပ် ဆွေးနွေးရေး အုပ်စု” မှ ဥရောပသမဂ္ဂ တာဝန်ရှိသူ အတော်များများသည် စစ်အစိုးရနှင့် ယခုထက်ပို၍ နက်နက်ရှိုင်းရှိုင်း စေ့စပ်ဆွေးနွေးနိုင်ရေးအတွက် ဥရောပသမဂ္ဂအတွင်း မူဝါဒများချမှတ်နိုင်ရန် တွန်းအားပေးနေကြကြောင်းလည်း ကျန်ုပ်တို့ လေ့လာသိရှိရသည်။

ဥရောပ သမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ပီရို ဖက်စီနို သည်လည်း မြန်မာနိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိ နေသူ ဖြစ်သည်။ သို့သော် စစ်အစိုးရက ၎င်း၏ မေတ္တာရပ်ခံမှုကို ပယ်ချခဲ့သည်။

ဖက်စီနိုသည် မြန်မာပြည်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍လည်းကောင်း ဗဟုသုတ အနည်းငယ်သာရှိသည်ဟု အများက ယူဆသူဖြစ်သည်။ မည်သည့်အတွက်ကြောင့် ၎င်းအနေနှင့် မြန်မာပြည်သို့ အလည်အပတ် သွားရောက်လိုရပါသနည်း။

စစ်အစိုးရ၌ စေ့စပ်ဆွေးနွေးလိုသည့် နိုင်ငံရေးသဘောထားရှိသည့်အပြင် စေ့စပ်ဆွေးနွေးမှုမှ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလာဒ်ထွက်ပါက မြန်မာစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးမှုသည် လွန်စွာ ကောင်းမွန်သည့်အရာဖြစ်သည်။ သို့ရာတွင် ဥရောပ သမဂ္ဂ ၏ စေ့စပ်ဆွေးနွေးရေး မူဝါဒ မှ ယခုအချိန်အထိ တိုးတက်ကောင်းမွန်သော ရလဒ် တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးချေ။

မြန်မာ့အရေး ဆောင်ရွက်နေကြသော အဖွဲ့များက ဥရောပ သမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်သည် အာရှ နိုင်ငံများနှင့် မြန်မာ့အရေး ဆက်စပ်ဆောင်ရွက်ရာ၌ ၎င်းအားလုပ်ပိုင်ခွင့်ပေးထားသည့် ဥရောပသမဂ္ဂ၏ “ဘုံသဘောထား”ကို အားလျော့သွား စေရန် လူသိရှင်ကြားဖြစ်စေ နောက်ကွယ်ကဖြစ်စေ လှိုက်စားမှုများရှိခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဥရောပသမဂ္ဂ၏ ဘုံသဘောထားသည် မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ဆက်လက်ထိန်းသိမ်း သွားရန် သို့မဟုတ် တိုးမြှင့်သွားရန် ဖြစ်သည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံအင်အားစုနှင့် စစ် အစိုးရကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရန်အတွက် ထောက်ခံပံ့ပိုးသွားရန်ဖြစ်သည်။ လိုအပ်ပါက ဥရောပသမဂ္ဂ အနေနှင့် မြန်မာနိုင်ငံသို့ လက်နက်ခဲယမ်းကုန်သွယ်မှု ပိတ်ပင်ရေး အပါအ၀င် စစ်အစိုးရအပေါ် ၎င်း၏ဖိအားကို တိုးမြှင့်သွားနိုင်သည်။

သို့ရာတွင် မြန်မာ့နိုင်ငံရေး၌ တိုးတက်ကောင်းမွန်သော ရလဒ် ထွက်လာရေးအတွက် ဥရောပသမဂ္ဂက ယခုအချိန်ထိ စီးပွားရေးနှင့် နိုင်ငံရေးဖိအား အပြည့်အ၀ပေးခြင်း မရှိသေးချေ။

ဥရောပသမဂ္ဂအတွင်းတည်ရှိနေသည့် ရှုပ်ထွေးနက်နဲမှုကို ငြင်းဆန်၍မရ။ သို့သော် စိုးရိမ်စရာကောင်းသည်မှာ အဖွဲ့ဝင်နိုင်ငံတချို့ က ဥရောပသမဂ္ဂ၏ ဘုံသဘောထား အတိုင်း အတိအကျ မလိုက်နာခြင်း ဖြစ်သည်။ ဤသို့ ဖြစ်နေခြင်းသည် သမဂ္ဂအတွင်း တင်းမာမှုနှင့် ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။ ပိုဆိုးသည်မှာ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများအတွက် ရှင်းလင်း ပြတ်သားမှု မရှိခြင်းပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များသည် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ နှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်မှုကို မကြားသေးခင်ကပင် ထုတ်ဖော်ခဲ့သေးသည်ဟု ကျန်ုပ်တို့ သိရသည်။

ဥရောပသမဂ္ဂအတွင်းရှိ ဗြိတိန်၊ ဆွီဒင်၊ ချက်၊ အိုင်ယာလန်၊ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံများသည် သမဂ္ဂ၏ ဘုံသဘောထားကို ဆက်လက် ထိန်းထားလိုသည်ဟု ယူဆရသည်။ သို့သော် အထူးသဖြင့် ဂျာမနီနှင့် စပိန်အပါအ၀င် သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတချို့သည် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံတွင်းရှိ“တတိယအင်အားစု”ဟု ခေါ်သော စစ်အစိုးရနှင့် မရှင်းမရှင်း ဖြစ်နေသူများကို လူသိရှင်ကြား ထောက်ခံအားပေးမှု မပြုသည့်တိုင် စစ်အစိုးရနှင့် ယခုထက်ပို၍ စေ့စပ်ဆွေးနွေးမှုများပြုလုပ်ရန်  ဥရောပ သမဂ္ဂ အပေါ် တွန်းအားပေးနေကြသည်ဟု ယုံကြည်ရသည်။ 

ဥရောပ ကော်မရှင် အရာရှိများသည် ဥရောပ ပါလီမန် အဖွဲ့ဝင်များကဲ့သို့ မဟုတ်ဘဲ စစ်အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံ သည့်အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအတွက် ထောက်ပံ့ငွေများကို လျှော့ချ၍ “တတိယအင်အားစု” အပါအ၀င် စစ်အစိုးရ၏ မဟာမိတ်တချို့နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခဲ့ကြသူများ ဖြစ်သည်။

စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံပြီး အဓိက အတိုက်အခံ နိုင်ငံရေးပါတီများနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံရေး လှုပ်ရှားနေသူများနှင့် လူမှုအဖွဲ့အစည်းတို့၏ အခန်းဏ္ဍကို သေးသိမ်ရန် လှိုက်စားနေသော“တတိယ အင်အားစု”အပါအ၀င် မရှင်း မရှင်းဖြစ်နေသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းတခု ပေါ်ပေါက်လာရေးအတွက်“တတိယအင်အားစု”အား ဥရောပကော်မရှင် အရာရှိတချို့က နောက်ကွယ်မှ ထောက်ပံ့နေကြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ စစ်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူများသဖွယ် ဖြစ်နေကြသော လက်တွေ့နှင့် ကင်းကွာနေသည့် ဤ “တတိယ အင်းအားစု”၀င်များသည် မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်း ထူထောင် နိုင်လိမ့်မည်ဟု ဥရောပကော်မရှင် အရာရှိများက အမှန်တကယ် ယုံကြည်ကြပါသလား။

ပြည်တွင်းပြည်ပရှိ မြန်မာများက ဥရောပကော်မရှင် အရာရှိများအား ရှုပ်ထွေးနက်နဲသော မြန်မာ့နိုင်ငံရေးပြဿနာ၏ အစိတ်အပိုင်း တခုအဖြစ် မြင်နေကြသည်မှာ အံ့သြစရာမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် စစ်အစိုးရနှင့် ယင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကို ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို တိုးမြှင့် သို့မဟုတ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ်တင်ပြသည့် နိုင်ငံတွင်းဖြစ်ပွားနေသော လူ့ဂုဏ်သိက္ခာကိုထိခိုက်သည့် ရာဇ၀တ်မှုများအတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရမည့်အစား အငြင်းပွားဖွယ် “တတိယ အင်အားစု”နှင့် အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံနေကြသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ လွန်စွာ ဆိုးရွားလျက်ရှိကြောင်း၊ ကုလသမဂ္ဂ အနေနှင့် နိုင်ငံ တွင်းရှိ ဖြစ်နိုင်ခြေရှိသည့် စစ်ရာဇ၀တ်မှုများနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့် ရာဇ၀တ်မှု တို့ကို စုံးစမ်းစစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် စဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က မတ်လတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့တိုင် စစ်အစိုးရက မည်သည့် ရာဇ၀တ်မှုကိုမျှ မကျူးလွန်သကဲ့သို့ ဥရော ပကော်မရှင်က ဤကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဥရောပကော်မရှင်က ထိုင်း-မြန်မာနယ်စပ်ရှိ ထောက်ပံ့ကူညီရေး လုပ်ငန်းများအတွက် ပံ့ပိုးနေသော ငွေကြေး အကူအညီများကို လျှော့ချရန် ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။ ဤဆုံးဖြတ်ချက်သည် နယ်စပ်ရှိ အဖွဲ့အစည်းများနှင့် ဒုက္ခ သည်များအတွက် တုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဥရောပသမဂ္ဂသည် ထိုင်း-မြန်မာနယ်စပ် သို့  ထောက်ပံ့နေသော အဓိကအဖွဲ့အစည်းများအနက် တခု ဖြစ်သောကြောင့်ပင်။

ဤသို့ ငွေကြေးအကူအညီ လျှော့ချမှုကြောင့် မြန်မာဒုက္ခသည်များအတွက် ဆေးဝါးကုသမှုအစီအစဉ်များကို ထိခိုက်နိုင်သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသော အဖွဲ့အစည်းများက ပြောဆိုကြသည်။

မြန်မာ့အရေးဆောင်ရွက်နေသော လန်ဒန်အခြေစိုက် Burma Campaign UK -BCUK အဖွဲ့က“နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုကို ဥရောပကော်မရှင်က အမြဲတမ်း ငြင်းဆိုခဲ့တာပါ၊ ဒါပေမယ့် ဘာကြောင့်ဆိုတာကိုတော့ ဂဃနဏ မရှင်းပြပါဘူး။ တာဝန်ခံမှုနဲ့ လုပ်ငန်း ကြည့်ရှုစစ်ဆေးနိုင်မှု အခက်အခဲတွေကြောင့် ဆိုတာမျိုးပဲ မရေမရာ ပြောတာရှိပါတယ်။ ဒီလိုပြောတဲ့အပေါ် လက်ခံ နိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်း ကြည့်ရှုစစ်ဆေးမှုမှာ စည်းကမ်း ကြီးလှတဲ့ ဗြိတိန်နဲ့ တခြား ဥရောပသမဂ္ဂ  အဖွဲ့ဝင် နိုင်ငံတွေကတောင် နယ်စပ်ကို ဖြတ်ကျော်ပြီး ပေးနေတဲ့ အကူအညီတွေကို ကြည့်ရှုစစ်ဆေးတာနဲ့ပတ်သက်လို့ အားရ  ကျေ နပ်မှုရှိလို့ပါပဲ”ဟု ဆိုသည်။

“မြန်မာပြည်အရှေ့ခြမ်းမှာ နယ်စပ်ဖြတ်ကျော် အကူအညီတွေ လိုအပ်နေတဲ့ IDP(ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်) ၁ သိန်း လောက် ရှိပါတယ်။ ပြီးတော့ အဲ့ဒီဒေသတွေမှာနေကြတဲ့ လူ ၂ သန်းခွဲလောက်အတွက် ဒီနည်းက တခုတည်းသော အကူအညီ ရနိုင်တဲ့ နည်းလမ်း ဒါမှမဟုတ်လည်း သူတို့ဆီကို အကူအညီတွေ ပေးပို့နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်အကူအညီက အခြားပြည်နယ်တွေအတွက်လည်း လိုအပ်နေတာပါ”ဟုလည်း BCUK က ပြောသည်။

လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့၌ ဥရောပပါလီမန်က ဥရောပကော်မရှင်အား“ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် ထောက် ပံ့ငွေများကို မလျှော့ချရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီများ(အထူးသဖြင့် ဆေးဝါး အကူအညီ)အတွက် ငွေကြေး ထောက်ပံ့မှု ချက်ချင်း စတင် ဆောင်ရွက်ရန်”တောင်းဆိုခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြီးပါက ဒုက္ခသည်များကို နေရပ်ရင်းပြန်ပို့နိုင်မည်ဟု ထိုင်းအစိုးအနေနှင့် မျှော်လင့် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇွန်လတွင် ပြောကြားခဲ့ပြီးနောက်ပိုင်း၌ ဥရောပသမဂ္ဂတာဝန်ရှိသူ တဦးက“၂၀၁၀ ရွေးကောက်ပွဲက ကရင်လူမျိုး အများစုဖြစ်တဲ့ ဒုက္ခသည်တွေ မြန်မာပြည်အရှေ့ပိုင်းက သူတို့ရဲ့ နေရပ်ရင်းတွေဆီ ချက်ချင်းပြန်နိုင် မယ့် အခြေအနေတွေ ဖန်တီးနိုင်မယ်လို့ ဥရောသမဂ္ဂအနေနဲ့ မမျှော်လင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် နအဖနဲ့ KNU အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်မယ့် အနေအထား မရှိတဲ့အပြင် လက်နက်ကိုင် ပဋိပက္ခတွေ ဒီနေ့အထိ ရှိနေဆဲဖြစ်လို့ပါပဲ”ဟု ကျွန်ုပ်တို့ ကို ပြောပြခဲ့သည်။

ထိုသို့ဆိုလျှင် ဥရောပသမဂ္ဂနှင့် ဥရောပကော်မရှင်တို့၏ ရပ်တည်ချက်က အဘယ်သို့နည်း။

ဥရောပသမဂ္ဂအတွင်းရှိ ၀ရုန်းသုန်းကားဖြစ်နေမှုနှင့် စိတ်ဝမ်းကွဲနေမှုတို့က သမဂ္ဂအနေနှင့် မြန်မာနိုင်ငံဆိုင်ရာ သဘောထား ချမှတ် ရာတွင် ရောထွေးမှုဖြစ်စေသည့်အပြင် သမဂ္ဂ၏ ဂုဏ်သတင်းကိုပါ ထိခိုက်စေသည်ဟု ဥရောပသမဂ္ဂ စောင့်ကြည့် လေ့လာသူများ က ယူဆကြသည်။  

ဥရောပကော်မရှင်မှ တာဝန်ရှိသူနှင့် အရာရှိတချို့သည် ဥရောပသမဂ္ဂ၏ ဘုံသဘောထားနှင့်သာမက ဒီမိုကရေစီ အခြေခံ သဘော တရားများနှင့်ပါ ဆန့်ကျင်သည့် ပုဂ္ဂိုလ်ရေး ရပ်တည်ချက်များရှိနေသည်ဟုလည်း ကျွန်ုပ်တို့ လေ့လာသိရှိရသည်။

၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့ပါတီက ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ခဲ့သည့်အပေါ်တွင် အလွန်အမင်း အပြစ်မြင် သည်ဟု ဆိုကြသည်။ ထို့အပြင် ၎င်းတို့သည် လူမှုအဖွဲ့အစည်းများ၊ နယ်စပ်ရှိအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အင်အားစုများကို ပြဿနာ ရှာနေသူများဟု မြင်နေကြသူများလည်း ဖြစ်သည်။

အကယ်၍ အမှန်တကယ် ဤကဲ့သို့ ဖြစ်နေပါက ဥရောပသမဂ္ဂအတွင်း စည်းလုံးညီညွတ်မှု၊ သမဂ္ဂ ဂုဏ်သိက္ခာနှင့် သမဂ္ဂ၏ ဒီမိုကရေစီ အခြေခံ သဘောထားများအပေါ် မေးခွန်းထုတ်ရပေတော့မည်။ ထိုပုဂ္ဂိုလ်များသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် မွေးဖွားခဲ့ကြသူများဟု ကျွန်ုပ်တို့က လက်ခံထားကြသူများဖြစ်သည်။ ထို့ကြောင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေ ကြ သော လူမှုအဖွဲ့အစည်းများနှင့် တခြားအင်အားစုများကို ၎င်းတို့ မနှစ်သက်ကြောင်း ထုတ်ဖော်ပြောဆိုလိမ့်မည်ဟု ကျွန်ုပ်တို့ မည် သည့် အခါမျှ မထင်မှတ်ခဲ့။ သို့သော် ၎င်းတို့ကား ထိုသို့မဟုတ်။

မြန်မာပြည်တွင် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ထောင်သွင်း အကျဉ်းချထားသည်။ စစ်သားများက တိုင်းရင်း သား နယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်နေကြသည်။ ဒုက္ခသည်များနှင့် နေရပ်မှ ရွှေ့ပြောင်း ခံရသူများ နယ်စပ်တလျှောက် သောင်တင်နေကြသည်။ တတိုင်းတပြည်လုံး ကြောက်စိတ်ဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

သို့ပါသော်ငြား မြန်မာ့ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ သဘောထားက ရှေ့နောက်မညီ ရှုပ်ထွေးနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာပြည်ဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒများကို ဆွေးနွေးသည့်အခါတိုင်း ပြည်တွင်းပြည်ပရှိ မြန်မာများ လွန်စွာ  စိတ် မချမ်းမသာ ဖြစ်ကြရခြင်း ဖြစ်သည်။

ဥရောပအခြေစိုက် မြန်မာ့အရေး စည်းရုံးလှုပ်ရှားနေသော အဖွဲ့များက မကြားသေးမီက ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများထံ ပေးပို့သော စာ၌ “ဥရောပကော်မရှင် အရာရှိများက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ဘုံသဘောထားနှင့် ဥရောပပါလီမန်၏ ဆုံး ဖြတ်ချက်ပါ သဘောထားရပ်တည်ချက်များကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပြောဆိုနေကြသည့်အပေါ် မိမိတို့ လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။ ဒီမိုကရေစီနည်းကျ အပ်နှင်းထားသော လုပ်ပိုင်ခွင့်မရှိသည့် ကော်မရှင်တာဝန်ရှိသူများက ဒီမိုကရေစီ နည်းကျ တာဝန်ခံမှုရှိသော သမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပပါလီမန်တို့၏ တရားဝင်သဘောထားရပ်တည်ချက်ကို သေးသိမ်ရန် လုပ်ဆောင်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဟု မိမိတို့ ယုံကြည်သည်”ဟု ဖေါ်ပြပါရှိသည်။

ဥရောပသမဂ္ဂနှင့် ဥရောပကော်မရှင်များအနေနှင့် အထက်ဖေါ်ပြပါကိစ္စရပ်များနှင့်ပတ်သက်၍ ယခုအချိန်၌ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်သင့်သည်။ တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် သတင်းဌာနများအနေနှင့်လည်း ယခုကဲ့သို့ မြန်မာ နိုင်ငံ အတွက် သေရေးရှင်ရေး ဖြစ်နေသော အချိန်တွင် ဥရောပသမဂ္ဂနှင့် ဥရောပကော်မရှင်များ မြန်မာ့အရေး၌ ပို၍ တာဝန်ခံမှု  တာဝန်ယူမှု ရှိလာစေရန် အတွက် ယင်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသဘောထားများကို စေ့စေ့စပ်စပ် လေ့လာစုံစမ်း သင့်သည်။

The Trouble with the EU and EC ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။