အဖေတူသမီး ဖြစ်မလား

Thursday, 28 July 2011 19:35 အယ်ဒီတာ့အာဘော်
Print
၁၉၄၀ ၀န်းကျင်က မြန်မာပြည် လွတ်လပ်ရေး အတွက် လှုပ်ရှားဆောင်ရွက်စဉ် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းသည် လက်နက်ကိုင်လမ်းစဉ် အပါအ၀င် နည်းနာမျိုးစုံကို အသုံးပြုသူဖြစ်သည်။

မြန်မာပြည်အခြေအနေများကို ကမ္ဘာကသိစေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း သူ ယူဆသော်လည်း  မြန်မာပြည်အတွင်း အာရုံစိုက် လုပ်ကိုင်ရမည့် အဓိက လုပ်ငန်းများ ရှိကြောင်းကို သူနားလည်သည်။

သခင်အောင်ဆန်းက လွတ်လပ်ရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်ရေးကို ဗျူဟာချ ဆောင်ရွက်သည်။ သူက ဗြိတိသျှနယ်ချဲ့တို့၏ ကုန်ပစ္စည်းများသုံးစွဲခြင်း မပြုဘဲ သပိတ်မှောက်ရန်၊ အခွန်ပေးဆောင်ခြင်း မပြုရန် တိုက်တွန်းလှုံ့ဆော်သည်။ ထိုအချိန်တွင် စစ်တပ်စခန်းများ၊ ရဲစခန်းများကို လက်နက်ကိုင် တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်နေသည်။

ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမည့် သခင်အောင်ဆန်းက ဗြိတိသျှအင်ပါယာအောက်မှ လွတ်မြောက်ရေး ဆောင်ရွက်ရာတွင် အသုံးတည့်မည့် နည်းပေါင်းစုံကို ရွေးချယ်ခြင်း ဖြစ်သည်။

သို့သော်လည်း နောက်ဆုံးတွင် စေ့စပ်ညှိနှိုင်းကြသည့် နည်းလမ်းဖြင့်သာ မြန်မာပြည်လွတ်လပ်ရေး ပေါ်ပေါက်နိုင်မည် ဆိုသည်ကို သူ နားလည်သည်။

ကိုလိုနီခေတ် မြေအောက်လှုပ်ရှားမှုကို ခေါင်းဆောင်နေသည့် ကိုအောင်ဆန်းသည်  ဂျပန်၏ အကူအညီဖြင့် လက်နက်ကိုင်တိုက်ခိုက်ရေးလမ်းစဉ်ကိုလည်း ကျင့်သုံးဖူးသည်။ သူကိုယ်တိုင် ဂျပန်သို့ ရောက်သွားပြီး စစ်ရေးအကူအညီ တောင်းသည်။

ရဲဘော်သုံးကျိပ်ဖြစ်လာမည့် နိုင်ငံရေးလောကမှ လူငယ်များ ဂျပန်ထံမှ စစ်ပညာသင်ကြသည်။ ဂျပန်စစ်တပ်၏ အကူအညီ မရလျှင် သူဦးဆောင်သည့် ရဲဘော်သုံးကျိပ်၊ သူဦးဆောင်သည့် ဗမာ့တပ်မတော်က ရန်ကုန်သို့ အောင်လံထူ ချီတက်နိုင်မည် မဟုတ်ပေ။

နာမည်ကျော် ဖက်ဆစ်ဂျပန်တို့ မကောင်းမှန်း ကိုအောင်ဆန်း သဘောပေါက်သော်လည်း မြန်မာပြည်လွတ်လပ်မှုအတွက် စစ်ရေးအကူအညီ လက်ခံရခြင်း ဖြစ်သည်။ ဗြိတိသျှတို့ကို လက်နက်ကိုင် တော်လှန်ပြီး ၅ နှစ်အကြာတွင် ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားခေါင်းဆောင်ကြီး ဖြစ်လာသည်။  ဗြိတိသျှလက်အောက်မှ  မြန်မာပြည် လွတ်လပ်ရေးအတွက် လန်ဒန်မြို့သို့ သွားရောက် ဆွေးနွေးသည့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူမှာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

ယနေ့အချိန်တွင် သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုကို ဦးဆောင်နေသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့် "ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး" ကို ဦးဆောင်နေခြင်း ဖြစ်သည်။ တဘက်တွင် စစ်အာဏာပိုင်တို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ကလိမ်ကျပြီး ၎င်းတို့စိတ်ကြိုက် အရပ်သားအစိုးရကို ဖော်ဆောင်ထားသည်။

ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲကြီးကို ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည်။ သို့သော်လည်း တိုင်းတပါးမှ နယ်ချဲ့လာသူများကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ ကိုယ့်တိုင်းပြည်အတွင်းမှ
အာဏာရှင်တို့ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

ရင်ဆိုင်ရပုံခြင်းတော့ မတူပါ။  လက်ရှိ မြန်မာအာဏာပိုင်တို့က အတိုက်အခံနိုင်ငံရေးသမားတို့ကိုသာမက ပြည်သူလူထုကို အလွန်အကျွံ နှိပ်ကွပ်ထားသည်။ ဆယ်စုနှစ်အတန်ကြာ စနစ်တကျ နှိပ်ကွပ်ထားခြင်း ဖြစ်သည်။

ဖခင်ရင်ဆိုင်ရသည့် ဗြိတိသျှ အစိုးရက ဤသို့သော ဖိနှိပ်မှုများမလုပ်ခဲ့ဟု ဆိုနိုင်သည်။ သို့သော် လွတ်မြောက်ရေးလှုပ်ရှားမှုမှန်သမျှတွင် အလုပ်ဖြစ်မည့် ဗျူဟာတော့ ရှိရမည်။

ဖခင်က အခက်အခဲများကို ကျော်လွှားနိုင်ခဲ့သလို သမီး ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မည်လား ဆိုသည်က စဉ်းစားစရာ ဖြစ်နေသည်။ ဖခင်က တော်လှန်ရေးအတွက် နည်းနာပေါင်းစုံကို ရွေးချယ်သူဖြစ်သည်။ ယနေ့ ပြောင်းလဲခြင်း မရှိသည့် နည်းနာများကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုက  အလုပ်ဖြစ်ပါ့မလားဟု မေးစရာ ဖြစ်နေသည်။

ယခု ဒေါ်အောင်ဆန်းစုကြည် အသက် ၆၆ နှစ် ရှိလာပြီ။ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က မြန်မာပြည်နိုင်ငံရေးလောကသို့ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာစဉ်ကကဲ့သို့ပင် မြန်မာပြည်သူအများအပြား၏ ယုံကြည် မျှော်လင့်ချက်ကို ရထားဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ ရပ်တည်ချက်တချို့ကို မေးခွန်းထုတ်သူများ ရှိလာသည်။

ဥပမာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးစရာ ရှိနေသည်။ ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဖြစ်သောကြောင့် သူ ခေါင်းဆောင်ပြီး သပိတ်မှောက်ထားသော်လည်း လာမည့် ၅ နှစ်တွင် ထပ်မံ ရောက်လာမည့် ရွေးကောက်ပွဲအတွက် သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါဝင် ယှဉ်ပြိုင်ရန် အစီအစဉ် ရှိမရှိ ဟူသော မေးခွန်း ဖြစ်သည်။

ဤအချက်က ယခု အရေးတကြီး မေးစရာ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော်လည်း ရှေ့လျှောက်ရမည့် ခရီးအတွက် ဒေါ်အောင်ဆန်းစုကြည်က မည်သို့ ဗျူဟာချထားသနည်း ဆိုသည်ကို သူ့ကို ထောက်ခံဝန်းရံသူ အများအပြားက မေးခွန်းထုတ်စ ပြုလာသည်။

မြောက်များလှသော နိုင်ငံတကာ ညီလာခံများသို့ ဗီဒီယို မိန့်ခွန်းများ ရိုက်ကူး ပေးပို့ ပြောကြားရန် အတွက် ဒေါ်အောင်ဆန်းစုကြည်က အချိန်များစွာပေးပြီး အာရုံစိုက် လုပ်ဆောင်နေရသည်။
တခြားနယ်ပယ်များအတွက် အချိန်ပေးလုပ်ဆောင်ပါက ပိုပြီး ထိရောက်မှု ရှိနိုင်သည်ဟု ယူဆသူများလည်း သူ၏ ပါတီအတွင်း ပေါ်ပေါက်နေသည်။

ဒေါ်အောင်ဆန်းစုကြည် ပါဝင်၊ ဦးဆောင်နေသည့် ဒီမိုကရေစီတိုက်ပွဲက သက်တမ်း ဆယ်စုနှစ် ၂ခု ကျော်လာပြီ၊ သူ၏ အကြမ်းမဖက်လှုပ်ရှားမှုကို ဆက်လက် ကိုင်စွဲပါက ပန်းတိုင်ရောက်မည်မဟုတ်ဟု မျိုးဆက်သစ်တချို့က ယူဆလာသည်။
စစ်အုပ်စု ကြီးစိုးနေသည့် မြန်မာပြည်တွင် သွေးထွက်သံယိုဖြစ်မှုကိုတော့ ရှောင်နိုင်မည်မဟုတ်ဟု သူတို့က ယူဆနေကြသည်။

၁၉၈၈ လူထုအုံကြွမှုအတွင်း ရန်ကုန်မှ နိုင်ငံရေးသမား တချို့က စစ်ပြိုင်အစိုးရ ထူထောင်ကြသည်။ စစ်ဗိုလ်ချုပ်များ အာဏာဆက်လက် ချုပ်ကိုင်မှုကို အဆုံးသတ်ပြီး ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

ဖြတ်လမ်းမလိုက်လိုသော ဒေါ်အောင်ဆန်းစုကြည်က ထိုလုပ်ရပ်ကို သဘောမတူခဲ့ပေ။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်မှု ရရှိပါက မြန်မာပြည်၏သမိုင်းကြောင်း ပြောင်းလဲသွားမည်ဟု ယူဆသူများလည်း ရှိသည်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို "နိုင်ငံရေးလုပ်တာ သူတော်စင်လို ကျင့်ကြံနေလို့ မရဘူး၊ အချိန်သိပ်ကြာလာရင် တော်လှန်ရေးတရပ်ဟာ အောင်အောင်မြင်မြင် အဆုံးသတ်ဖို့ ခက်တယ်" ဟု ဝေဖန်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှု အပြည့်အ၀ ရှိနေဆဲဖြစ်သည် ဆိုသည့်အချက်က ငြင်းခုန်စရာ မလိုအပ်ပေ။ သို့သော်လည်း မြန်မာပြည်၏ "ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး" က မပြီးမဆုံးနိုင် ဖြစ်နေသည်။ ဒီတသက် အောင်မြင်ပါ့မလားဟု သံသယ၀င်သူများကိုပင် တွေ့နေရလေသည်။