မြန်မာ့အရေး အာဆီယံ စိတ်မအေးသင့်

Thursday, 04 August 2011 14:03 အယ်ဒီတာ့အာဘော်
Print
မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဟုတ္တိပတ္တိ မလုပ်သေးကြောင်း ဝေဖန်ပြောဆိုမှုများ အများအပြား ရှိနေသော်လည်း အစိုးရသစ်သည် ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လက်ခံပွဲ ကျင်းပရန် ရည်ရွယ်နေသည်။

အာဆီယံအနေဖြင့် ယင်းကိစ္စကို အတော် ကိုင်တွယ်ရပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာသည် အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့သည့် ၁၄ နှစ်တာအတွင်း ဦးတည်ရာလမ်းကြောင်းပြောင်းရန် အခွင့်အလမ်းများ ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်ရမည့် အခွင့်အရေးကို မြန်မာအစိုးရက လက်ရှောင်ခဲ့ရပြီး အကြောင်းရင်းမှာ ဒီပဲယင်းနှင့် လူ့အခွင့်အရေး ကိစ္စများ၌ တိုးတက်မှု မရှိခြင်းကြောင်းဖြစ်သည်။

“မြန်မာပြည်ဟာ ပြည်တွင်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ရမယ်။ ဒါကြောင့် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို နောက်တလှည့်ကျမှပဲ ယူမယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံထားတယ်” ဟု မြန်မာက အာဆီယံ ဥက္ကဋ္ဌ လုပ်ရေး မလုပ်ရေး အဆုံးအဖြတ်ပေးရမည့် ၂၀၀၅ ခုနှစ်တွင် လာအို နိုင်ငံခြားရေးဝန်ကြီး Somsavat Lengsavat က ပြောခဲ့သည်။

ထိုနောက်ပိုင်းတွင် မြန်မာပြည်၌ ကြီးမားသော အလှည့်အပြောင်းများ ဖြစ်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲ၊ ယမန်နှစ်အတွင်းတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများခံခဲ့ရသည့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အဖြစ်အပျက်များကို ပြန်ကြည့်ရင် အမျိုးသားရင်ကြားစေ့ရေးဆိုသည့် ကိစ္စကို တခုမျှ မမြင်ခဲ့ရချေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးကစားကွက် တကွက်ရွှေ့လိုက်သောကြောင့် ဝေဖန်မှုများ အသံအနည်းငယ် ပျော့သွားကြသည်။ ယခင် စစ်အစိုးရ လက်ထက်ကတည်းက ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစေခြင်း ဖြစ်သည်။

သို့သော် ထိုကဲ့သို့ စတိသဘော လုပ်ဆောင်ပြမှုလောက်နှင့် အာဆီယံ ဥက္ကဋ္ဌနေရာကို မြန်မာယူရယူရန် သဘောတူရေး ဆုံးဖြတ်ရာတွင် အာဆီယံအဖို့ မလွယ်လှသေးပေ။ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်မပေးသေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားဖက် ဖြစ်နေသည့် အမေရိကန်နှင့် ဥရောပတို့က မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဆက်လုပ်ထားခြင်းများ ရှိနေသေးသည်။

ဇူလိုင်လကုန်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ဟန်ပြသဖွယ် ကစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်အတိုင်း သွားနေသည်ဟု ယုံကြည်ပေးရန် ခဲယဉ်ကြောင်း မြန်မာ့အရေး မျှော်လင့်ချက်နည်းပုံကို ပြောသွားခဲ့သည်။

“အကျဉ်းထောင်များထဲမှာ အတိဒုက္ခရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မြန်မာအစိုးရအနေနဲ့ ချွင်းချက်မရှိ လွှတ်ပေးစေချင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောခဲ့သည်။ ထို့အပြင် နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားများနှင့်လည်း အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သော ပြောဆိုဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းသွားသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုသည်။

၎င်းက စစ်လက်နက် မပြန့်ပွားရေးနှင့် ပတ်သက်၍ စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် မြန်မာ အရပ်သားအစိုးရကိုလည်း ရည်ညွှန်းပြောဆိုသွားသေးသည်။ မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုနှင့် ပတ်သက်ပြီး အမေရိကန်က အကြိမ်ကြိမ် ထုတ်ဖော်ပြောခဲ့ဖူးသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါကမူ မြန်မာနိုင်ငံအနေနှင့် ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေးစားမှုနှင့် ယုံကြည်မှုကို ရယူသွားရန် သွယ်ဝိုက် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့နှင့် ပတ်သက်၍ ၎င်း၏အမြင်ကို “မြန်မာနိုင်ငံက ဒီမိုကရေစီ ပြောင်းလဲရေးကို သိသိသာသာ သွားနေပါတယ်။ တဖြည်းဖြည်း ဖြစ်လာဖို့ မှန်းပါတယ်။ တိုးတက်လာပြီလို့တော့ မပြောလိုသေးပါဘူး” ဟု ပြောသွားသည်။

မြင်သာသည့်အချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအပေါ် အပြုသဘောမြင်နေကြခြင်းဖြင့် ဒေသတွင်းမှ သမ္ဘာရင့် နိုင်ငံရေးခေါင်းဆောင်များ လုံးဝ နှုတ်ပိတ်နေမှုကဲ့သို့သော ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်လာစေသည်။

မြန်မာနိုင်ငံသည် အာဆီယံ ဦးဆောင်နိုင်ငံဖြစ်ရေး သင့်လျော်ခြင်း ရှိမရှိနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိသည်မှာ မစ္စတာ နာတာလီဂါဝါ ကိုယ်တိုင် မရေမရာ ရမ်းဆ ခန့်မှန်းနေမှုကြောင့်ပင် ဖြစ်သည်။ “၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူဖို့ မြန်မာအနေနဲ့ တကယ့်ကို ပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်မဖြစ် ကျနော်တို့ စောင့်ကြည့်ရပါမယ်၊ သက်သောင့်သက်သာ အနေအထား ရှိသင့်ပါတယ်။ ကျနော်ရော အားလုံးရော သတိပြုရမှာက အာဆီယံ ဥက္ကဋ္ဌရာထူးယူမယ့် နိုင်ငံဟာ တာဝန်ယူမှုများနဲ့ မျှော်လင့်ချက်ကောင်းများ တခါတည်း ပါရှိနေရမယ်ဆိုတာပါပဲ” ဟု မပြတ်မသား ပြောဆိုထားခဲ့သည်။

“သက်သောင့်သက်သာ အနေအထား” ရှိသင့် မရှိသင့် စမ်းသပ်ကြည့်ရန် မစ္စတာ နာတာလီဂါဝါသည် အာဆီယံကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဥက္ကဋ္ဌရာထူး လွှဲအပ်မည့်ကိစ္စ ဆုံးဖြတ်မှု မတိုင်ခင် မြန်မာနိုင်ငံကို လာရောက်လိမ့်မည်ဖြစ်သည်။ ဆုံးဖြတ်ချက် မချရသေးသော်လည်း အာဆီယံအနေဖြင့် ၎င်း၏ ဦးဆောင်ဖြစ်လာမည့် နိုင်ငံအတွက် မေးခွန်းထုတ်စရာများ ရှိနေနိုင်သည်။ ဆိုလိုသည်မှာ မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားသည်များကို တုံ့ပြန်ဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း မြန်မာအစိုးရအနေနှင့် သက်သေပြရလိမ့်မည် ဆိုသည့်အချက်ဖြစ်သည်။

ဤအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် လုပ်စရာရှိများကို လုပ်တန်သလောက် လုပ်ပြီးပြီဟု ယူဆကောင်း ယူဆနေပါလိမ့်မည်။ တချိန်တည်းတွင်ပင် မြန်မာအစိုးရအနေနှင့် ဤကဲ့သို့ သိက္ခာ အဖတ်ဆယ်စရာ အခြေအနေမျိုး ထပ်ရှိရန် မလွယ်ကူသောကြောင့် ယခုတကြိမ် အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်လွှတ်ပေးရန်မှာလည်း ခက်ခဲနေမည်ဖြစ်သည်။

တနည်းအားဖြင့် အခြေအနေအရပ်ရပ်အရ မြန်မာနိုင်ငံရော အာဆီယံနိုင်ငံများအတွက်ပါ စိတ်မအေးစရာအကြောင်းများ ဖန်လာဖို့များနေသည်။ သို့သော် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ယခုအတိုင်း ဇွတ်တိုးလုပ်ကြလျှင်မူ ထို စိတ်မအေးစရာများအတွက် ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခါးစည်းခံကြရဖို့သာ ရှိပေသည်။