ကျားမြီးဆွဲရသလို

"ကျားမြီး ဆွဲထားရသလို အခြေအနေ ဖြစ်နေတယ်။ ဘယ်လိုမှ အခြားရွေးစရာလမ်း မရှိဘူး၊ ဆက်ပြီး မြဲမြဲ ဆုပ်ကိုင်ထားဖို့ပဲ ရှိတယ်" ဟု တချိန်က ဦးနေ၀င်း ပြောခဲ့ဖူးသည်ကို ဗိုလ်ချုပ်သန်းရွှေ မေ့သွားပြီဟု မထင်။

ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး အဖွဲ့ (ICG) က လာမည့်နှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သုံးသပ်ချက် အစီရင်ခံစာ တစောင်ကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။ ဤအစီရင်ခံစာက လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတဖွယ် အခြေအနေ မမြင်ရသော်လည်း၊ လက်ရှိ စစ်အစိုးရ ခေါင်းဆောင်များ အာဏာမှ ဆင်းသွားစေလိမ့်မည်၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် အခြေအနေများ ပွင့်လင်းလာဖွယ် ရှိသည်ဟု သုံးသပ်ထားသည်။ ဤအခြေအနေများကြောင့် “သက်ဆိုင်ရာ အင်အားစု အသီးသီးသည် ပြုပြင် ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ပေါ်ပေါက်လာမည့် အစိုးရသစ်အား တွန်းအားပေးနိုင်မည့် အခွင့်အလမ်းများကို မျက်စေ့ဖွင့် နားစွင့်ထားရန် လိုသည်” ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာစစ်ဗိုလ်ချုပ်များက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် သန္နိဋ္ဌာန် ချထားကြသည်။ သူတို့အစီ အစဉ် အတိုင်း ဖြစ်လာစေရန် သူတို့၏ အကြွင်းမဲ့ အာဏာကို သုံးပြီး လုပ်စရာရှိသည်များ အားလုံးကို လုပ်ဆောင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်း ၁၈ လ ထပ်တိုး၍ ချလိုက်သည်။ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကိုလည်း ဆက်လက်၍ အကျဉ်းချထားသည်။ ထိုမျှမက ဂနာမငြိမ် ဖြစ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်များကိုလည်း ထိန်းချုပ်ပြီး သြဇာခံစေရန် ကြိုးပမ်းနေရာ၊ ဤလုပ်ရပ်များကြောင့် ဒုက္ခသည် ထောင်နှင့်ချီ၍ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးနေရသည်။ ဤလုပ်ဆောင်နေချက်များ အားလုံးက လာမည့်နှစ် ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှု ရရန် ရည်ရွယ်ထားချက်နှင့် လုံးဝ ဖီလာ ဆန့်ကျင် ဖြစ်နေသည်။

စစ်ဗိုလ်ချုပ်များအတွက် နောက်ထပ် ပြဿနာ တခုမှာ အမှားအယွင်း တင်းကြမ်း ပြည့်နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပင် ဖြစ်သည်။ ပြောရလျှင် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေက အင်ဒိုနီးရှားနိုင်ငံ၏ မူဟောင်း စစ်တပ်က ကာကွယ်ရေး တာဝန်များသာမက၊ နိုင်ငံရေး ကဏ္ဍတွင်ပါ အဓိက အခန်းကဏ္ဍက နေရာယူထားသော "ဒွိစုံ တာဝန်" (dwifungsi)  ပုံစံကို အနည်းနှင့် အများ ဆိုသလို အတုယူ ရေးဆွဲထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့်နှစ်က အတုအယောင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုခဲ့သော ဤ အခြေခံ ဥပဒေသည် စစ်တပ်အာဏာ ဆက်လက် ချုပ်ကိုင်ထားရေး အတွက် ပုံဖျက် ဆောင်ရွက်ချက် ဖြစ်သည်ဟု လူအများက မြင်နေကြသည်။ စစ်အစိုးရ ထိပ်သီး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြီးခဲ့သည့်နှစ် တပ်မတော်နေ့ ချီတက်ပွဲ မိန့်ခွန်း၌ သူ့အနေနှင့် “အာဏာကို တပ်မက်မောခြင်း မရှိဘဲ နိုင်ငံကို အမှန်တကယ် တိုးတက်စေလိုပါသည်” ဟု ဆိုခဲ့သော်လည်း ရွေးကောက်ပွဲပြီး နောက်ပိုင်း ကာလတွင်ပင် သူက ဆက်လက် ချယ်လှယ်နေဦးမည်ကို လူအများက သံသယ မရှိကြပေ။

သို့သော်လည်း လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အိုမင်းလှပြီဖြစ်သည့် သူ၏ အသက်အရွယ်တို့ကြောင့် ဗိုလ်ချုပ်သန်းရွှေက လက်ရှိနေရာတွင် ရာသက်ပန် ဆက်လက်နေနိုင်မည် မဟုတ်ပါ။ သို့အတွက်ကြောင့်ပင် ICG အဖွဲ့၏ အစီရင်ခံစာက ဗိုလ်ချုပ်သန်းရွှေနှင့် ဒု ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ မကြာမီ အာဏာမှ ဆင်း၍ အမည်ခံ ရာထူး ဂုဏ်ပုဒ်များသာ ယူသွားဖွယ်ရှိပြီး၊ နောက်ထပ် မျိုးဆက်သစ် စစ်ခေါင်းဆောင်များ နေရာ ရလာဖွယ် ရှိသည်ဟု သုံးသပ်ကြခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့ ဆောင်ရွက်မည် ဆိုလျှင်သော်မှ အန္တရာယ် များလှသေးသည်။ အကယ်၍သာ ဒီမိုကရေစီစနစ်သို့ အပြည့်အ၀ ပြောင်းလဲခဲ့ပါက စစ်ရာဇ၀တ်မှု ခုံရုံး တက်ရမည်၊ သို့မဟုတ်လျှင်လည်း လူစုလူဝေးဖြင့် သတ်ဖြတ်ခံရမည်ဟု ဗိုလ်ချုပ်သန်းရွှေက စိုးရိမ်နေဖွယ်ရှိသည်။ အာဏာ အနည်းငယ် ဖြေလျှော့ပေးလျှင်ပင် အကျိုးနည်းရဖွယ်ရှိကြောင်း သူသိနေပါသည်။

ဗိုလ်ချုပ်သန်းရွှေ စိုးရိမ် ကြောက်ရွံ့နေသည့် တန်ပြန် လက်စားချေမှုများမှာ စစ်တပ်အတွင်းက ဖြစ်လာမည့် ကိစ္စ ဖြစ်သည်။ မြန်မာနိုင်ငံကို ဆယ်စုနှစ် ၃ ခု ကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်ကြီး ဦးနေ၀င်း၏ နောက်ဆုံးနေ့များကလည်း သူ့ကို ခြောက်လှန့်နေသည်။ ဦးနေ၀င်းက ရက်စက် ကြမ်းကြုတ်သော ဖိနှိပ်မှုများ၊ ရုပ်ကြမ်းဆန်ဆန် ဆိုရှယ်လစ် အယူအဆ၊ အယူသည်း စွဲလမ်းမှုများ မွှေနှောက် ကျင့်သုံး၍ တိုင်းပြည်ကို မွဲပြာကျအောင် အုပ်ချုပ် ချယ်လှယ်ပြီးသည့် နောက်ပိုင်းတွင်ပင် အာဏာလက်ကိုင် မရှိတော့သည့်တိုင်၊ နောက်ထပ် ဆယ်စုနှစ် တခု ကြာမျှ နိုင်ငံတော် ခေါင်းဆောင် တဦး သဖွယ် ဆက်လက် သြဇာ လွှမ်းမိုးထားနိုင်သေးသည်။ သို့သော်လည်း ၂၀၀၂ ခုနှစ်တွင် သူ၏ သားမက်နှင့် မြေး ၃ ဦးက နိုင်ငံတော် အာဏာ သိမ်းပိုက်ရန် သဘောထားကွဲသူ စစ်တပ် အရာရှိများ၊ ဗေဒင်အခါပေးသူများနှင့် ပူးပေါင်း ကြံစည်ခဲ့မှုများကို ဖော်ထုတ် တွေ့ရှိပြီးနောက် ဦးနေ၀င်းလည်း အကျယ်ချုပ်ချထားခံလိုက်ရသည်။ သူ၏ ယခင်က သြဇာ အရှိန်အ၀ါများလည်း နိဋ္ဌိတံခဲ့ရတော့သည်။   

“သူက စစ်တပ်ရဲ့ သဘောကို နောကျေနေတယ်” ဟု မြန်မာ့ နိုင်ငံရေး အကဲခတ် တဦးက သုံးသပ်ပြသည်။ “သူသာ ယူနီဖောင်း ၀တ်မထားတော့ဘူး ဆိုရင် စစ်တပ်ကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး၊ သေချာတယ်” ဟု ဆိုသည်။

သို့အတွက်ကြောင့် ဖြစ်မည်၊ ICG အဖွဲ့က အစီရင်ခံစာတွင် နိဂုံးချုပ်ထားခဲ့ရာတွင် စစ်အစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ရန်ထက် စစ်တပ် အာဏာ ပိုမို ခိုင်မာစေရေး အတွက် ယခု ရွေးကောက်ပွဲကို ဆောင်ရွက်သည်ထားဦး၊ ဤသို့သော လုပ်ငန်းစဉ်များမှ မျှော်လင့်မထားသည့် အပြောင်းအလဲများ ပေါ်ပေါက်လာတတ်သည်ဟုလည်း ဆိုထားပါသည်။ သူ၏ မူဝါဒများ က လမ်းလွဲနေပြီ၊ ဆေးမတိုးတော့ဟု ဗိုလ်ချုပ်သန်းရွှေက သိရှိကောင်း သိရှိနေနိုင်ပါသည်။ သို့သော် “ကျားမြီး ဆွဲထားရသလို အခြေအနေ ဖြစ်နေတယ်။ ဘယ်လိုမှ တခြား ရွေးစရာလမ်း မရှိဘူး၊ ဆက်ပြီး မြဲမြဲ ဆုပ်ကိုင်ထားဖို့ပဲ ရှိတယ်” ဟု တချိန်က ဦးနေ၀င်း ပြောခဲ့ဖူးသည်ကို ဗိုလ်ချုပ်သန်းရွှေ မေ့သွားပြီဟု မထင်။ ကျားမြီး လွှတ်လိုက်ပြီး နောက်ပိုင်း ဦးနေ၀င်း၏ နောက်ဆုံးနေ့များက ဗိုလ်ချုပ်သန်းရွှေကို သက်သေပြထားခဲ့သည် မဟုတ်လော။

ရဲနည် ရေးသားသည့် Releasing the Tiger’s Tail ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်