NLD မမှားသင့်တာ မှားခဲ့လေသလား

Saturday, 10 April 2010 16:56 သူ့အတွေး သူ့အမြင်
Print
သံတမန်တွေ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေနဲ့ ပြည်တွင်းပြည်ပက မြန်မာ့အရေးလှုပ်ရှားခဲ့ဖူးသူ တချို့တွေကြားမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ချက်ကို နိုင်ငံရေးအရ မမှားသင့်တဲ့ အမှားတခုလားလို့ မေးခွန်းထုတ်ကြပါတယ်။ NLD က အခွင့်အလမ်းတခု လက်လွှတ်လိုက်ရပြီ၊ ပါတီရဲ့ ဆုံးဖြတ်ချက် လောကြီးလို့ စစ်အစိုးရ အသာ စီး ရသွားတယ်လို့လည်း ဝေဖန်ပြောဆိုတာ ကြားရပါတယ်။

NLD ခေါင်းဆောင်ပိုင်း တချို့ကတော့ သူတို့ဆုံးဖြတ်ချက်ဘက်က ခုခံပြောဆိုကြတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် NLD အနေနဲ့ မှတ်ပုံပြန်မတင်ရတဲ့ အခြေခံအကြောင်းရင်းရှိတယ်လို့လည်း သူတို့က ကျနော့်ကို ပြောပြပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေ က NLD ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ရခြင်းရဲ့ အဓိကအရင်းခံ ဖြစ်တယ်လို့ သူတို့က ဆိုတယ်။ (Suu Kyi Unhappy with Election Law ကို ဖတ်ပါ။)

NLD ခေါင်းဆောင်တွေဟာ မတ်လတုန်းက စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေကို တရားရုံးချုပ်မှာ တရားစွဲဖို့ လုပ်ခဲ့ကြပါ သေးတယ်။ ဒါပေမယ့် တရားရုံးချုပ်မှာ ဒီလိုအမှုမျိုးကိုင်တွယ်လို့ရတဲ့ အာဏာမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပြီး သူတို့တင်တဲ့ စာရွက် စာတမ်းတွေကို ပြန်ပေးလိုက်လေရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် NLD နောက်ဆုံးအစည်းအဝေးမတိုင်ခင် မတ်လနှောင်းပိုင်းမှာ ပို့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်က NLD အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အတော်လေး သြဇာသက်ရောက်မှုရှိတယ်လို့ ဝေဖန်သုံးသပ်သူတွေ က ဆိုကြပါတယ်။

NLD ထဲမှာလဲ နှစ်စု ဖြစ်သွားတာပဲလေ။ ဥက္ကဌ ဦးအောင်ရွှေ နဲ့ ပါတီခေါင်းဆောင်တချို့က ပါတီမှတ်ပုံပြန်တင်ရေးဘက်က ရပ်တယ်၊  ဦးဝင်းတင် ဦးဉာဏ်ဝင်းနဲ့ အခြားခေါင်းဆောင်တွေက ဆန့်ကျင်တယ်။ NLD လူငယ်ကတော့ ရွေးကောက်ပွဲမ၀င်ရေး ဘက်မှာ ရပ်ခဲ့တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ NLD က ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံပြန်မတင်ရေးဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချခင်မှာ အစည်းအဝေးတွေ ကျင်းပခဲ့ကြပါတယ်။ (NLD Divided on Party Registration ကို ဖတ်ပါ။) မတ်လ ၁၅ ရက်နေ့ အစည်းအဝေးမှာ ဦးအောင်ရွှေက ပါတီမှတ်ပုံတင်ဖို့ တင်ပြခဲ့ပေမယ့် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

အဲဒီလို ပါတီခေါင်းဆောင်ပိုင်းမှာ အစည်းအဝေးတွေ လုပ်နေချိန်မှာ အခြားနယ်တွေက ပါတီအောက်ခြေထုမှာလည်း လှုပ်ရှားမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

NLD မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေက စတင် ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီက ခေါင်းဆောင် တချို့က ဖိနှိပ်ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် သူတို့အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်လိုကြောင်း ဧရာဝတီ နဲ့ ဒီဗွီဘီအပါအ၀င် ပြည်ပ မီဒီယာတွေကို ပွင်ပွင့်လင်းလင်း ပြောခဲ့ကြပါတယ်။

ရန်ကုန်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့ကြတယ်။ NLD ကွဲတော့မလိုလိုတောင် သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

မတ်လ ၂၃ ရက်နေ့ အစည်းအဝေးမှာ NLD ခေါင်းဆောင်တချို့က ပါတီ မှတ်ပုံပြန်တင်ရေးကို သူ့တို့ကန့်ကွက်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ဒီအချက်က NLD အောက်ခြေထုအသံက ပါတီ ဆုံးဖြတ်ချက်ချရာမှာ အတော်အရေးပါတယ် ဆို တာကို သိသာစေတဲ့ အချက်ပါ။

နောက်ဆုံးမှာတော့ ဒီလို မတရားတဲ့ ရွေးကောက်ပွဲဥပဒေ အောက်မှာ သူ့အနေနဲ့ NLD ကို မှတ်ပုံပြန်တင်ဖို့ စဉ်းတောင် မစဉ်းစားဘူး ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက ရှေ့နေဦးဉာဏ်ဝင်းကနေတဆင့် NLD ကို ရောက်လာတော့တာပါပဲ။

“NLD အနေနဲ့ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ပါတီဂုဏ်သိက္ခာ လုံးဝရှိတော့မှာမဟုတ်ဘူးဆိုတာ သူက ပါတီဝင်တွေ ကို သိစေချင်တယ်” လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

ပြည်တွင်း ပြည်ပက လူတော်တော်များများကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက NLD နောက်ဆုံး ဆုံးဖြတ်ချက်အပေါ်မှာ သိပ်ကို သြဇာသက်ရောက်မှု ရှိခဲ့တယ်လို့ ဆိုကြတယ်။

ဦးဝင်းတင်ကတော့ NLD အောက်ခြေထုနဲ့ လူငယ် အဖွဲ့ဝင်တွေကြားမှာ  ဒေါ်အောင်ဆန်းစုကြည် မပြောခင်ကတည်းက ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်ဖို့ မှတ်ပုံတင်မှာ မဟုတ်ဘူးဆိုတာကို တညီတညွတ်တည်း သဘောတူခဲ့ကြပြီးဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို ခုခံတဲ့အနေနဲ့ ကျနော့်ကို ပြောပြခဲ့ပါတယ်။

“ဒါပေမယ့် ကျနော်တို့ သူ့ဆုံးဖြတ်ချက်ကို လေးစားတယ်၊ သူက အခုထိ အရမ်း သြဇာကြီးနေတုန်းပဲ” လို့ ဦ၀င်းတင်က ဆိုတယ်။  NLD အောက်ခြေထုရဲ့ ရာနှုန်း ထက်ဝက်ကျော်က ရွေးကောက်ပွဲမ၀င်လိုကြဘူးလို့လည်း သူက ပြောပါသေးတယ်။

မတ်လ ၂၇ ရက်နေ့မှာ ကျင်းပတဲ့  NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို  ပါတီမှတ်ပုံပြန်တင်ရေးဘက်မှာ ရှိတဲ့ ဦးအောင်ရွှေနဲ့ တခြား ခေါင်းဆောင်တွေ မတက်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် စကားကို သဘောတူတဲ့ အကြောင်းနဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်ဆိုတဲ့ အကြောင်း ဦးအောင်ရွှေက အကြောင်းကြားခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရဲ့ ခေါင်းဆောင်ပါ” လို့ သူက ပြောခဲ့တယ်လို့လည်း သိရပါတယ်။

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာမယ့် NLD နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့ မတ်လ ၂၉ ရက်နေ့ ပါတီ ဗဟိုကော်မတီ အစည်း အဝေးကိုလည်း ဦးအောင်ရွှေ မတက်ရောက်ခဲ့ပါဘူး။

“စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှုမရှိတာမို့ NLD အနေနဲ့ မှတ်ပုံမတင်ဖို့ နဲ့ ရွေးကောက်ပွဲမ၀င်ဖို့ ပါတီခေါင်းဆောင်အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်” လို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက ပြောပြပါတယ်။

အစည်းအဝေးမှာ ပါတီ ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း  တောင်းဆိုခဲ့ကြတယ်လို့ သူက ဆက်ပြောပြပါတယ်။

ပြည်တွင်းမှာရှိတဲ့ စောင့်ကြည့်လေလာသူတွေနဲ့  ဘက်မလိုက်တဲ့ စာနယ်ဇင်းသမား အတော်များများကတော့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ရပ်တည်ချက်ကို နားလည်ပေးလို့ ရတယ်လို့ ပြောကြတယ်။ တကယ်တမ်းပြောရရင်  ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို “သံယောဇဉ်ပြတ်ပြီလို့ ” ပြောတာဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လက စပြီး အခုထိ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့ သဘော ထား ပျော့ပျောင်းမှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်  လိုအင်ဆန္ဒနဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စကားဝိုင်းတွေပြန်စဖို့ သူမရဲ့ အဆင်သင့်ဖြစ်နေမှုတွေကို ထုတ်ဖော်ပြသပြီး ဖြစ်တယ်လို့ သူတို့က ထောက်ပြကြတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမအိမ်ထဲကို ရောက်လာတဲ့ အမေရိကန်နိုင်ငံသားတယောက်ကို ခေတ္တတည်းခိုခွင့်ပေးခဲ့တယ် ဆိုတဲ့ လုပ်ကြံစွပ်စွဲချက်နဲ့ နောက်ထပ် အကျယ်ချုပ်ချခံခဲ့ရတဲ့ တရားခွင် အပြီးမှာတောင် သူမရဲ့ သင့်မြတ်ရေးနည်းနာကို ဆက်ထိန်းခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် စက်တင်ဘာ နဲ့ အောက်တိုဘာလတွေတုန်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ပို့ခဲ့တဲ့ စာနှစ်စောင်ထဲမှာ လူသားချင်းဆိုင်ရာ အကူအညီတွေ ရှာဖို့နဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အဆုံးသတ်သွားဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူထိုင်ပြီး ဆွေးနွေးလိုတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမဆန္ဒကို ထုတ်ဖော်ခဲ့ပါ သေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘာမှ မတုံ့ပြန်ခဲ့ဘူး၊ ဒါပေမယ့် သူမကိုတော့ အဲ့ဒီကာလမှာ အနောက်နိုင်ငံတွေက သံတမန် သုံးယောက်နဲ့ တွေ့ဆုံခွင့်ပြုခဲ့တယ်။

အဲ့ဒီလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကို လျစ်လျူရှုခဲ့ပေမယ့် သူ့ရဲ့ အထူးကိုယ်စားလှယ် ဖြစ်သူ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ဧည့်ရိပ်သာတခုမှာ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။

စစ်အစိုးရက ကြိုတင်သတ်မှတ်ထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲမှာ ဘာတွေပြောကြတယ်ဆိုတာကို ဘာမှ မပြောခဲ့ဘူး။ ဒါပေမယ့် သူတို့နှစ်ဦး အတော်ပြေပြေလည်လည် ရှိတဲ့အကြောင်း၊ လာမယ့်ရွေးကောက်ပွဲကိစ္စကိုတောင် ဆွေးနွေးဖြစ်
ကြတဲ့အကြောင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေကတဆင့် သိရပါတယ်။

အဲ့ဒီတုန်းက NLD ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အကောင်းမြင်ခဲ့တဲ့အပြင် ရွေးကောက်ပွဲ ၀င်ဖို့ထိတောင် ဖြစ်ခဲ့တာမို့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ တိုးတက်မှုအတော်ရှိတယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ကြပါတယ်။

ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပါတ်သက်ပြီး NLD ခေါင်းဆောင်တွေ ဘယ်လို သဘောထားရှိသလဲဆိုတာကတော့  မေးစရာ ဖြစ်လာခဲ့ပါတယ်။ “ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရသူတွေပါ၊ စစ်အစိုးရက ကျနော်တို့ ရွေးကောက်ပွဲနိုင်တယ်ဆိုတာ ကို တရားဝင် အသိအမှတ်ပြုဖို့ပဲ လိုပါတယ်” လို့ ဦးဝင်းတင်က ပြောခဲ့ပါသေးတယ်။

ဒီလိုနဲ့ စစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေက အဲ့ဒီဥပဒေကို လက်ခံနိုင်စရာ မရှိဘူးလို့ မြင်တယ်၊ အဆုံးမှာတော့ NLD က ရွေးကောက်ပွဲ မ၀င်ဘူးလို့ ဆုံးဖြတ်ခဲ့တော့တာပါပဲ။

ရန်ကုန်က မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ တယောက်ကတော့ NLD ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြသူတွေ ကို တုံ့ပြန်တဲ့အနေနဲ့ “ခင်ဗျားသာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆိုရင် သူ့အနေနဲ့ မမှားသင့်တဲ့ အမှားတခုကို လုပ်ခဲ့တယ်လို့ ခင်ဗျား ပြောပါ့မလား” လို့ မေးခွန်းထုတ်ပါတယ်။

NLD မှတ်ပုံတင်သင့်သလား ...

NLD ရဲ့ ရွေးကောက်ပွဲမ၀င်ရေး ဆုံးဖြတ်ချက်ကို ဝေဖန်သူတချို့က အခုလိုဆုံးဖြတ်ခဲ့ပေမယ့် သူတို့အနေနဲ့ NLD နဲ့  ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရပ်တည်ချက်ကို လေးစားပါတယ်လို့ ဆိုကြတယ်။

NLD အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သိက္ခာတင်မယ့်အစား ရွေးကောက်ပွဲဥပဒေတွေရဲ့ မတရားမှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ မိသားစု သိအောင် ဖွင့်ချပြီး တိုက်ပွဲဝင်သင့်တယ်လို့ သူတို့က ကျနော့်ကို ပြောကြပါတယ်။ ဒါပေမယ့် NLD မှာ ရွေးချယ်စရာ လမ်းရော ရှိလို့ လား။

လေ့လာသုံးသပ်သူ တချို့ကတော့ တကယ်လို့ NLD က ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် စစ်အစိုးရနဲ့ သူတို့စိတ်ကြိုက်ရွေးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပါတီ ရွေးကောက်ပွဲဝင်နိုင်ရေးကလွဲပြီး တခြားဘာမှ မလုပ်နိုင်ဘူး လို့ ဆိုကြပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည် နဲ့ ထောင်ထဲက NLD အဖွဲ့ဝင်တွေကို ပါတီက ချက်ချင်းထုတ်ပစ်ဖို့ လိုမယ်မထင်ဘူး။ နိုင်ငံရေးပါတီတွေ အနေနဲ့ သူတို့ပါတီဝင်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ကို တင်ဖို့ ရက် ၉၀ အချိန်ပေးထားတာဖြစ်တယ်။ ဒါကြောင့် ကော်မရှင်က  နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တာကို အသိအမှတ်ပြုပြီးရင် ပါတီတွေအနေနဲ့ ပါတီဝင် ပြဿနာကို ဖြေရှင်းဖို့ ရက် ၉၀ အချိန်ရလိမ့် ဦးမယ်”လို့ လေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။

“ဒီရက်ပေါင်း ၉၀ ကာလအတွင်းမှာ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေအထားနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်နိုင်တယ်၊ သူ့ရဲ့ နေအိမ်အကျယ်ချုပ်ကို “ထောင်ဒဏ်” လို့ ယူဆသလား မေးနိုင်တယ်။ ထောင်ထဲမှာ ရှိနေတဲ့ ပါတီဝင်တွေအတွက်လည်း မေးလို့ရသေးတယ်။ ဥပမာ လွတ်ရက်စေ့နေပေမယ့် ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ် ရေး ဥပဒေ ဒါမှမဟုတ် တခြား အရေးပေါ်ဥပဒေတွေနဲ့ ဆက်ချုပ်ခံနေရသူတွေကိုရော “ထောင်ဒဏ်ကျခံ နေရသူများ”လို့ ယူဆ သလား မေးနိုင်တယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို မျက်နှာပျက်စေတဲ့ အနေအထား ရောက်အောင် တွန်းပို့သလိုမျိုး ဖြစ်သွားနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမှာ မပါရအောင် ပုံစံအမျိုးမျိုးနဲ့ တားမြစ်ထား လို့ပဲ ဖြစ်တယ်”လို့ သူက ဖြည့်ပြောပါသေးတယ်။

အဲ့ဒီလို လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးရင်တော့ NLD ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲ “မ၀င်ဘူး” လို့ ပြောနိုင်တယ်၊ စစ်အစိုးရအနေနဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရွေးကောက်ပွဲမှာ လုံးလုံးမပါစေချင်တာ ထင်ရှားတာမို့ ရွေးကောက်ပွဲ မ၀င်တာ ဖြစ်တယ်လို့ ပြောနိုင်တယ်၊ NLD က ၁၉၉၀ တုန်းကလို လူထုထောက်ခံမှု ရအောင် လုပ်နိုင်သေးတယ်ဆိုတာကို စစ်အစိုးရက သိတယ်၊ အခု ရွေးကောက်ပွဲမှာလည်း စစ်အစိုးရအနေနဲ့ ထပ်အထောင်းခံရနိုင်ဆိုတာကို သိနေတယ်၊ ဒီလိုဆက်တိုက်ပွဲ ၀င်မယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာက စစ်အစိုးရကို ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်ပြီး ဆက်ဖိအားပေးနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

တခြားတဘက်မှာလည်း ရွေးကောက်ပွဲမှာ ပါချင်တဲ့ NLD အဖွဲ့ဝင်တွေကို သူတို့ဆန္ဒအတိုင်းလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ခွင့်ပြုသင့်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသားအဖွဲ့တွေ အပါအ၀င် ပါတီငယ် တချို့က NLD နဲ့ မဟာမိတ်လုပ်ဖို့ ဆန္ဒရှိကြလို့ ဖြစ်တယ်၊ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သူတို့အားလုံးကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ စစ်အစိုးကို  NLD အနေနဲ့ ဆက်ဖိအားပေးသင့်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ဒါ့အပြင် စစ်အစိုးရအနေနဲ့ အပစ်အခပ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ရော လက်နက်ကိုင်တိုက်နေဆဲ တိုင်းရင်းသား အဖွဲ့တွေနဲ့ပါ ရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာတွေဖြေရှင်းဖို့ NLD က စစ်အစိုးရကို တိုက်တွန်းသင့် တယ်လို့လည်း သူတို့က ပြောကြပါသေးတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ၊ အဓမ္မလုပ်အားပေးကိစ္စ၊ ဒုက္ခသည်ပြဿနာတွေနဲ့ မူးယစ်ဆေးဝါး စတဲ့ အရေးတကြီး ဖြေရှင်းဖို့လိုနေတဲ့ ကိစ္စတွေဟာ ရွေးကောက်ပွဲပြီးလည်း ဖြေရှင်းလို့ ရမှာမဟုတ်သေးဘူးဆိုတာကို NLD အနေနဲ့ ရဲရဲတင်းတင်း အကြံပြုပြောသင့် တယ်လို့လည်း သူတို့က ဆိုပါတယ်။

NLD ခေါင်းဆောင်တွေအနေနဲ့ ဒီအချက်တွေအပေါ် အခြေခံပြီး ရွေးကောက်ပွဲဟာ နှမ်းဖြူးတာပဲ၊ ဒီရွေးကောက်ပွဲကြောင့် မြန်မာပြည်မှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ဘာမှ မဖြစ်လာနိုင်ဘူးဆိုတာကို ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား ပြောသင့်ပါ တယ်။ လာမယ့် အစိုးရအသစ်ဟာလည်း နိုင်ငံတကာအလယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာပြည်ပုံရိပ်ကို အလွယ်တကူ ချေဖျက်လို့ မရနိုင်ဘူးဆိုတာကိုပါ ထည့်ပြောသင့်ပါတယ်။

အခုတော့  NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ချက် ချလိုက်ကြပြီးပါပြီ။ ၁၉၈၈ လူထုအရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့ပြီး မြန်မာပြည်မှာပဲ နေနေကြသူတွေက မေးကြပါတယ်၊ NLD က ရှေ့ဘာဆက်လုပ်မှာလဲ တဲ့။


Did the NLD Make a Blunder by Aung Zaw ကို ဆီလျော်အောင် ပြန်ဆို ဖေါ်ပြပါသည်။ ကိုအောင်ဇော်သည် ဧရာဝတီ မဂ္ဂဇင်းကို တည်ထောင်သူဖြစ်ပြီး အယ်ဒီတာလည်း ဖြစ်သည်။ ၎င်းကို This e-mail address is being protected from spambots. You need JavaScript enabled to view it မှတဆင့် ဆက်သွယ်နိုင်ပါ သည်။