အပြောင်းအလဲနှင့် တည်ငြိမ်မှု

Friday, 30 April 2010 19:57 သူ့အတွေး သူ့အမြင်
Print
မြန်မာပြည်ဟာ နိုင်ငံရေး တည်ငြိမ်မှု ရှိနေတယ် ဆိုရင် ဘယ်သူ ငြင်းမလဲ။

မြန်မာပြည် နိုင်ငံရေးကို မေးလာတိုင်း ကျနော်က အဲဒီလို ရယ်စရာ သဘောမျိုး ပြန်ပြော လိုက်ပါတယ်။ တကယ်လည်း မြန်မာပြည် နိုင်ငံရေးက တည်ငြိမ် နေတာပဲ မဟုတ်လား။

နိုင်ငံရေးရော စီးပွားရေးပါ မြန်မာပြည်ထက် ရှေ့ကိုအများကြီးရောက်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့် လိုက်စမ်းပါ။ ရှပ်နီ၊ ရှပ်ဝါနဲ့ ရောင်စုံ အုပ်စု စတဲ့ နိုင်ငံရေးအုပ်စုမျိုးစုံ ထကြွလှုပ်ရှားနေတာတွေကို မြင်ရမယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတာကို ပြနေတာပါ။ စစ်ပွဲလို ဖြစ်နေတဲ့ နိုင်ငံရေးဇာတ်မျောကြီး ပါပဲ။ ဒီအခြေအနေကို မြန်မာပြည်က ဗိုလ်ချုပ်တွေဆိုရင်“မင်းမဲ့စရိုက်”တွေလို့ ပြောလိမ့်မယ်။

မြန်မာပြည်ကို နိုင်ငံခြားအထောက်အပံ့တွေအပေါ် မှီခိုနေရတဲ့ နိုင်ငံမွဲတခုအဖြစ် မြင်ကြပါတယ်။ ဒါပေမယ့်  ၁၉၈၈ နောက်ပိုင်းမှာ အာဏာ သိမ်းတာတွေ၊ နိုင်ငံရေး အခြေအနေ ဆိုးဝါးတာတွေကို မမြင်ရပါဘူး။ အရာ အားလုံးဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ သဘော ဆန္ဒ၊ ဥပဒေ၊ စည်းမျဉ်း၊ အမိန့် အာဏာတွေ အတိုင်းသာ ဖြစ်ပျက် ပြောင်းလဲ နေတာကို တွေ့ရမှာပါ။

မြန်မာပြည်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရက်ရှည်လများ ဖြစ်ပွားဖို့ စစ်ဗိုလ်ချုပ်တွေက ခွင့်မပြုပါဘူး။ လေဆိပ်တွေနဲ့ ကုန်တိုက်ကြီးတွေ ပိတ်ရတဲ့ အခြေအနေမျိုးတွေ၊ သူတို့ရဲ့အာဏာနဲ့ အေးချမ်းသာယာ နေမှုကို ထိခိုက်လာတဲ့ အခြေအနေမျိုးတွေအထိ ဆန္ဒပြပွဲတွေကို ခွင့်မပြုပါဘူး။

ဥပမာ ၂၀၀၇ ခုနှစ် က သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ကြည့်ရင် ရက်သတ္တ တပတ်ကျော်ကျော် လောက်မှာပဲ စစ်အစိုးရက ပစ်ခတ် နှိမ်နင်းပြီး သံဃာတော်တွေအပါအ၀င် ရာချီပြီး ရိုက်နှက် ဖမ်းဆီးလိုက်တယ်။ အဲဒီ ဆန္ဒပြပွဲတွေဟာ အချိန်တိုတိုအတွင်းမှာပဲ ဆိတ် သုဉ်း ခဲ့ရပြီး အရင်အတိုင်း ပြန်လည် ငြိမ်သက်သွားတာပဲ မဟုတ်လား။ 

တခါ မြန်မာပြည်ရဲ့ ခေတ်သစ် သမိုင်းကို ကြည့်ရင်လည်း ၁၉၆၂ ခုနှစ် ကတည်းက အစိုးရတရပ်ကပဲ ဆက်တိုက် အုပ်ချုပ်လာတာကိုတွေ့ရတယ်။

လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရကိုက ၁၉၆၂ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရ အမွေကို ဆက်ခံထားတာလို့ပြောရမယ်။ အဲဒီအချိန်က စပြီး မြန်မာပြည်မှာ အစိုးရပေါင်း ခြောက်ဆက် အုပ်ချုပ်လာခဲ့တာ အစိုးရ နာမည်တွေသာ ပြောင်းသွားခဲ့ပေမယ့် စစ်တပ်ကသာ အုပ်ချုပ်ခဲ့တာပါ။

ဗိုလ်ချုပ်နေ၀င်း စစ်အစိုးရဟာ အာဏာသိမ်းခါစက“တော်လှန်ရေးကောင်စီ”ဆိုတဲ့ နာမည်နဲ့ အုပ်ချုပ်ပါတယ်။ ၁၉၇၄ ခုနှစ်ရောက်တော့ တော်လှန်ရေးကောင်စီ အစိုးရကို မြန်မာ့နည်း မြန်မာ့ဟန် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ” အဖြစ် အသွင်ပြောင်းလဲလိုက်တယ်။

၁၉၈၈ ခုနှစ် လူထု အုံကြွမှုကြီး ဖြစ်ပွားချိန်မှာတော့ အဲဒီ ဆိုရှယ်လစ် အစိုးရရဲ့ ခေါင်းဆောင် ဦးနေ၀င်းက  ဗိုလ်မှူးချုပ် စိန်လွင်ကို အာဏာလွှဲပေးပြီး အုပ်ချုပ်စေပါတယ်။ ဗိုလ်မှူးချုပ်စိန်လွင်ဟာ ၁၉၆၂ ခုနှစ် ကတည်းစပြီး ကျောင်းသားလှုပ်ရှားမှုတွေကို ရက်ရက်စက်စက် ဖြိုခွဲနှိမ်နင်းခဲ့လို့ “သားသတ်သမား” ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူလည်း ဖြစ်တယ်။ သူဟာ မြန်မာနိုင်ငံကို ၁၇ ရက်သာ အုပ်ချုပ်ခွင့် ရခဲ့သူပါ။

အဲဒီနောက် ဒေါက်တာမောင်မောင် ကို သမ္မတ အဖြစ် အုပ်ချုပ်စေပြန်ပါတယ်။ ဒေါက်တာ မောင်မောင် ဟာ တဦးတည်းသော အရပ်သား သမ္မတလို့ ဆိုရမှာပေါ့။ သူဟာ ဦးနေ၀င်း အပေါ်မှာအလွန် သစ္စာရှိတယ်လို့ လူသိ များပါတယ်။ သူလည်းပဲ ရက်သတ္တပတ် အနည်းငယ်သာ အုပ်ချုပ်ခွင့် ရပါတယ်။

၁၉၈၈ စက်တင်ဘာလမှာတော့ အခုလက်ရှိ စစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အာဏာသိမ်းလိုက်တယ်။ အမှန်က အရင်အစိုးရဆီက အာဏာကို လွှဲပြောင်းယူလိုက်တဲ့ သဘောပါ။ ၁၉၉၇ ခုနှစ်ရောက်တော့ အဲဒီ စစ်အစိုးရအမည်ကို “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ”လို့ ပြောင်းလဲ ပြန်တယ်၊

အစိုးရအမည်တွေသာ ပြောင်းပေမယ့် အုပ်ချုပ်တာကတော့ စစ်ဗိုလ်ချုပ်တွေပါပဲ။

အဲဒီတော့ မြန်မာနိုင်ငံရဲ့အနာဂတ် ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲ အပြီး နောက်ပိုင်းပေါ့။

အခု ၂၀၀၈ အခြေခံဥပဒေ သစ်အရ စစ်တပ်က လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရထားပြီးသား ဖြစ်နေတယ်။ အဲဒီတော့ ပါလီမန် လွှတ်တော်မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီ နည်းလမ်းအရ မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ဆွေးနွေး ဆောင်ရွက်လို့ မရနိုင်အောင် ထိန်းချုပ်ထားတဲ့ သဘောကို တွေ့နေရတယ်။

အဲဒါကြောင့် အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ရွေးကောက်ပွဲဝင်ဖို့ ပါတီ ပြန်လည် မှတ်ပုံမတင်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာပဲဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ငံနဲ့ အ၀န်း အပြတ် အသတ် အနိုင်ရခဲ့တဲ့ NLD က ဒီလို ဆုံးဖြတ်လိုက်တဲ့အတွက် စစ်ဗိုလ်ချုပ်တွေရဲ့ စိုးရိမ်မှုတွေကို လျော့ပါးသွား စေပါတယ်။

အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်း အဲဒီလို NLD ရဲ့ ရွေးကောက်ပွဲ မ၀င်ရေး ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ မျက်နှာစာမှာတော့ ဗိုလ်ချုပ်ကြီးတွေ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အယုံအကြည် မဲ့စရာလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်ထောက်ပြမှုတွေက သိပ်ပြီး ထိထိရောက်ရောက် ရှိခဲ့တာ မဟုတ်ပါဘူး။

တခြားသော အာဏာရှင် နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဆူဒန် နိုင်ငံမှာဆိုရင်လည်း လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြောင့် နိုင်ငံတကာ ရာဇ၀တ် ခုံရုံးက အလိုရှိနေတဲ့ သမ္မတ အိုမာ ဟတ်ဆန် အယ်လ် ဘတ်ရှာ ရဲ့ပါတီဟာ မကြာသေးခင်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသွားတာကို တွေ့ရပါတယ်။ ဒါကို အမေရိကန် အစိုးရက ဆူဒန်ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိသော်လည်း ဖြစ်ပေါ်လာတဲ့ အစိုးရ အသစ်နဲ့ ဆက်ဆံသွားရမှာ ဖြစ်တယ်လို့ ပြောခဲ့တယ်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ပီ ဂျေ ခရိုလေ က အခုလို ပြောခဲ့ ပါတယ်။

“ဒီ ရွေးကောက်ပွဲဟာ နိုင်ငံတာက စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီပါဘူး၊ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အလွန် အရေးကြီးတဲ့ အဆင့်တခုဖြစ်တယ် ဆိုတာကိုတော့ ကျနော်တို့ အသိအမှတ်ပြုရပါလိမ့်မယ်”လို့ သူက ပြောခဲ့တာ ပါ။

တရား မမျှတတဲ့ ရွေးကောက်ပွဲက ရွေးကောက်ပွဲ မရှိတာထက်စာရင် ပိုကောင်းတယ်လို့ အမေရိကန် အစိုးရ က ထင်ပုံရပါတယ်။

တကယ်လို့ အဲဒီလိုသာ မြင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အမေရိကန်အစိုးရ က ဘယ်လိုသဘောထားမလဲ။ အမေရိကန်က အဲဒီ ရွေးကောက်ပွဲမှာ အင်အားစု အားလုံးပါဝင်နိုင်ဖို့၊ လွတ်လပ် ပြီး တရားမျှတဖို့နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးဖို့ စတာတွေကို လည်း တောင်းဆိုထားတာ ရှိတယ်။

အဲဒီ တောင်းဆိုမှုတွေ ဖြစ်မလာနိုင်ဘူးဆိုတာကို ကျနော်တို့အားလုံး သိထားပြီးသားပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ NLD ပါတီ၊ အရေးပါတဲ့ တိုင်းရင်းသား ပါတီတွေ ရွေးကောက်ပွဲမှာ မပါဝင်ဘူး၊ ပါဝင်ခွင့် မရဘူးဆိုတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ အနိုင်ရပါတီကို အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက ဆူဒန် ရွေးကောက်ပွဲလိုပဲ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အသိအမှတ် ပြုလာနိုင်ပါတယ်။

အဲဒီလိုဆိုရင်တော့ မြန်မာပြည်ရဲ့အနာဂတ် အစိုးရသစ် ဟာလည်း ၁၉၆၂ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တဲ့ စစ် အစိုးရတွေရဲ့ သတ္တမမြောက် အမွေခံမျိုးဆက်သာ ဖြစ်ပြီးတော့ လက်ရှိစစ်အစိုးရဲ့ ရုပ်သေး အစိုးရပဲ ဖြစ်လာမှာပါ။  ကြီးကြီးမားမား အပြောင်း အလဲကတော့ အဲဒီအစိုးရသစ်ဟာ နံပါတ် ၇ ဖြစ်လာတာပါပဲ။

In Change, Stability By Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။