အထီးကျန် လူထု ခေါင်းဆောင်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဇွန်လ ၁၉ ရက် စနေနေ့မှာ အသက် ၆၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက် ကြာကြာ ဆက်ပြီး ပိတ်လှောင် ခံထားရဦးမယ် မသိတဲ့ နေအိမ်အကျယ်ချုပ် ဘ၀နဲ့မို့ သူ့ရဲ့ အင်းလျား ကန်ဘေးက နေအိမ်မှာ သူယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက် အဖော်နှစ်ယောက်နဲ့အတူ မွေးနေ့ပွဲ ကျင်းပဖို့တော့ ရှိဟန်မတူပါဘူး။

နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့ မွေးရပ်မြေကို ပြန်လာပြီး တနှစ်အကြာ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ဒေါ်အောင် ဆန်းစုကြည် ပထမဆုံးအကြိမ် အဖမ်းခံရတာပါ။ အဲဒီနေ့ကစပြီး ရေတွက်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၁ နှစ် အတွင်းမှာ သူ အကျဉ်းစံ ဘ၀နဲ့ နေခဲ့ရတာ စုစုပေါင်း ၁၄ နှစ်နဲ့ ၈ လရှိပါပြီ။ ဒီကာလတွေ အတွင်းမှာ စစ်အစိုးရက နှောင့်ယှက် ဒုက္ခပေးတာကိုလည်း တောက် လျှောက် ခံခဲ့ရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး အဖမ်းခံရတာကတော့ ဒီပဲယင်း လူသတ်ပွဲလို့ အများက သိထားတဲ့ တိုက်ခိုက်မှုကြီး အပြီး ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာပဲ ဖြစ်ပါတယ်။ စည်းရုံးရေးခရီး လှည့်လည်နေတဲ့ သူ့ရဲ့ကားတန်းကို စစ်အစိုးရရဲ့ နောက်ပါ လူတစုက အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင် သေတွင်းက လက်မတင်လေး လွတ်ခဲ့တာပါ။ ဒေါ်အောင်ဆန်း  စုကြည်ဟာ အဲဒီအချိန်ကစလို့ အခုထိ အထိန်းသိမ်း ခံနေရဆဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်နေနေ ၂၀၀၃ ခုနှစ် မေလကစလို့ ပြင်ပကမ္ဘာနဲ့ ထိတွေ့ခွင့် ရတယ်ဆိုရုံလောက်ပဲ ရှိတဲ့၊ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ဆွတ်ခူးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူ အများစုအတွက် မျှော်လင့်ချက် မီးအိမ်အဖြစ် ဆက် လက် တည်ရှိနေဆဲပါ။

နိုင်ငံ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် အခုအချိန်မှာ ကိုယ်စိတ်နှလုံးကို
ရှင်သန်အောင် မွေးမြူရင်း သူ့ရဲ့ အချိန်တွေကို ဖြတ်ကျော်နေပါတယ်။ တရားထိုင်၊ စာဖတ်၊ ရေဒီယိုနားထောင်တာတွေ ပုံမှန် လုပ်ပြီး ရံဖန်ရံခါ ၂ လိုင်းပဲရှိတဲ့ အစိုးရရဲ့ ရုပ်မြင်သံကြားကိုလည်း ကြည့်တယ်လို့ သိရပါတယ်။ 

သူ့ဆီကို အင်္ဂလိပ်နဲ့ ပြင်သစ်လိုရေးထားတဲ့ စာအုပ်တွေ ယူလာပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေကို မှာဖူးပါတယ်။ သေချာတာကတော့ ဘာပစ္စည်းပစ္စယပဲ ယူလာလာ ခြံရှေ့က လုံခြုံရေးတွေက စေ့စေ့စပ်စပ် စစ်ဆေးပြီးတော့မှပဲ သူ့ဆီကို ရောက်တာပါ။ မနှစ်တုန်းကတော့ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ် က သူ့ရဲ့စာအုပ် “Globalization and Its Discontent” ကို ဒေါ်အောင်ဆန်းစုကြည်ထံ လက်ဆောင်အဖြစ် ပေးခွင့်ရခဲ့ပါတယ်။

ပျက်သွားတာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် ပြင်နိုင်တဲ့ အနေအထားမရှိတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝါသနာကြီးလှတဲ့ စန္ဒရားကိုလည်း ဆက်မတီးနိုင်တော့ပါဘူး။ ဒါကြောင့်မို့ စန္ဒရား တီးမယ့်အစား ပန်းချီဆွဲနေတယ်လို့ သိရပါတယ်။ ပန်ချီကား အတော် များများ ဆွဲပြီးပြီလို့လည်း သူ့ရဲ့ မိတ်ဆွေရင်းတွေက ဆိုပါတယ်။ တနေ့နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားတွေကို ကျနော်တို့ မြင်တွေ့ခွင့်ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဘ၀က အေးချမ်းတည်ငြိမ်နေတယ်လို့ လူတွေ ထင်ကောင်း ထင်နိုင်ပေမယ့် တကယ်တမ်းမှာ အဲဒီလို မဟုတ်ပါဘူး။ မနှစ်တုန်းကဆိုရင် တရားရင်ဆိုင်မှုတွေနဲ့ တော်တော်လေး ကြုံတွေ့ခဲ့ရတာပါ။ သူ့ရဲ့ နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်တိုးတဲ့ ကိစ္စကို အယူခံဝင်ရတာရယ်၊ သူ့ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက အိမ်ကိုအမွေခွဲတာရယ်၊ သူအိမ်ပြင်တဲ့ ကိစ္စကို ကန့်ကွက်တာတွေရယ်၊ ဒါတွေကို သူ ရင်ဆိုင်ခဲ့ရပါတယ်။  

မိသားစုပြဿနာ၊ နောက်တခုကတော့ သူ့ ဆွေမျိုးဖြစ်တဲ့ ဦးခင်မောင်အေးက သူ့အိမ်ခြံဝင်းထဲက မြေတကွက်ကို ဖဲ့ရောင်းဖို့ ကြိုးစားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရှေ့နေတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးခင်မောင်အေးကို အမှုဖွင့်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကို အကြံပေးကြပါတယ်။ ပြီးခဲ့တဲ့နှစ်က “အင်းလျားကန်ထဲရေကူးသူ” ဂျွန် ဝီလျံ ယက်ထောကို နေအိမ်မှာ လက်ခံမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန်မှာ စစ်အစိုးရက သူ့ခြံထဲက မြေရောင်းတဲ့ကိစ္စကို သတင်းစာတွေထဲမှာ ဖေါ်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်က သူ့ကို မြေ တနေရာပေးခဲ့တယ်ဆိုတဲ့ ဦးခင်မောင်အေးရဲ့ အခိုင်အမာပြောကြားချက်တွေဟာ စာနဲ့ ရေးသားထားတဲ့ အထောက်အထားတွေ မပြနိုင်တာမို့ အရာမထင်ခဲ့ပါဘူး။ တကယ်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်မိခင်က ဦးခင်မောင်အေးကို ခြံထဲမှာ ခဏနေထိုင်ခွင့်ပဲ ပေးခဲ့တာပါ။ အဲဒါကို သူက အိမ်ဆောက်ဖို့အထိ လုပ်တာမို့ သိသိချင်းပဲ သူ့မိခင်က ဦးခင်မောင်အေးကို ခြံထဲက နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

တရားရေးကိစ္စတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် အရမ်းကို ဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက သူ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ကံကြမ္မာကို ပိုပြီး စိုးရိမ်နေခဲ့တာပါ။

ဒါကြောင့်လည်း တရားမျှတမှု မရှိတဲ့ ဥပဒေတွေအရ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ပါတီ မှတ်ပုံတင်ဖို့ စဉ်းတောင် မစဉ်းစားဘူးလို့ သူ့ရှေ့နေကနေတဆင့် NLD ကို ဒေါ်ဆောင်ဆန်းစုကြည်က စကားပါးခဲ့တာပါ။ သူ့စကားက NLD ဗဟိုကော်မတီကော်မတီရဲ့ ရွေးကောက်ပွဲ မ၀င်ရေးဆုံးဖြတ်ချက်အပေါ်မှာ သြဇာသက်ရောက်မှု ရှိခဲ့တာ အသေအချာပါပဲ။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ရပ်တည်ချက်ရှိပေမယ့် တကယ်တမ်း ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ချက်ချတာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် လွယ်ကူတဲ့ အရာတော့ မဟုတ်လှပါဘူး။ မေလ ၇ ရက်နေ့တုန်းက NLD ပါတီ ဖျက်သိမ်းခံရတာ ပြီးတော့ သူရေရှည်လက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တချို့ နိုင်ငံရေးပါတီ အသစ်ထောင်သွားတွေဟာလည်း သူ့အတွက် စိတ်ချမ်းသာစရာ ကိစ္စတွေ မဟုတ်ပါဘူး။

NLD ဖျက်သိမ်းမခံရခင် တလလောက်အလို ဧပြီ ၁၁ ရက်နေ့က နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ခေတ္တ ဆေးကုသမှု ခံခဲ့ရပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေ၊ မိသားစုဆရာဝန်တွေနဲ့ ပုံမှန် တွေ့ဆုံလေ့ရှိပါတယ်။ တခါတလေမှာတော့ အိမ်ပြင်ဖို့ အတွက် နားလည်တဲ့သူနဲ့ တိုင်ပင်တာမျိုးလုပ်ပါတယ်။ သူ နေအိမ်အကျယ်ချုပ်နဲ့ နေရစဉ်အတွင်းမှာ နိုင်ငံခြားသံတမန်တွေ ဒါမှ မဟုတ်လည်း စစ်အစိုးရရဲ့ ကြားခံဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်နဲ့ တွေ့ဖို့ စစ်တပ်လုံခြုံရေးတွေနဲ့ အတူ ရံဖန်ရံခါ အပြင်ထွက်ခွင့်ရတာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် တယောက်တည်း အထီးကျန် ပျင်းရိ ညည်းငွေ့စရာကောင်းတဲ့ဘ၀မှာ ရေရှည်နေနေရခြင်းက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓာတ်ရေးရာအရ ထိခိုက်စေမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ သူမိသားစုနဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ သားနှစ်ယောက်ကို လွမ်းမိမယ်ဆိုတာ သဘာဝကျပါတယ်။ အခုဆိုရင် သူ့မှာ သူမမြင်ဘူးသေးတဲ့ မြေးတွေတောင် ရှိနေပါပြီ။

မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲက ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုအရေးထက် တိုင်းပြည်အရေးကို ပိုဦးစားပေးစေခဲ့တာပါ။ ခင်ပွန်းသည်ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး ဒေါက်တာ မိုက်ကယ်လ်အဲရစ် ဟာ သူ အထိန်းသိမ်းခံနေရစဉ် ၁၉၉၉ ခုနှစ်မှာ ကင်ဆာရောဂါ နဲ့ သေဆုံးသွားခဲ့ပါတယ်။ မကွယ်လွန်ခင် ဇနီးသည်နဲ့ တွေ့ခွင့်တောင်းခဲ့ပေမယ့် သူ့ကို စစ်အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

ဒေါက်တာမိုက်ကယ်လ်အဲရစ်ဟာ ဇနီးသည် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အမြဲတမ်း ပံ့ပိုးခဲ့ တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ၁၉၇၂ ခုနှစ်မှာ လက်မထပ်ခင် ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာမိုက်ကယ်လ်အဲရစ်ဆီကို ရေးတဲ့ စာထဲမှာ “ရှင့်ကို ကျမ တခုပဲ တောင်းဆိုချင်ပါတယ်။ အဲဒါကတော့ တကယ်လို့ ကျမကို ကျမရဲ့ ပြည်သူလူထုက လိုအပ်လာရင် သူတို့နဲ့အတူ ကျမရဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ရှင် ကျမကို ကူညီဖို့ပါပဲ” လို့ ထည့်ရေးခဲ့ပါတယ်။ ဒေါက်တာမိုက်ကယ်လ် အဲရစ်က သူပေးခဲ့တဲ့ ကတိကို နောက်ဆုံးသေတဲ့အထိ တည်သွားခဲ့သူပါ။

ပြီးခဲ့တဲ့နှစ် တရားခွင်မှာ နိုင်ငံခြားသားကို တရားမ၀င်လက်ခံထားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချခဲ့ပြီးတဲ့နောက်မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်စာကို ဖတ်ကြားခဲ့ပါတယ်။ ဒီအမိန့်စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို တ၀က်လျှော့ချကြောင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ “ကောင်းကောင်းမွန်မွန် နေမယ်” ဆိုရင် ကျန်တဲ့ ပြစ်ဒဏ် တ၀က်ကိုလည်း ဆိုင်းငံ့ထားမယ့်အကြောင်းတွေ ပါပါတယ်။

သူ့ရဲ့ အရင်တုန်းက ဆောင်ရွက်ခဲ့တာတွေနဲ့ တိုင်းတာမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ကောင်းကောင်း မွန်မွန် နေမယ်ဆိုရင် ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ သူရဲ့ ဂုဏ်သိက္ခာ၊ နူးညံ့မှု၊ သူရသတ္တိ တွေနဲ့ပဲ ဆက်လက် နေထိုင်သွားပါလိမ့်မယ်။

တခါတုန်းက တွေ့ဆုံမေးမြန်းခန်းတခုမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျမ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါလို့ ကျမကိုယ် ကျမ ကိုယ်ကျိုးစွန့် အနစ်နာခံတယ်လို့ မမြင်ပါဘူး။ ဒါက ရွေးချယ်မှုပါ။ တကယ်လို့ ရှင့်အနေနဲ့ တခုခုကို လုပ်ဖို့ ရွေးချယ်လိုက် တယ်ဆိုရင် ကိုယ်ကျိုးစွန့်အနစ်နာခံတယ်လို့ မပြောသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှင့်ကို ဘယ်သူကမှ အတင်းအဓမ္မ လုပ်ခိုင်းတာ မဟုတ်လို့ပါ” လို့ ပြောခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုကို ခွဲခွာတာ၊ အထိန်းသိမ်းခံရတာ၊ သူ့ပါတီကို ဖျက်သိမ်းတာ စတဲ့ ခက်ခဲလှတဲ့ ရွေးချယ်မှုတွေ ကို အများကြီး လုပ်ခဲ့သူပါ။ ဒါပေမယ့် ဒီအရာတွေကို အမှန်တရား၊ တရားမျှတမှုနဲ့ လွတ်မြောက်မှုတွေကို ကာကွယ်ဖို့ ဆိုတဲ့ သူ့ရဲ့ မဆုတ်မနစ်တဲ့ ရပ်တည်ချက်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေက သူ့အပေါ် ချစ်ခင်မှုနဲ့ လေးစားမှုတွေ တိုးပွားလာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုထောက်ခံမှုကို သိမ်းကျုံးရယူထားတဲ့ လူထုခေါင်းဆောင်ပါပဲ။

Solitude and Dignity By Kay Lattကို ဆီလျော်အောင် ပြန်ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်