ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ပဉ္စလက် ဂဏန်းများ

Tuesday, 24 August 2010 16:33 သူ့အတွေး သူ့အမြင်
Print
နောက်ဆုံး မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက် အများမျှော်လင့် စောင့်ဆိုင်း နေတဲ့ ရွေးကောက်ပွဲ နေ့ကို နိုဝင်ဘာ လ ၇ ရက် အဖြစ် ရွေးချယ် သတ်မှတ် လိုက်ပါပြီ။ အသက်အရွယ် အိုမင်းနေပြီ ဖြစ်တဲ့ အာဏာရှင်ကြီးက သူ့ရဲ့လုပ်ကြံ ဇာတ်ထုပ် အတိုင်း ရှေ့ဆက်လျှောက်ဖို့ အရာရာ အဆင်သင့်ဖြစ်နေပုံရပါတယ်။ ဒါပေမယ့် သူအမြဲတစေ အားကိုး အားထား ပြုလေ့ရှိတဲ့ ဗေဒင် ဆရာတွေရဲ့အကြံဉာဏ် မပါဘဲနဲ့ ဒီလို သတ်မှတ်ခဲ့တာတော့ မဟုတ်လောက်ပါဘူး။

တကယ်တော့လည်း ဒီအစဉ်အလာက အသစ်အဆန်းရယ်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်တဲ့ နိုင်ငံတခုလို့ အများက သိကြပေမယ့် ဗေဒင် လက္ခဏာ၊ ဂမ္ဘီရ၊ ဂဏန်းတွက်ကိန်း၊ အောက်လမ်း အထက်လမ်း နဲ့ နတ်ကိုးကွယ်တဲ့ အလေ့အထ ယုံကြည်သူတွေကို မြန်မာ့ လူ့အဖွဲ့အစည်းအလွှာတိုင်းမှာ တွေ့နိုင်ပါတယ်။ ကျေးလက် အရပ်သားတွေကနေ စီးပွားရေးသမားတွေ၊ စစ်အစိုးရအဖွဲ့ဝင်တွေအထိ အဲ့ဒီ ကိုးကွယ် ယုံကြည်မှုတွေ ရှိနေကြတာပါ။ ဥစ္စာဓနကြွယ်ဝ ချမ်းသာလာဖို့၊ အောင်မြင်မှုတွေ ရလာဖို့နဲ့ ကြမ္မာဆိုးတွေ မောင်းထုတ်ဖို့ဆိုတဲ့ မျှော်လင့်ချက် တွေနဲ့ ဗေဒင် ဆရာတွေထံမှာ သူတို့ အကြံဉာဏ် တောင်းယူ တတ်ကြပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်းမှာလည်း နိုင်ငံ အုပ်ချုပ်သူတွေက အတိတ်နိမိတ်ကောင်းမယ့် နေ့ရက်၊ အချိန်နဲ့ အမည် သတ်မှတ် တိုင်းမှာ ရှေ့ဖြစ်ဟောဆရာတွေဆီက အကြံဥာဏ်တောင်းယူလေ့ရှိပါတယ်။ ငွေစက္ကူ ထုတ်တာကအစ သူတို့ ပါဝင် ပတ်သက် ကြပါတယ်။

ဥပမာ တချို့ပြရရင် ဗြိတိသျှဆီက လွှဲပြောင်း ရယူခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကို တရားဝင် ကြေညာတာတောင်မှပဲ ဗေဒင် ဆရာတွေရဲ့ ဟောကိန်းအတိအကျအတိုင်း ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် မနက်လင်းအားကြီး ၄ နာရီ မိနစ် ၂၀ တိတိ မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်သူ အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းက ၁၉၈၇ မှာ ၄၅ ကျပ်တန် နဲ့ ၉၀ ကျပ် တန်တွေ ထုတ်ခဲ့တုန်းကလည်း နံပါတ်တွက်ကိန်းအရ ၉ ဂဏန်းဟာ သြဇာရှိတဲ့ ဂဏန်းဖြစ်တဲ့အတွက် ဂဏန်းနှစ်ခုပေါင်း ရင် ၉ ဖြစ်မယ့် (၄+၅=၉ ၊ ၉+၀=၉)ငွေ စက္ကူတွေကို ယတြာ သဘောနဲ့ ထုတ်ခဲ့ပါတယ်။

အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း သူ့ ရှေ့ကဆရာကြီးတွေ လုပ်ခဲ့သလိုပဲ လုပ်ငန်းတွေကို ကွပ်ကဲ စီမံရာမှာ ဗေဒင် ဆရာ တွေရဲ့ အကြံဉာဏ်ကို သုံးပါတယ်။ ၂၀၀၅ ခုနှစ်က တိုင်းပြည်ရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော် ပြောင်းရွှေ့တဲ့အခါမှာလည်း ဗေဒက၀ိ အကျော်တွေရဲ့အကြံပြုချက်နဲ့ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြိုက်ဆုံးဂဏန်းက နံပါတ် ၁၁ ပါ။ သူ့အစိုးရကို ဒုက္ခ ၁၁ မီး ငြိမ်းရမယ်လို့   ဗေဒင် ဆရာတွေက အကြံဉာဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။ ဘာသာရေးမှာ အဲ့ဒီ ၁၁ မီးကို ရာဂမီး (လောဘမီး)၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေ၀မီး၊ ဒုက္ခမီး၊ ဒါမနဿမီးနဲ့ ဥပါယာသ မီးတွေလို့ ဆို ထားပါတယ်။

၂၀၀၈ ခုနှစ်မှာ ၈၈ ကျောင်းသားခေါင်းဆောင် တွေကို ထောင်ဒဏ် ၆၅ နှစ် (၆ + ၅=၁၁) ချမှတ်တာလည်း အဲ့ဒီ ၁၁ ဂဏန်းကြောင့်ပဲလို့ ယူဆရပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလဆိုတာလည်း နှစ်တနှစ်ရဲ့ ၁၁ လမြောက် လ ဖြစ်နေပြန်ပါတယ်။

ဒါကြောင့် အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ်နဲ့ ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ခန့်မှန်းခဲ့တဲ့ အောက်တိုဘာ လ ၁၀ ရက် (၁၀၊ ၁၀၊ ၁၀) ရွေးကောက်ပွဲရက်ကို ဗိုလ်ချုပ်မှူးကြီး ဘာကြောင့် ပယ်ချ ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး အလွယ်တကူနားလည်နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ ကိုယ်ပိုင် လပ်ကီးနံပါတ် ၁၁ နဲ့ နမိတ်ကောင်းတဲ့ ၇ ဂဏန်း နှစ်ခုကို ရောသုံးထား တဲ့အပေါ်မှာ အခြေခံခဲ့ပုံရပါတယ်။ ၇ ဂဏန်းဆိုတာက သူနဲ့ သူ့အပေါင်းအပါ ဗိုလ်ချုပ်ကြီးတွေ တရက်မဟုတ် တရက်မှာ မွေးခဲ့မယ့် ရက်သတ္တပတ်မှာရှိတဲ့ နေ့အရေအတွက်လေ။ ၇ ရက် သားသမီးတွေ မဟုတ်လား။

ဆိုတော့ ၁၁ မီးကို နေပြည်တော်က ၇ ရက်သားသမီးတွေက ငြှိမ်းရမယ်ပေါ့။ ၁၁ နဲ့ ၇ ပေါင်းရင် ၁၈၊ ၁၈ ကို ၁ နဲ့ ၈ ခွဲပြီး ပေါင်းလိုက်ရင်လည်း(၁၁+၇=၁၈ ၊ ၁+၈=၉) လာပါပြီဗျ ၉ ဂဏန်း။

ပြည်ပက မြန်မာ့အရေး ဆောင်ရွက်နေသူတွေကြားမှာတော့ သူတို့နည်းသူတို့ဟန်နဲ့ အဲ့ဒီ ဂဏန်းတွေကို လှောင်ပြောင် အဓိပ္ပာယ်ဖေါ်နေကြလေရဲ့။ ၇ - ၁၁ ဆိုတာ ၂၄ နာရီပတ်လုံး လိုတဲ့အချိန် ဈေးဝယ်လို့ရတဲ့ (ဆဲဗင်းအလဲဗင်း) စတိုးပါတဲ့။

သူတို့ရဲ့ နိုင်ငံရေးဟာသ အဆိုအရ နေပြည်တော်ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တော်တွေကို မဲဆန္ဒ ရှင် ပြည်သူတွေက နိုဝင်ဘာလ ၇ ရက်နေ့မှာ မဖြစ်မနေ ၀ယ်ယူရတော့မှာပါတဲ့။ “၂၄ နာရီပတ်လုံး ဖိနှိပ်ချုပ်ချယ်မှု တွေ ပေးမယ့် ၀န်ဆောင်မှုလုပ်ငန်းပါပဲ။ ဒုက္ခရောက်ဖို့သာ ပြင်ပေတော့"လို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးအတွက်ကတော့ နိုဝင်ဘာရွေးကောက်ပွဲကနေ ဘယ်လိုရလဒ်မျိုးထွက်လာမလဲဆိုတာကို ခန့်မှန်းတွက်ချက် ဖို့ ဗေဒင်ဆရာတွေ မလိုပါတော့ဘူး။ မဲ လိမ်ကွက်တွေ၊ ခြယ်လှယ်မှုတွေ၊ ပြည်ခိုင်ဖြိုး လို့ ခေါ်တဲ့ ကြံ့ဖွံ့ ပါတီ ရဲ့ လက်ဝါး ကြီး အုပ်မှုတွေက သူ့ရဲ့အောင်ပွဲကို ၉၉ ဒါမှမဟုတ် ၉၂ ရာခိုင်နှုန်း(၉+၂=၁၁) အာမခံပေးလိမ့်မယ်လို့ မျှော်လင့်နေမှာ မလွဲပါ။ ၂၀၀၈ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲတုန်းကလည်း သူ အဲ့ဒီလိုပဲ လံကြုတ် လုပ်ခဲ့တာ မဟုတ်လား။

Than Shwe Juggles the Numbers in Choosing Election Date by Yeni ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။