အစီအစဉ်အပြည့်နဲ့လူ

Thursday, 28 October 2010 13:39 သူ့အတွေး သူ့အမြင်
Print
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပတော့မယ့် ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက် သူ့ရဲ့တသက်တာ အရပ်သား အရေခြုံ အစိုးရသစ်အတွက် လက်စသပ် အစီအစဉ် တွေနဲ့ အလုပ်ရှုပ်နေပါတယ်။

စစ်အစိုးရဲ့“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လမ်းပြမြေပုံ”အစိတ်အပိုင်းတခုဖြစ်တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက် ပွဲ ဟာ တိုင်းပြည်ကို ထာဝရ စစ်အုပ်ချုပ်ရေးဆီ ခြေတလှမ်း ပိုနီးကပ်သွားစေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တပ်ကိုယ်စားလှယ်တွေအတွက် လွှတ်တော်ထဲမှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း အာမခံပေးမယ့် အခြေခံဥပဒေကို ဒီရွေးကောက်ပွဲက အသက်ဝင်စေမှာဖြစ်ပြီး လူထုအကျိုးသယ်ပိုးမယ့် ဒီမိုကရက်တစ် အတိုက်အခံတွေကိုတော့ ဒီရွေးကောက်ပွဲနဲ့ပဲ ဘေးဖယ်ထုတ် (၀ါ) ချောင်ထိုးသွားမှာမို့ပါပဲ။

စစ်အစိုးရအတွက် ဆောင်ရွက်စရာ လုပ်ငန်းအများစုက ပြီးနေပါပြီ။ ကြုံခဲ့သမျှ သဘာဝကပ်ဘေးထဲမှာ အဆိုးဝါးဆုံးလို့ မှတ်တမ်းတင်လောက်တဲ့ ဘေးအန္တရာယ်ဆိုးကြီးကြောင့် တိုင်းပြည်ရဲ့ လူဦးရေအထူထပ်ဆုံးဒေသမှာ ဒုက္ခ ပင်လယ် ဝေနေချိန် ၂၀၀၈ ခုနှစ်မှာ အခြေခံဥပဒေကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ ဒီအခြေခံဥပဒေကို ဆယ်စုနှစ် တခုကျော် ကြာ အချိန်ယူ ပြုစုခဲ့တာပါ။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူအသက်ပေါင်း ၁၄၀၀၀၀ ကျော် ဆုံးရှုံးခဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်သူ ၉၈ ရာခိုင်နှုန်းက အခြေခံဥပဒေသစ်ကို ဆန္ဒမဲပေးခဲ့ပြီး ၉၂ ရာခိုင်နှုန်းက ထောက်ခံမဲ ပေးခဲ့တယ်လို့ စစ်အစိုးရက ဆိုပြန်ပါတယ်။ တကယ်တမ်းပြောရရင် မဲရုံတွေကို မဲလာထည့်သူဦးရေ အမြောက်အမြား ရှိခဲ့တယ်ဆိုတဲ့ ပြောစကားနဲ့ ပတ်သက်လို့ သက်သေပြစရာ အင်မတန်ရှားလှ ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ကတော့ ထောက်ခံမဲနဲ့ ကန့်ကွက်မဲ နှစ်မျိုးသာရှိတဲ့ ရိုးရိုးစင်းစင်း လူထု ဆန္ဒခံယူပွဲမှာ မဲလိမ်ရတာထက် ပိုပြီးခက်ခဲပါလိမ့်မယ်။ ရွေးချယ်စရာတွေက ပိုလို့ များပြားရှုပ်ထွေးလာပါပြီ။ အတိုက် အခံ ပါတီတွေကို နှောင့်ယှက်ဟန့်တားဖို့ နည်းလမ်းစုံသုံးထားပေမယ့် အဓိကမဲဆန္ဒနယ်တချို့မှာ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(USDP) အရှက်တကွဲနဲ့ အပြတ်အသတ်မရှုံးနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။

ဒါကြောင့်လည်း စစ်အစိုးရက နိုင်ငံပိုင် အရင်းအမြစ်တွေကို အသုံးချပြီး USDP ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု များများရအောင် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ USDP အမည်ခံပြီး အတိုးနည်းနည်းနဲ့ ချေးငွေတွေထုတ်ပေး တာ၊ လမ်းဖောက် ပေးတာကအစ အတိုက်အခံပါတီတွေနဲ့ သူတို့ရဲ့ထောက်ခံသူတွေကို ခြိမ်းခြောက်ဖို့ ဒေသခံ အာဏာပိုင် တွေကို ညွှန်ကြားဆောင်ရွက်ခိုင်းတာအဆုံး စီစဉ်နေတာပါ။

အဲဒီ အရာတွေအားလုံး လုပ်နိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(EC) ဆိုတာကို ဗိုလ်ချုပ်မှူးကြီးရဲ့ သစ္စာခံတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူပိုင်ပစ္စည်းများ အလွဲသုံးစားမလုပ်ရဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေပါ အချက်ကို ဗြောင်ကျကျ ချိုးဖောက်တဲ့ စစ်အစိုးရကျောထောက်နောက်ခံ ပါတီရဲ့လုပ်ရပ်ကို EC က မျက်စိစုံမှိတ်ထားရုံသာမက အတိုက်အခံပါတီတွေက ပွင့်ပွင့်လင်းလင်း မဲဆွယ်မယ် ဆိုရင် ဒါမှမဟုတ် သူတို့ပြိုင်ဖက်ပါတီတွေကို ဝေဖန်မယ်ဆိုရင်
ကြီးလေးတဲ့ ရာဇ၀တ်မှုမြောက်တယ်လို့တောင် ဥပဒေထုတ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကို ပြည်ဝင်ခွင့်မပေးဘူးလို့လည်း EC က ဆိုပါ တယ်။ သဘောကတော့ USDP ပါတီ မနိုင်မချင်း ဗိုလ်ချုပ်မှူးကြီးက ဆက်ပြီးကာပေးထားမယ်ဆိုတဲ့ သဘောပါပဲ။

စစ်အစိုးရအလိုကျသူတွေကိုသာ ခန့်အပ်နိုင်ဖို့ သူ့ရဲ့အကွက်ကျကျ ရေးဆွဲထားတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ရာမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ အဓိကအကျဆုံး အခန်းကဏ္ဍကတော့ ဒေသတွင်းမှာ လှည့်လည်သွားလာပြီး ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးက ဘယ်လိုပဲ တရားဝင်မှုကင်းမဲ့နေပါစေ အရင်းနှီးဆုံး အိမ်နီးချင်းမဟာမိတ်တွေက ရွေးကောက်ပွဲရလဒ်ကို လက်ခံလာအောင် လုပ်ဖို့ပဲဖြစ်ပါတယ်။

ဇူလိုင်လ နယူးဒေလီခရီးစဉ်ကစလို့ ဗိုလ်ချုပ်မှူးကြီးဟာ အာရှမြို့တော်တွေဖြစ်တဲ့ ဘေဂျင်းကနေ ဗီယမ်ကျင်း အထိ  ခြေဆန့်ခဲ့ပါတယ်။ လူကြိုက်နည်းပြီး မှုန်တေတေနေတတ်တဲ့ နိုင်ငံ့ခေါင်းဆောင် တယောက်ဟာ အခြေအနေက တောင်းဆိုလာတဲ့ အခါမှာ ဘယ်လောက်အထိ လိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်တယ် ဆိုတာကို အခြားသူတွေ သိစေဖို့ ဒီလို ခရီးစဉ်တွေကို စီစဉ်ခဲ့တာပါ။

အိန္ဒိယမှာတုန်းက ဇနီးဒေါ်ကြိုင်ကြိုင်နဲ့အတူ ဗုဒ္ဓဂယာကို သွားလည်ခဲ့တယ်။ နှစ်နိုင်ငံ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေ ဒီ့ထက်ပို တိုးတက်လာဖို့ အိန္ဒိယအစိုးရနဲ့ စာချုပ်တွေ လက်မှတ်ထိုးခဲ့တယ်။ နိုင်ငံတော်ခရီးစဉ်လည်းဖြစ် အပန်းဖြေခရီးစဉ်လည်း ဖြစ်တဲ့ တရုတ်ပြည်ကို သွားတဲ့အခါမှာလည်း သူ့မိသားစုတစုလုံးအပြင် အစိုးရဖြစ်လာမယ့် သူ့လူတွေကိုပါ ခေါ်သွားခဲ့တယ်။ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တွေဖြစ်တဲ့ ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့၊  သမ္မတ ဟူကျင်းတောင် တို့နဲ့ မတွေ့ဖြစ်တဲ့အချိန်တွေမှာ ရှန်ဟိုင်းမှာ ဈေးဝယ်ထွက်တဲ့အခါထွက် ဒါမှမဟုတ်ရင်လည်း “တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံတွေလေ့လာဖို့” ရှီဇန်းမှာ လှည့်လည်ကြည့်ရှုနေခဲ့တာ ဖြစ်ပါတယ်။

လာအိုမှာ ဆွဲဆောင်စရာ သိပ်မရှိခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးလိုချင်တဲ့ အရာကိုတော့ လာအိုနိုင်ငံက လုပ်ပေးနိုင်ခဲ့ပါ တယ်။ ဒါက ဘာလဲဆိုတော့ အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် နိုင်ငံတနိုင်ငံဆီက မြန်မာ့ရွေးကောက်ပွဲအပေါ် ထောက်ခံချက်ပါပဲ။ ဒါနဲ့ပတ်သက်ပြီး စစ်အစိုးရပိုင် သတင်းစာတွေထဲမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လာအိုနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာဖြစ်တဲ့ The Vientiane Times သတင်းစာမှာတော့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအကြောင်း အရိပ်အမွက် လောက် ဆိုသလောက်ပဲ ပါပါတယ်။

နယူးဒေလီနဲ့ ဘေဂျင်းမှာတောင် ရွေးကောက်ပွဲထောက်ခံမှုနဲ့ပတ်သက်ပြီး အဲ့ဒီအစိုးရတွေက ရေရေရာရာ ပြောခဲ့တာ မရှိပါဘူး။ တချိန်က မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးသူဖြစ်ခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့  သယံဇာတတွေကို တရုတ်က အကုန်မယူသွားခင် ရသလောက်ယူမယ်ဆိုတဲ့ သဘောဘက် ပိုယိုင်နေတဲ့ အိန္ဒိယ နိုင်ငံ က ကြားနေ သဘောထားကို ဖော်ပြခဲ့တာပါ။ နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ“ရွေးကောက်ပွဲနှင့် ပတ်သက် ၍ အသေးစိတ် ရှင်းလင်းတင်ပြချက်များအတွက် မြန်မာကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း၊ အမျိုးသား ပြန် လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် သက်ဆိုင်သူအားလုံးပါဝင်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သော ဒီမိုကရေစီ အပြောင်းအလဲများ၏ အရေးပါမှုကို မိမိတို့အနေနှင့် အလေးထားပါကြောင်း” အိန္ဒိယ နိုင်ငံခြား ရေး ၀န်ကြီးဌာနက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ အနောက်နိုင်ငံတွေကို ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ ရိုးရိုးပဲ ပြောတာပါ။ စက်တင်ဘာ ၇ ရက်နေ့ က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံပြောဆိုခွင့်ရှိသူ အမျိုးသမီး ကျီယန်ယုက“နိုင်ငံတကာ အသိုင်း အ၀န်း အနေနဲ့ မကြာခင် မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲကို အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်။ ဒါ့အပြင် နိုင်ငံတခုရဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်နဲ့ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်မှုတွေအပေါ် ဆိုးကျိုးသက်ရောက်စေမယ့် အရာတွေကနေလည်း ရှောင်ရှားနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့် ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဒီလောက်ဆိုရင် ဗိုလ်ချုပ်မှူးကြီးအတွက် လုံလောက်နေပါပြီ။ နိုင်ငံထဲမှာ သူလုပ်ချင်တာတွေကို လုပ်နိုင်ဖို့အတွက် အပြင်က အဆိုးမြင်တာတွေကို သိပ်စိုးရိမ်စရာမလိုဘဲ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့သာ လိုတယ်ဆိုတာကို သူသိပါ တယ်။ ဒါကြောင့်ပဲ အောက်တိုဘာ ၁၁ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ်နဲ့ တွေ့တဲ့အချိန် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာရှိမှုနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေရဲ့သံသယရှိမှုကို ၀န်ကြီးချုပ်က ပြောပြချိန်မှာ ဗိုလ်ချုပ်မှူးကြီးက “အဲ့ဒီစိုးရိမ်ချက်တွေကို ကျနော်သိပါတယ်၊ ဒါပေမယ့် ကျနော်တို့ ပြင်ပအကူအညီတွေ မလိုအပ်ပါဘူး”လို့ ပြောခဲ့တာပါ။

လက်ရှိအခြေအနေ အတိုင်းဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခုတောင် ရွေးကောက်ပွဲနိုင်ပြီလို့ ကြေညာလို့ ရနိုင် ပါတယ်။ သူ့ကို တကယ်တမ်းမထောက်ခံတဲ့ ဟိုးအဝေးက သူ့မဟာမိတ် အနောက်နိုင်ငံတွေကတောင် ဒီရွေးကောက်ပွဲမှာ သူ့ကို နိုင်စေချင်နေတယ်ဆိုတာကို သူသိပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ရွေးကောက်ပွဲပြီးသွားရင် မျိုးဆက်သစ်ခေါင်းဆောင်တွေ နေရာရလာလိမ့်မယ်လို့ ယူဆနေကြတာကိုး။

ဒါပေမယ့် အဲ့ဒီနိုင်ငံတွေ နားမလည်သေးတဲ့အချက်ကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့အစီအမံထဲမှာ သူ နိုင်ငံရေးဇာတ်ခုံပေါ် က ပျောက်ကွယ်သွားရေးဆိုတာကို ထည့်သွင်းမထားတာ ပါပဲ။      ။