အခြေခံဥပဒေ၊ အလံတော်သစ်နဲ့ ရွေးကောက်ပွဲ

Saturday, 30 October 2010 16:07 သူ့အတွေး သူ့အမြင်
Print
သတင်းတွေထဲမှာ အခုရက်ပိုင်း အံ့အားသင့်စေခဲ့တဲ့ သတင်းတပုဒ်ကတော့ သုံးရောင်ခြယ်၊ ကြယ်ဖြူတလုံးပါ နိုင်ငံတော် အလံတော်သစ်ကြီး လွှင့်ထူတယ် ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ နိုင်ငံရေးအင်အားစုများ ကိုလည်း အံ့အားတသင့် ဖြစ်စေခဲ့တာပါ။ 

ဒီနိုင်ငံတော် အလံသစ်ကတော့ ၂၀၀၈ ခုနှစ် နာဂစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ အလံတော်သစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် အနီရောင်အောက်ခံ၊ အပြာရောင်မှာ အလယ်က အဖြူရောင် ကြယ်ဖြူကြီးတလုံးနဲ့ အရံကြယ် ငါးလုံးပါ နိုင်ငံတော်အလံကိုလည်း အမှတ်ရနေမယ်ထင်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ ၁၂ နှစ်ကျော် လွှင့်ထူခဲ့တာပါ။

အဲဒီနောက် တော်လှန်ရေးကောင်စီကနေ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ ၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ လယ်သမားကိုယ်စားပြု စပါးနှံ၊ အလုပ်သမားကိုယ်စားပြု ခွေးသွားစိတ်နဲ့၊ တိုင်းနဲ့ ပြည်နယ် ကိုယ်စားပြု ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် အလံကို စစ်အစိုးရက အောက်တိုဘာလ ၂၁ ရက်၊ ညနေ ၃ နာရီမှာ ဖြုတ်ချလိုက်တာဟာ ထူးဆန်းနေပါတယ်။

အခု အလံတော်သစ်ကို ပြန်ကြည့်လိုက်ရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ပြဌာန်းထားတဲ့အလံလည်း ဖြစ်ပါတယ်။ ဒီ ဖွဲ့စည်းပုံဟာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက သဘောတူ ရေးဆွဲထားတာလည်း မဟုတ်ပါဘူး။ ကမ္ဘာ့အရှည်ကြာဆုံး အမျိုးသား ညီလာခံကနေ တဖက်သတ် ရေးဆွဲ အတည်ပြုထားတာပါ။

နိုင်ငံတနိုင်ငံမှာ အခြေခံဥပဒေ ရေးဆွဲတယ်ဆိုတာ တမျိုးသားလုံး သင့်မြတ်နေတဲ့ အချိန်မျိုးမှာသာ ရေးဆွဲသင့်ကြတာပါ။ အခြေခံဥပဒေကို နိုင်ငံသားတိုင်း လိုက်နာရမယ့် တာဝန်ရှိပါတယ်။ အခု စစ်အာဏာရှင်တွေ တဖက်သတ် ရေးဆွဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကလည်း ပထမဆုံး ပြည်ထောင်စုလွှတ်တော် ခေါ်ပြီးမှသာ အသက်ဝင်မှာလို့ အခြေခံဥပဒေမှာ ဆိုထားပါတယ်။ အလံသစ်ကို လွှတ်တော် မခေါ်ခင်ကတည်းက စတင်အသုံးပြုတာဟာ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုတောင် သူတို့ မလေးစား၊ မလိုက်နာဘဲ လုပ်ချင်ရာလုပ်မယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပြီး ရွေးကောက်ပွဲ အလွန်မှာလည်း ဒီလိုပဲ လာမယ်ဆိုတာကို ကနဦး ပြသလိုက်သလိုပါပဲ။

အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ၁၉၄၇ ခုနှစ် နေသူရိန် အစည်းအဝေးကြီးကနေ ဖြစ်ထွန်းလာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် မဆလရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး ၃ မျိုးတောင် ရှိသွားပါပြီ။ ရာစုဝက်ကျော် ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ မျိုးပြောင်းလဲတဲ့ မြန်မာနိုင်ငံလို့ ဆိုရမှာပါ။

လေ့လာဆန်းစစ်ကြည့်ရင် မြန်မာနိုင်ငံမှာ အခြေခံဥပဒေတွေကို ကိုယ်တိုင် ပူးပေါင်း ပါဝင်ရေးဆွဲပြီး အသက်နဲ့ကာကွယ်ပါမယ်လို့ ကတိသစ္စာပြုသူတွေ ကိုယ်တိုင်က အခြေခံဥပဒေကို နင်းခြေဖျက်ဆီးခဲ့ကြတာပါပဲ။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတော့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ လက်ထက်မှာ တချိန်က ၁၉၄၇ အခြေခံဥပဒေကို အသက်နဲ့ ကာကွယ်ကြပါမည်ဆိုတဲ့သူတွေက ၁၉၄၇ အခြေခံဥပဒေကို သူတို့ကိုယ်တိုင် နင်းချေကျောခိုင်းပြီး တော်လှန်ရေးကောင်စီရဲ့ ၃၃ ဦး အကြံပေးအဖွဲ့ဝင်တွေ ဖြစ်လာပါတယ်။ ဦးနေဝင်းနဲ့ သူ့အဖော်တွေဟာလည်း ၁၉၈၈ အရေးပေါ်ညီလာခံကနေ ၁၉၇၄ အခြေခံဥပဒေကို လွှတ်ချနင်းချေပြီး စစ်တပ်နဲ့ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ဖို့ ဖန်တီးခဲ့တာပါ။

အခုကျတော့ နအဖစစ်ဗိုလ်ချုပ်တွေဟာ သူတို့ အခြေခံဥပဒေကို အသက်တောင် မဝင်သေးခင် စောစောစီးစီး နင်းချေပြနေပါပြီ။

နိုင်ငံတနိုင်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ နိုင်ငံတော်အလံရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ အလံတော်ဆိုတာ တိုင်းပြည်ရဲ့ သင်္ကေတနဲ့ အခြေခံဥပဒေကို နိုင်ငံသားတိုင်း လေးစားလိုက်နာကြရမယ်ဆိုတာ အားလုံး အသိဖြစ်ပါတယ်။

နိုင်ငံတော်အလံသစ်ကို စစ်အစိုးရက တရားဝင် လွှင့်ထူတာနဲ့ ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ကြီးများ အမြဲယုံကြည် အားထား လုပ်ကိုင်လေ့ရှိကြတဲ့အတိုင်း ဗေဒင်သဘော၊ ယတြာသဘောတွေနဲ့ လုပ်ဆောင်တာလို့ ပြောသူတွေ၊ ကောလာဟလတွေလည်း အစီအရီ ပေါ်ထွက်လာပါတယ်။ စစ်ခေါင်းဆောင်များဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းမှု၊ မတရားလုပ်ရပ်တွေကို ကိုယ်တိုင်လုပ်ဆောင်နေကြလေတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းပြီး ဗေဒင် ယတြာတွေကို ယုံစားလိုက်နာလာကြတာပါ။

အွန်လိုင်းမှာ ပြန့်နေတဲ့ အလံသစ် အဓိပ္ပာယ် ဖွင့်ဆိုချက်တခုကို ဒီနေရာမှာ ဖော်ပြပါရစေ။ ဖွင့်ဆိုချက် အမျိုးမျိုးအနက် ဒီတခုက စိတ်ဝင်စားစရာ ကောင်းလို့ပါ။

အ၀ါ = သံဃာတော်များ
အစိမ်းရောင် = ကျောင်းသား၊ ကျောင်းသူများ
အနီရောင်က = သွေးစွန်းခြင်း (သို့) နိုင်ငံရေးပါတီများ
ကြယ်ဖြူကြီး = စစ်တပ်ကိုယ်စားပြု၊ ငါးထောင့်ချွှန်နဲ့ ဖိနှိပ်ထားခြင်းတဲ့။

ဆိုလိုတာက စစ်တပ်ကပဲ အားလုံးကို အမြဲဖိနှိပ် အုပ်ချုပ်ထားတော့မယ်ဆိုတဲ့ သဘော။

ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာ ပညာရှင်များအဆိုအရ အစိုးရနဲ့ ပြည်သူအကြား စာချုပ် (Contract between the government and it’s people) သဘော သက်ရောက်ရမှာ ဖြစ်ပေမယ့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကတော့ ဒီသဘောမျိုး လုံးဝ မတွေ့ရပါဘူး။ အလားတူ ရွေးကောက်ပွဲ အကြိုကာလမှာ စစ်ခေါင်းဆောင်တွေက ၁၉၉၀ ရွေးကောက်ပွဲကြီးတုန်းက သူတို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ သင်ခန်းစာတွေကို နမူနာယူပြီး အဲဒီလို ထပ်မဖြစ်အောင် အပိုင်အနိုင်လုပ်နေတာ တွေ့နေကြတာပါ။

ဒီမိုကရေစီ အင်အားစုများဖြစ်တဲ့ ဦးသုဝေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးခင်မောင်ဆွေ စသူများ၊ တိုင်းရင်းသားပါတီတချို့ စတဲ့ အလွန်အားနည်းတဲ့ အင်အားစုများအနေနဲ့ ၁၉၉၀ တုန်းက ရလဒ်လိုမျိုး မျှော်လင့်ဖို့ မလွယ်ပါဘူး။ စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကတော့ အားလုံးကို သေချာအကွက်ချထားပြီးသားဆိုတာ တွေ့မြင်နေကြရတာပါ။

ကြံ့ဖွံ့ပါတီနဲ့ မိတ်ဆွေလို့ အများစုထင်မြင်နေတဲ့ မဆလပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ အခုဆိုရင် တချို့ မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့ကို မယှဉ်နိုင်အောင် ဖိအားပေးခံနေရတယ်လို့ တစညနဲ့ နီးစပ်သူတွေကနေ ကြားရပါတယ်။

ရွေးကောက်ပွဲအခင်းအကျင်းကို သေချာကြည့်လေ ထင်ထင်ရှားရှား သဲသဲကွဲကွဲနဲ့ ရွေးကောက်ပွဲလွန်ကာလကို မြင်နေရတာပါ။ ညွန့်ပေါင်း အစိုးရတရပ်အဖြစ်နဲ့တောင် ကြံ့ဖွံ့ပါတီက မလိုလားပါဘူး။ အာဏာအားလုံး သူတို့လက်ထဲမှာသာ ရှိနေအောင် အခုကတည်းက သေချာ အကွက်ချ စီစဉ်နေကြတာပါ။ ရွေးကောက်ပွဲ လွန်ကာလအတွက် ဒီမိုကရေစီအင်အားစုများရဲ့ ရပ်တည်ရေး အာမခံချက်ကတော့ ထုံးစံအတိုင်း ဘုရာပြီး ငြမ်းဖျက်ဆိုသလို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖယ်ရှားခြင်း ခံကြရတော့မှာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့လူအရင်းပါဆိုတဲ့ ဗိုလ်ခင်ညွန့်တို့လို သူတွေကိုတောင် မယုံကြည်ဘဲ အချိန်တန်တော့ ဖယ်ရှားပစ်လိုက်ကြတာကို ကြည့်ရင် ဒီမိုကရေစီ အင်အားစုများအတွက် အာဏာ အစိတ်အပိုင်းနဲ့ ယုံကြည်မှုရဖို့ဆိုတာ ဝေးပါသေးတယ်လို့ ပြောရမှာပါ။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အခြေအနေရဲ့ ထွက်ပေါက်လို့ ထင်မှတ်မှားနေမှုတွေ အဆုံးသတ်သွားတော့မှာပါ။ ဒီရွေးကောက်ပွဲဟာ နိုင်ငံသားတွေ လိုချင်နေတဲ့ တကယ့် အပြောင်းအလဲကိုလည်း ပေါ်ပေါက်စေမှာ မဟုတ်သလို နိုင်ငံတကာက မြင်ချင်သလို လွတ်လပ်ပြီး တရားမျှတတဲ့၊ အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

အခု ရက်ပိုင်းသာလိုတော့တဲ့ အချိန်အထိ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးသေးဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ မဲဆွယ်မှု အခွင့်အလမ်းတွေ မရှိဘူး။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲမှာ စတိသဘော နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်တယ်ဆိုတာကို ပြသချင်တာပါပဲ။

နိုင်ငံတကာ အမြင်မှာ နိုင်ငံရေးပါတီတွေ တရားဝင် ရပ်တည်ခွင့်ပေးတယ်၊ လွတ်လပ်စွာ မဲဆွယ်ခွင့်ပေးတယ် စသည်ဖြင့် ဟန်ပြသဘော လုပ်ပြဖို့အတွက် ဒီမိုကရေစီ အင်အားစုတချို့ကို အသုံးချပြီး စစ်အာဏာရှင် တရားဝင် ရပ်တည် အုပ်ချုပ်ရေးကို အသက်ဆက်ဖို့လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲမပေးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေချိန်မှာ တဖက်ကလည်း စစ်အစိုးရကိုယ်ပွား မြန်မာ NGO အဖွဲ့တွေက i Vote လှုပ်ရှားမှုများနဲ့ တန်ပြန် လုပ်ရှားဆောင်ရွက်လာတာ တွေ့နေကြရတာပါ။

ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ဆောင်ရွက်ခွင့်တွေကတော့ ဝေလာဝေး အရိပ်တောင် မမြင်ရပါဘူး။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ လှုပ်ရှားခဲ့တဲ့ သံဃာတော်တွေကို အခုထိ အကျဉ်းထောင်ထဲက ပြန်မလွှတ်သေးပါဘူး။

လာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သငြ့်မတ်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ အတွက် ဘာမှ အဖြေ တစုံတရာ ထွက်လာစရာ မရှိတာကြောင့် NLD၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ ကျောင်းသားခေါင်းဆောင်များ စတဲ့အင်အားစုများက ကလေးမြို့ ကြေညာစာတမ်းကနေ ဒုတိယ ပင်လုံညီလာခံတခု ခေါ်ယူဖို့ တိုက်တွန်း နိုးဆော်လာတာ တွေ့ရပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုမှုတွေကို စစ်အစိုးရက မျက်ကွယ်ပြုခဲ့ပြီး နိုင်ငံတော် အလံသစ်ကို လွှင့်ထူခြင်းဖြင့် သူတို့ရဲ့ အခြေခံဥပေဒကို မလေးမစားမှုများ ပြသနေပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ အလံသစ် ဘယ်လောက် ကြာကြာခံမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကို ကျင်းပကြတော့မှာပါ။ စစ်အာဏာရှင်တွေက အသက်မဝင်သေးတဲ့ အခြေခံဥပဒေပါ အလံသစ်ကို ထူနေပါပြီ။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဒီအလံသစ်၊ ဒီရွေးကောက်ပွဲကတော့ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ တိုင်းရင်းသား ပြဿနာတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ၊ ဒီမိုကရေစီအရေး စတာတွေကို ဖြေရှင်းနိုင်မယ့် အနေအထား လုံးဝ မရှိတာကတော့ အသေအချာပါပဲ။ ကျနော်တို့ အတိုက်အခံတွေကတော့ ဘယ်လို ဆက်လက်လုပ်ဆောင်ကြမယ်ဆိုတာကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက် စောင့်စားကြည့်ရှုကြရုံသာ ဖြစ်ပါတယ်။