ဆက်လက် ရေပန်းစားနေဦးမယ့် ဒေါ်အောင်ဆန်းစုကြည်

Wednesday, 03 November 2010 19:54 သူ့အတွေး သူ့အမြင်
Print
ဒေါ်အောင်ဆန်းစုကြည် ပြင်ပကမ္ဘာနဲ့ တိုက်ရိုက်ထိစပ် နေရအောင် တွီတာ (Twitter) အသုံးပြုဖို့ စိတ်ဝင်စားတယ်လို့ မကြားသေးခင်က ပြောလိုက်တဲ့ အပေါ်မှာ မြန်မာလူငယ် တော်တော်များများ သဘောကျသွား ကြပါတယ်။ သူတို့က  “အန်တီစု” လို့ အဖျားဆွတ်ခေါ်တဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးက အွန်လိုင်းပေါ်မှာ ထိတွေ့ဆက်ဆံကြတဲ့ နောက်ဆုံးပေါ် လူမှုကွန်ရက်ကိုတောင် သိနေပါလားဆိုပြီး လေးစားသွားကြတာပါ။

ဒါပေမယ့် တချို့တွေကျတော့လည်း သိပ်သဘောမတွေ့ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်က တွီတာ အစား ဖေ့စ်ဘုတ်ခ် (Facebook) ကို သုံးသင့်ကြောင်း၊ ဒါမှသာ သူတို့က နောက်ကလိုက်သူတွေ (Followers) ဖြစ်ရတာထက် ဒေါ်အောင်ဆန်း စုကြည်နဲ့ သူငယ်ချင်း မိတ်ဆွေတွေ (Friends) ဖြစ်သွားမှာလို့ အကြံပြုထားတဲ့ သူတို့အမြင်တွေကို ကိုယ်ပိုင်ဖေ့စ်ဘုတ်ခ်နဲ့ ဧရာဝတီလို ပြည်ပသတင်းဌာန အင်တာနက် စာမျက်နာတွေမှာ ရေးသားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၁ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုစုပေါင်း အကျယ်ချုပ် သက်တမ်းက ၁၅ နှစ်ရှိခဲ့ပြီဖြစ်တာကြောင့် တကယ်လို့ များ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုရင် ရဲရင့်ပွင့်လင်းတဲ့ ကမ္ဘာသစ်အကြောင်း လေ့လာစရာတွေ သူ့အတွက် တပုံတပင် ရှိနေမှာပါ။ သူနဲ့တခါမှ မတွေ့ဆုံဖူးဘဲ ကြီးပြင်းလာကြတဲ့ မျိုးဆက်တွေ တဆက်ပြီးတဆက် ရှိလာပေမယ့် နိုင်ငံရေးဝဲဂယက်ထဲ ပိတ်မိနေတဲ့ တိုင်းပြည်အတွက် မျှော်လင့်ချက်ရောင်ခြည်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ရှိနေဦးမယ်ဆိုတာ သံသယမရှိနိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြောဆိုတာကို ပြည်ပလေ့လာသူတချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ စိတ်ခံစားချက်နဲ့ သူဘယ်လောက် ကွာနေပြီလဲဆိုတာ ဒီ အချက်က ပြလိုက်တာပဲလို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာ ရှိနေကြတဲ့ လူတော်တော်များများကတော့ ဒီအမြင်က စစ်အစိုးရအပေါ် လူထုမှာရှိတဲ့ ဒေါသအတိမ်အနက်ကို လျှော့တွက်လိုက်တာ၊ အထူးသဖြင့် လူငယ်တွေရဲ့ ဒေါသ ကို လျှော့တွက်လိုက်တာပဲလို့ မြင်ကြပါတယ်။

“ရွေးကောက်ပွဲမှာ မပါဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် ဒေါ်စုကို ပိုပြီးတော့တောင် လူသိများသွားသေးတယ်” လို့ အမည် မဖော်လိုသူ ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ပြောပါတယ်။

အခု ကျင်းပတော့မယ့် ရွေးကောက်ပွဲဆိုတာ သူတို့တသက်လုံး သိကျွမ်းလာရတဲ့ ခြစားမှု၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုတွေ ပိုဖြစ် လာစေဖို့အတွက်သာ ဖြစ်တယ်လို့ လူငယ်တော်တော်များများက မြင်ကြပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အရေးအတွက် အားမလို အားမရ ဖြစ်နေကြတဲ့ ဒီလူငယ်မျိုးဆက်ရဲ့ ခိုင်မာတဲ့ထောက်ခံမှုကို ရနေတာ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းတော့ မဟုတ်ပါဘူး။

“လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးအတွင်း ပေါ်ထွက်ခဲ့တဲ့ အကျဉ်းကျ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကို အရူးအမူး လေးစားကြပါတယ်”လို့ သတင်းထောက် တဦးက ဆိုပါတယ်။

တိုင်းပြည်ကို နိုင်ငံရေးအကျပ်အတည်းကနေ ဆွဲထုတ်ပေးနိုင်မယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲလို့ စွဲစွဲမြဲမြဲ မှတ်ယူထားတဲ့ သာမန်မြန်မာပြည်သူတွေအကြား ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးပါမှုကို ယှဉ်ပြိုင်လိုသူ တချို့တလေလည်း ရှိကြပါတယ်။

“ဖေ့စ်ဘုတ်ခ်ကို ရှင် ၀င်ကြည့်လိုက်ပါ။ လူတိုင်းက ဒေါ်စုအကြောင်းပဲ ပြောနေကြတာ” လို့ ဒေါ်အောင်ဆန်းစုကြည်ကို တခါမှ လူချင်းမတွေ့ဆုံဖူးပေမယ့် သူရဲ့ သူရဲကောင်းတဦးအဖြစ် တန်ဖိုးထားတဲ့ အသက် ၁၉ နှစ်အရွယ် ရန်ကုန်သူ မနိုင်နိုင်က ပြောပါတယ်။ “ဒေါ်စုက ကျမတို့ရဲ့ မျှော်လင့်ချက်ပါ”လို့လည်း မနိုင်နိုင်က ဆိုပါတယ်။

ဒီလိုပြောဆိုနေတာတွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်တဲ့သူ မရှိတော့ဘူးလို့တော့ မဟုတ်ပါဘူး။ အထူးသဖြင့် စစ်အစိုးရ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီးလက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေ သုံးစေလိုတဲ့ လူတွေကြားမှာ သူ့ကို ဝေဖန်ပြောဆိုမှုတွေ အများဆုံးတွေ့ရပါတယ်။

NLD နဲ့ NLD ခေါင်းဆောင်ဟောင်းတချို့ ဖွဲ့စည်းထားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) အကြား အပြန်အလှန် ပြောဆိုမှုတွေကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရပ်တည်ချက်နဲ့ ပတ်သက်လာရင် အလျှော့ပေးမယ့်ပုံ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။ 

“NLD နဲ့ NDF အကြား ဖြစ်နေတဲ့ မပြေလည်မှုတွေက ဘာမှအကျိုးမရှိ အလဟဿ ဖြစ်စေပါတယ်။ ကျနော်တို့ အားလုံး အခု အချိန်မှာ အာရုံစိုက်သင့်တာက ကျနော်တို့မှာရှိနေတဲ့ အခွင့်အလမ်းတွေအားလုံးကို ဘယ်လိုမျိုးအသုံးချမလဲဆိုတာပဲ ဖြစ်ပါ တယ်”လို့ ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ဆိုပါတယ်။

ဒါပေမယ့် အဲဒီအခွင့်အလမ်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ကြားမှုက မှေးမှိန်သွားမှာ မဟုတ်သလို စစ်အစိုးရနဲ့ သူရဲ့လက်ဝေခံ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို လက်စားချေလိုတဲ့၊ နည်းလမ်းရှာနေ ကြတဲ့ လူငယ် မဲဆန္ဒရှင်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ဆုံချက်တခု ဖြစ်နေဆဲပါလို့ အဲဒီ အယ်ဒီတာက ဖြည့်စွက် ပြောပါတယ်။

NDF တည်ထောင်သူတွေထဲက တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတောင်  ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်မယ်ဆိုပါက ကြံ့ဖွံ့ပါတီက အပြတ်အသတ်အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်က တမျိုးတဖုံ ပြောင်းလဲသွား မယ်လို့ ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကသာ ဆန္ဒရှိတယ်ဆိုရင် ရွေးကောက်ပွဲအပြီးမှာ သူ့ပါတီကို ဖျက်သိမ်းပေးဖို့ အဆင့်သင့်ပါပဲလို့ ဦးခင်မောင်ဆွေက ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် အဓိက အတိုက်အခံ ပါတီသစ်တခု ဖွဲ့စည်းခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်အဖြစ် ရှုမြင်မှုကို မှေးမှိန်သွားစေ နိုင်တယ်လို့ မျှော်လင့်သူတွေကြားမှာတော့ အဲဒီပြောဆိုချက်ဟာ ဒေါသထွက်စေခဲ့တယ်လို့ အတွင်းသတင်းအရ သိရပါတယ်။

ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို နယ်ရုပ်သဖွယ် စစ်အစိုးရက အသုံးချလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလည်း မကြာသေးခင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ မစ္စတာ ပီ ဂျေ ခရော်လေရဲ့ တုံ့ပြန်ပြောဆိုချက်ကြောင့် အခါနှောင်းသွားရပြန်ပါပြီ။ ရွေးကောက်ပွဲအပြီး တပတ်ပင်မရှိတဲ့ နိုဝင်ဘာ ၁၃ ရက် နေ့မှာ နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်ပြီ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ကောင်း လွတ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို မစ္စတာ ခရော်လေက တုံ့ပြန်ပြောဆိုခဲ့တာပါ။

“ဒါက သရဲဘောကြောင်တဲ့ လုပ်ရပ်တခုပါ။ ဘယ်လိုမှ တရားမျှတမှု၊ လွတ်လပ်မှု ဒါမှမဟုတ် ဂုဏ်သိက္ခာမရှိနိုင်တဲ့ ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည် လွတ်ကောင်းလွတ်မယ်လို့ သူတို့တွေ စကားဦးသန်းနေတာတွေက တကယ့်ကို စိတ်ပျက်စရာပါ” လို့ သတင်းထောက်တွေကို မစ္စတာ ခရော်လေက ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက လာမည့်ရက်သတ္တပတ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ့် ရက်ပြည့်ပြီဆိုတာကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးက မငြင်းပါဘူးလို့ ပြောအပြီး မစ္စတာ ခရော်လေရဲ့မှတ်ချက် ပေါ်ထွက်ခဲ့တာ ပါ။ သူ့ရဲ့ပြောစကားထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်လည်း ပါခဲ့ပါတယ်။

“ကျနော်တို့ နားလည်ချက်ကတော့ နိုဝင်ဘာလမှာ သူ့ရဲ့ အကျယ်ချုပ်သက်တမ်း ပြည့်သွားပြီဆိုတာပါပဲ။ အဲဒီနားလည်ချက် အပေါ်မှာလည်း ဘာမှပြန်လည်ချေပ ငြင်းခုန်တာလည်း မရှိခဲ့ပါဘူး” ဟု ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ နာတာလီဂါဝါက ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်က မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့သောကြာနေ့ကပဲ သူ့ရဲ့ရှေ့နေတွေက မူလတရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံတင်ခဲ့ပါသေးတယ်။ ၂၀၀၃ ခုနှစ် မေလကတည်းက ကျခံခဲ့ရတဲ့ နေအိမ် အကျယ်ချုပ် သက်တမ်း ၆ နှစ်ကို နောက်ထပ် ၁၈ လ ထပ်ပေါင်းလိုက်တဲ့ စီရင်ချက် ဖြစ်ပါတယ်။

အခုလို တရားဥပဒေကြောင်းအရ လုပ်ဆောင်ချက် ဒါမှမဟုတ် နိုင်ငံတကာ အသိုင်းအ၀န်းက တောင်းဆိုချက်တွေက သူ့ ဥပဒေကိုသူ ပြန်ချိုးဖောက်၊ နိုင်ငံတကာရဲ့ သဘောထားကို ဘယ်တုန်းကမှ အလေးမပြုတဲ့ စစ်အစိုးရအပေါ် တစုံတရာ သက်ရောက်နိုင်မှု ရှိမရှိဆိုတာကတော့ စောင့်ကြည့်ဦးမှာပါ။

သို့သော် တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်ဆိုပါတော့။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအလွန် အခင်းအကျင်း မှာ သူ ဘယ်နေရာကနေ လှုပ်ရှားသွားမလဲဆိုတဲ့ ခန့်မှန်းပြောဆိုချက်အသစ်တွေ ထွက်ပေါ်လာဦးမှာပါ။ လက်ရှိ အခြေခံ ဥပဒေအသစ်အရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးပါတီ တာဝန်ထမ်းဆောင်ခြင်းမှ တားမြစ်ခံထားရပါတယ်။

ဒါပေမယ့် ၁၉၄၈ လွတ်လပ်ရေးမရခင် ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို တကူတကွ ယှဉ်တွဲနေထိုင်နိုင်စေဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ သူ့ဖခင် ဗိုလ်ချုပ် အောင်ဆန်း လျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်လှမ်းနိုင်တဲ့ နိုင်ငံ့ ခေါင်းဆောင် တဦးအဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုပေးနိုင်ပါတယ်။

စစ်တပ်က ကျောထောက်နောက်ခံပေးထားမယ့် အစိုးရသစ်က ရွေးကောက်ပွဲလွန် အခြေအနေတခုလုံးကို ဒေါ်အောင်ဆန်း စုကြည်က ဖြိုလှဲဖျက်ဆီးပစ်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်ဆိုတဲ့ ယူဆချက်ရှိပါတယ်။ ဒါကလည်း လက်ရှိအာဏာရ ဗိုလ်ချုပ်ကြီးတွေက သူတို့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ မျိုးဆက်သစ် ဗိုလ်ချုပ်တွေရဲ့ အစွမ်းအစကို ဘယ်လောက် ယုံကြည် သလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်အသိအမှတ်ပြုချက် တခုပေးလိုက်ရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ဘယ်လိုပဲ သေသေချာချာ တွက်ချက်ထား၊ ဒါမှမဟုတ် သူ့ကို သာမန်လွှတ်ပေးလိုက်သည်ပဲထား၊ မြန်မာနိုင်ငံရဲ့ ပေါက်ကွဲလုလု နိုင်ငံရေးဝန်းကျင်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်ရောက်မှုတွေ ဘယ်လောက် ရှိနေ ဦးမယ်ဆိုတာကို လုံးဝ မခန့်မှန်း နိုင်ပါဘူး။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုတာက မိုးကြီးရွာချလိုက်သလိုပါပဲ။ ကျနော်တို့မြန်မာနိုင်ငံမှာ မိုးရာသီရောက်တယ် ဆိုတာနဲ့ တတိုင်းပြည်လုံး အသက်ဝင်လာပါတယ်။ ထို့အတူပါပဲ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လာမယ်ဆိုရင် ပြည်သူ လူထုက တဖန်နိုးထ လာဦးမှာပါ”ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးစပ်ဆုံး လုပ်ဖော် ကိုင်ဖက်များ အနက်မှ တဦးဖြစ်သော ဦးဝင်းတင်က မကြားသေခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေက မြန်မာပြည်သူလူထုအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်ရောက်မှုကို စဉ်းစားတဲ့အခါမှာ အဲဒီလိုမျိုး စဉ်းစားမှာတော့ မဟုတ်တန်ရာ။

“ဒေါ်အောင်ဆန်းစုကြည်သာ မြန်မာပြည်လမ်းမတွေပေါ်မှာ လမ်းလျှောက်နိုင်နေသမျှ စစ်အစိုးရဆန့်ကျင်တဲ့ လူထုကို သူအသာလေး စုစည်းနိုင်ပါတယ်”ဟု လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေး သိပ္ပံကျောင်းမှာ သုတေသီအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ပရောက် အတိုက်အခံတဦးဖြစ်သူ ဒေါက်တာ ဇာနည်က ပြောပါတယ်။

“ဒေါ်စုရဲ့ ထင်ပေါ်ကျော်ကြားမှုကို သူတို့ကြောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထု မကျေနပ်မှုနှစ်ခု စုဆုံသွားရင်တော့ အဲဒါ တကယ့်ကို ပေါက်ကွဲလုလုအခြေအနေ ဖြစ်သွားပါပြီ”လို့ ဒေါက်တာ ဇာနည်က ဆိုပါတယ်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ကူညီရေးသားသည်။