ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ၊ တိုက်ပွဲ ပြန်စပြီ

Thursday, 18 November 2010 14:13 သူ့အတွေး သူ့အမြင်
Print
စစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကျင်းပတဲ့အခါ အတုအယောင်ရွေးကောက်ပွဲလို့ ကမ္ဘာတ၀န်းက ပြစ်တင် ရှုတ်ချခဲ့ပေမယ့် နိုဝင်ဘာ ၁၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ အခါမှာ တော့ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းဟာ တည်ငြိမ်နေတဲ့ မြန်မာ့နိုင်ငံရေး ရေပြင်ကို ဂယက်ထစေသလို မြန်မာနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ခွန်အားကိုလည်း ရုတ်ချည်း နိုးထစေခဲ့ပါတယ်။

၁၉၄၇ ခုနှစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီးကတည်းက ဘယ်သူကမှ မြန်မာပြည်သူတွေ ကို မစုစည်းနိုင်ခဲ့သလို သူတို့ရဲ့ အိပ်မက်တွေကိုလည်း အကောင်အထည် မဖော်ပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်ရောက်လာကတည်းကစလို့ သူ့ဖခင်ရဲ့အရိုက်အရာကို ဆက်ခံခဲ့တာပါ။ သူ ဘယ် ကို ရောက်ရောက် လူထုက သူ့ဆီမှာ လာစုကြတာပါပဲ။

သူ မလွတ်ခင်တရက်အလို သောကြာနေ့မှာ ထောင်ချီတဲ့ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်လို့ သူ့ အိမ် ရှေ့မှာ လာရောက်စုဝေးခဲ့ကြပါတယ်။ စနေနေ့ ရောက်ပြန်တော့လည်း မနက်လင်းအားကြီးကနေ ညနေ ၅ နာရီ ၀န်းကျင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ကြပါတယ်။ နောက်ဆုံး လွတ်လာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ခြံဝကနေ လူထုကို နှုတ်ဆက်စကား ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့အခါမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အန္တရာယ်ရှိပေမယ့် ပြည်သူ သောင်းနဲ့ချီပြီး တက်ရောက်ခဲ့ပြန်ပါတယ်။ ၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထဲ စ၀င်ခဲ့စဉ် သူ့ရဲ့ပထဦးဆုံး ရွှေတိဂုံဘုရား လူထုအစည်းအဝေးကို ပြည်သူ သိန်းချီပြီး တက်ရောက်ခဲ့တာပါ။

“စိတ်ဓာတ်မကျပါနဲ့” “ကျမတို့ လိုချင်တာတွေ ရဖို့အတွက် ကျမတို့အားလုံး စဉ်ဆက်မပြတ် အားထုတ်နေရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေ နေ့လယ်မှာ လူထုကို ပြောခဲ့ပါတယ်။ သူ့ရဲ့စကားတွေက လူထုကို နောက်ထပ် တဖန် ခွန်အားဖြစ်စေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးတာဟာ ဗိုလ်ချုပ်ကြီးတွေက ကြင်နာစိတ် ရှိလို့ ဒါမှ မဟုတ် သဘောကောင်းလို့ လွှတ်ပေးတာ မဟုတ်ပါဘူး။ ပြစ်ဒဏ် သက်တမ်းပြည့်သွားလို့ သူပြန်လွတ်လာတာပါ။ နောက် တချက်ကတော့ စစ်အစိုးရရဲ့လက်ဝေခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) က အပြတ်အသတ် အနိုင် ရပြီးတဲ့နောက်မှာ သူတို့ တရားဝင်လုပ်ပိုင်ခွင့် အာဏာရှိပြီလို့  ဗိုလ်ချုပ်ကြီးတွေက ယုံကြည်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာပါ။ ကြံ့ဖွံ့ပါတီက လက်ဝါးကြီးအုပ်ထားမယ့် ပါလီမန်အသစ်မှာ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ဂယက်က အနည်းအကျဉ်းလောက်ပဲ ရှိမယ်လို့ ဗိုလ်ချုပ်မှူကြီး သန်းရွှေက ယုံကြည်ထားပုံရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယူဆချက်က မှားကောင်း မှားနိုင် ပါတယ်။

တနင်္ဂနွေနေ့ လူထုမိန့်ခွန်းထဲမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် လူတိုင်းက ဆောင်ရွက်ရမှာဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားပြီး ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကတော့ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကိစ္စအပေါ်မှာ ဘယ်တုန်းကမှ စိတ်ဝင်စားခဲ့ခြင်း မရှိပါဘူး။ သူတို့က အာဏာကိုပဲ ဆက်လက်ဆုပ်ကိုင်ထားချင်တာပါ။

ဒီမိုကရေစီရေးအတွက် ရှေ့တလှမ်းတိုးဆောင်ရွက်ဖို့ ဘယ်လိုမူဝါဒတွေ မဟာဗျူဟာတွေကို ဆွဲကိုင်ပြီးဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေ မပါပေမယ့် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပိုင်းဖြတ်ချက်နဲ့ အားလုံးနဲ့လိုက်လျောညီထွေ ဖြစ် အောင် ဆောင်ရွက်မယ် ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ကျမရဲ့ ပါတီ တခုတည်းနဲ့ ကျမ အလုပ်လုပ်မှာ မဟုတ်ပါဘူး” “ပြည်သူတွေအားလုံး၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ အားလုံးနဲ့ ကျမ လက်တွဲဆောင်ရွက် လိုပါတယ်။ ကျမတို့ အရေးကို စာနာထောက်ခံတဲ့ ကမ္ဘာတ၀န်းက ပြည်သူတွေနဲ့လည်း ကျမတို့ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရှေ့ဆက်လျှောက်မယ့်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည် ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးကိစ္စတွေ အများကြီး ရှိနေပါ တယ်။ ဥပမာပေးရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ၊ တိုင်းရင်းသားတွေ အရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲ မသမာမှုတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သေချာတာတခုကတော့ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဘယ်တော့မှ အတူလုပ်ခွင့် ပေးမှာမဟုတ်ဘူး ဆိုတာပါပဲ။ ပြီးခဲ့တဲ့၂၁ နှစ်အတွင်းမှာ သူ့ကို ၁၅ နှစ် လောက် နေအိမ် အကျယ်ချုပ်နဲ့ ထားခဲ့တာလည်း အဓိကက သူ့ကို အဲ့ဒီလူတွေနဲ့ အလုပ်တွဲမလုပ်နိုင်အောင်ဘဲ ဖြစ်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်စုစည်းပြီး တခြား ဒီမိုကရေစီ အင်အားစု တွေ ကိုလည်း စုစည်းဖို့ အားထုတ်မယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးတွေရဲ့ပစ်မှတ်ပြန်ဖြစ်လာဦးမှာဖြစ်ပြီး သူ့ရဲ့ လွတ်လပ်ခြင်း နေ့ရက်တွေဟာလည်း လက်ချိုးရေလို့ရမှာ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါတဲ့ ကားတန်းကို မြန်မာပြည်အထက်ပိုင်း ဒီပဲယင်း ဒေသမှာ စစ် အစိုးရရဲ့ လူမိုက်တွေက ချုံခိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက် သူကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီ တိုက်ခိုက်မှုဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့အထိ အားထုတ်ခဲ့တဲ့ လုပ်ရပ်တခုပါ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ ဗိုလ်ချုပ်ကြီးတွေအတွက် နိုင်ငံရေးအန္တရာယ် ဖြစ်လာဦးမယ်ဆိုရင် နောက်ထပ် ဒီပဲယင်း လိုမျိုး ချုံခိုတိုက်ခိုက်မှု ထပ် လုပ်ဖို့ လက်ရှိ စစ်အစိုးရက လက်နှေးနေမှာ မဟုတ်ပါဘူး။

တနင်္ဂနွေ မိန့်ခွန်းပြောအပြီး တဆက်တည်းကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ မေးတဲ့အခါ သူ့အနေနဲ့ သူ့တဦးတည်း လုံခြုံရေးကို မစဉ်းစားကြောင်း၊ တခြားနိုင်ငံသူ နိုင်ငံသားတွေလိုပဲ သူ့ရဲ့လုံခြုံရေးဟာလည်း အာဏာပိုင်တွေပေါ်မှာ မူတည်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ အဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်တွေကတော့ သူ့ရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး အတော့်ကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

“ဒီပဲယင်းမှာ ဖြစ်တဲ့ကိစ္စဟာ ဒေါ်စုကို လုပ်ကြံဖို့ကြိုးစားတာပဲလို့ ကျနော်တို့ မြင်တယ်” လို့ အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။ “လူထုနဲ့ အမြဲတစေထိတွေ့တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့အတွက် လူထုကြားမှာ အချိန်မရွေး ပုန်းအောင်းနေနိုင်တဲ့ လူသတ်သမားလက်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရနိုင်တယ်” လို့လည်း ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို ကို ဥပမာပေးပြီး သူက ပြောပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာ ရက်ပိုင်းပဲရှိသေးတာမို့ ဒီလိုစဉ်းစားတာဟာ အတော့်ကို အဆိုးမြင်လွန်းတယ်လို့ လူတွေ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူ အတတ်ပြောနိုင်မှာလဲ။ ၂၀၀၇ ဆန္ဒပြပွဲတွေမှာ သံဃာတော်တွေကို ရက်ရက်စက်စက်  နှိမ်နင်းခဲ့တဲ့ ဗိုလ်ချုပ်တွေရဲ့ ရက်စက်ယုတ်မာမှုကို ကျနော်တို့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးပြီလေ။

အရင်က အသက်အန္တရာယ်နဲ့ ကြုံခဲ့ရတာတွေ၊ ရှေ့မှာဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ရှိပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အနေနဲ့ စစ်အစိုးရအပေါ်မှာ ဘယ်လိုမှ အာဃာတ မထားပါဘူးလို့ ဆိုပါတယ်။ “ကျမ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စကားပြောချင်ပါတယ်” “ကျမပြောချင်တာ ပြောခွင့်ရမယ်ဆိုရင်တော့ အင်မတန်ကို ကောင်းပါလိမ့်မယ်” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးတွေအကြား တွေ့ဆုံဆွေးနွေးဖို့ဆိုတာက လောလောဆယ်မှာ ဖြစ်ချင်တဲ့ ဆန္ဒအဆင့်ပဲ ရှိပါတယ်။ အဲဒီလို တွေ့ဆုံနိုင်ဖို့အတွက် ဒီမိုကရေစီလိုလားတဲ့ အင်အားစုအားလုံးကြားမှာ ခိုင်မာတဲ့ တပ်ပေါင်းစု တရပ် ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ရမှာ ဖြစ်တဲ့အပြင် ပြည်သူလူထုကလည်း သူ့ရဲ့နောက်မှာ တက်တက်ကြွကြွ ရှိနေဖို့လိုပါလိမ့်မယ်။

အဲ့ဒီလို အခြေအနေမျိုး ရောက်အောင် ကြိုးစားနေစဉ်မှာ ဗိုလ်ချုပ်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်တိုက်ခိုက် တာ မျိုး ဒါမှမဟုတ် နေအိမ်အကျယ်ချုပ် ပြန်ချတာမျိုးတွေ လုပ်ဆောင်လာနိုင်ပါသေးတယ်။

မြန်မာပြည်သူတွေအတွက်တော့ အခုအချိန်မှာ သူတို့ရဲ့ခေါင်းဆောင်အစစ်အမှန်ကို ပြန်လိုက်ရပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုအောက်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းဟာလည်း တဖန် နိုးထလာပါလိမ့်မယ်။ မပြီးဆုံးသေးတဲ့ တိုက်ပွဲကတော့ အသစ်တဖန် ပြန်စပါပြီ။

Suu Kyi Free; The Struggle Resumes by Kyaw Zwa Moe ကို ဆီလျော်အောင် ပြန်ဆိုပါသည်။