ရွေးကောက်ပွဲလွန် အလားအလာ

Tuesday, 30 November 2010 11:39 သူ့အတွေး သူ့အမြင်
Print
မြန်မာနိုင်ငံမှာ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကတော့ သမိုင်းမှာ လိမ်လည်မှု အများဆုံး ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာတွေ၊ နှစ်ပေါင်းများစွာကတည်းက မရှင်းလင်းနိုင်သေးတဲ့ တိုင်းရင်းသားပြဿနာတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ထွက်ပေါက်တရပ် မဟုတ်ဘူးလို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ ကျောင်းသားအင်အားစုများကတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်တဲ့ အဖြေမဟုတ်ကြကြောင်း အတိအလင်း ပြောဆိုထားကြပါတယ်။ အခုဆိုရင် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးအတွက် နိုင်ငံရေးအင်အားစုများက အင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ တောက်လျှောက် ရင်ဆိုင်နေခဲ့ကြရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အစရှိတဲ့ ပြဿနာများကို အဖြေရှာ ကုစားကြတဲ့နေရာမှာ ပြဿနာရှိနေတယ်ဆိုတာကို ပထမဆုံး အသိအမှတ်ပြုဖို့က အခြေခံ အကျဆုံး အဆင့်ပဲဖြစ်ပါတယ်။

ပြဿနာကို လက်ခံအသိအမှတ်ပြုခြင်း

မြန်မာနိုင်ငံမှာ ယနေ့အထိ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေက လွတ်လပ်ရေး မတိုင်ခင်ကာလ ကိုလိုနီ လက်ထက်ကတည်းက သန္ဓေတည်လာခဲ့တဲ့ ကိုလိုနီစနစ်ရဲ့ ဆိုးမွေတွေပါ။ နောက်ထပ် ဆိုးမွေတခုကတော့ အယူအဆရေးရာ ကမ္ဘာ့ရေစီးကြောင်းဆိုင်ရာ ဂလိုဘယ် ရိုက်ခတ်မှုရဲ့ ဆိုးမွေပါ။ လက်ဝဲ၊ လက်ယာ အယူအဆနဲ့ လူမျိုးရေးဆိုင်ရာ ဖြစ်တည်မှု၊ သမိုင်းဆိုင်ရာ အငြင်းပွားမှုတွေက လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။ သို့ပေမယ့် တိုင်းပြည်ရဲ့ စီးပွားရေးဟာ အရှေ့တောင်အာရှမှာ ရှေ့တန်းက ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကာလကတည်းက တိုင်းပြည်မှာ ရင်ဆိုင်လာခဲ့ကြရတဲ့ ပြဿနာတွေက အတိုးနဲ့တင် ပြဿနာထဲ နစ်မွန်းနေကြရတာပါ။ နိုင်ငံသားတိုင်း ယနေ့ခံစားနေကြရတာပါ။ ပါလီမန် ဒီမိုကရေစီ ကာလတလျှောက် ပြဿနာတွေကို ထိုစဉ်က ဝန်ကြီးချုပ် ဦးနုဦးဆောင်ပြီး တိုင်းရင်းသားများနဲ့ရော ကျန်အင်အားစုများနဲ့ပါ အဖြေတခုထွက်ပေါ်လာမယ့် လမ်းစကိုရရှိပြီး ၁၉၆၂ ခု အသံလွှင့်ရုံမှာ ဆွေးနွေးနေခဲ့စဉ်မှာပဲ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာ အရပ်ရပ်ကို သိမ်းပိုက်ခဲ့တယ်။ နိုင်ငံရေးခေါင်းဆောင်များနဲ့ စစ်အစိုးရအဖွဲ့ဝင်တွေကိုပါ ထောင်သွင်း အကျဉ်းချလိုက်တယ်။

အကြောင်းပြချက်ကတော့ တိုင်းပြည်မှာ ဖက်ဒရယ်စနစ်ကြောင့် တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့မယ်ဆိုပြီး ဖက်ဒရယ်ရှော့ခ်ကို ဖန်တီးအသက်သွင်းခဲ့တာပါ။ တကယ်တော့ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်များနဲ့ တိုင်းရင်းသား ခေါင်းဆောင်များအကြား တစုံတရာနားလည်မှုရပြီး ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ လုပ်ဆောင်နေဆဲ အဆင်ပြေတဲ့ အရိပ်အယောင်တွေကို တွေ့လိုက်ရတာကြောင့် အာဏာကို အမြန်သိမ်းယူလိုက်တာပါ။ ဒါဟာပြဿနာကို ပြေလည်စေလိုစိတ်မရှိတဲ့ စစ်ခေါင်းဆောင် ဦးနေဝင်းရဲ့ ရှိနေတဲ့ပြဿနာကို ရှောင်ကွင်းဖို့ ကြိုးစားမှုတရပ်ဆိုတာ အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။

နောက် ဗိုလ်ချုပ်ကြီးနေဝင်းဟာ တော်လှန်ရေးကောင်စီ အဖြစ်ကနေ ဆိုရှယ်လစ်လမ်းကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုပြီး တည်ထောင်တယ်။ ပြီးတော့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တဘက်သတ် ရေးဆွဲခဲ့ပါတယ်။ ထိုစဉ်က နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ ပြဿနာတွေကို မျက်နှာလွှဲ ရှောင်ရှားပုံပြောင်းပြီး ဗိုလ်ချုပ်ကြီး နေဝင်းကို အာဏာအပ်နှင်းလိုက်တာပါ။

တိုင်းရင်းသားဒေသတွေမှာလည်း ယမ်းငွေ့တွေ တထောင်းထောင်းနဲ့ အမျိုးသားချင်း ကျွန်ပြုနှိပ်စက် သတ်ဖြတ်မှုတွေနဲ့ စစ်တပ်တန်ခိုးကြီးအောင်ပဲ လုပ်ဆောင်ပြီး ပြေလည်စေမယ့် လမ်းစတွေကို ရှောင်ကွင်းနေခဲ့တာပါပဲ။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးပြဿနာရှိနေရင် ဒီပြဿနာကို အရင်လက်ခံ အသိအမှတ်ပြုရမှာပါ။ ပြီးရင် ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းကြရမှာပါ။ အခုတော့ မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် နိုင်ငံရဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့ ကြိုးစားရင်း ပြဿနာရဲ့အရှိန် (သို့မဟုတ်) အတိုးတွေဟာ များသည်ထက်များလာပြီး ပြဿနာတွေကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒီလိုနည်းတွေနဲ့ ပြဿနာကို ပျောက်ပျက်သွားအောင်၊ ပြေလည်သွားအောင် လုပ်လို့မရတာကတော့ အသေအချာပါ။

အခုလည်း စစ်အစိုးရဟာ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းလိုစိတ်မရှိဘဲ ရွေးကောက်ပွဲ အသစ်တခု ကျင်းပပေးလိုက်ခြင်းဟာ ပြဿနာတွေရဲ့ ထွက်ပေါက်၊ အဖြေလို့ မှားယွင်းစွာ ယူဆလုပ်ဆောင်နေတာကို ကြည့်ခြင်းအားဖြင့် ဒီရွေးကောက်ပွဲ အလွန်ကာလများမှာလည်း ဆက်လက်ရှိနေဦးမယ့် နိုင်ငံရေးပြဿနာတွေက ဒုနဲ့ဒေးပါ။ ဒါဟာ မကောင်းတဲ့ စရိုက်တခုပါ။ ရင်မဆိုင် မဖြေရှင်းဘဲ ဘယ်အရာမှ ပြေလည်သွားတယ်ဆိုတာ မရှိပါဘူး။ စစ်ခေါင်းဆောင် အဆက်ဆက်က ဒီမိုကရေစီ အင်အားစုများနဲ့ နိုင်ငံရေး အင်အားစုများကို တလျှောက်လုံး အသိအမှတ်မပြုခဲ့ပါဘူး။ ဒါဟာပြဿနာများရဲ့ အခြေခံဖြစ်နေတာကို စစ်ခေါင်းဆောင်များ သိထားသင့်ပါတယ်။ စစ်ခေါင်းဆောင်များကလည်း ဒီပြဿနာရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်ဆိုတာကို မေ့လျော့နေကြတယ်။

ရှိနေတဲ့နိုင်ငံရေးပြဿနာကို ဒီမိုကရေစီ အင်အားစုများကရော စစ်အာဏာရှင်များကပါ သိနေကြပေမယ့် ရှောင်လွှဲတဲ့ မဟာဗျူဟာတွေကို သုံးနေဆဲပါ။ ငါးပွက်ရာ ငါးစာချနေကြမယ့်အစား သိနေတဲ့ နိုင်ငံရေးပြဿနာတွေကို လက်ခံအသိအမှတ်ပြုပြီး ဘယ်လိုအဖြေရှာကြလဲဆိုတာက ပိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာများက အခုအချိန်မှာတော့ စစ်တပ်နဲ့ နိုင်ငံရေး ပူးနေတာကနေ မြစ်ဖျားခံလာခဲ့တာလည်း ဖြစ်တယ်။

စစ်တပ်နဲ့ နိုင်ငံရေး

မြန်မာနိုင်ငံမှာတော့ စစ်တပ်နဲ့ နိုင်ငံရေး ဆက်စပ်မှုကိုပြောရင် လွတ်လပ်ရေး အကြိုကာလ ဘီဒီအေ၊ ဘီအိုင်အေ စစ်တပ် ဆိုတာတွေက တချိန်က နိုင်ငံရေးကို တက်ကြွစွာနဲ့ မြန်မာ့လွတ်လပ်ရေးကို ဦးဆောင်လာခဲ့ကြသူတွေပါ။  မြန်မာစစ်တပ် စတင်သန္ဓေတည်ခဲ့တာက နိုင်ငံရေးသမားတွေနဲ့ စတင်လာခဲ့တာပါ။ ဒါပေမယ့် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် စစ်တပ်နဲ့ နိုင်ငံရေးကို စည်းခြားပြခဲ့တာကိုတော့ သင်ခန်းစာမယူခဲ့ကြပါဘူး။

တကယ်တော့ စစ်သားဆိုတာက နိုင်ငံရေးမှာ အစိုးရတရပ်ရဲ့ ဝန်ထမ်းမျှသာဖြစ်ရပါမယ်။ ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံရေးမှာ ဦးနေဝင်း မွေးဖွားပေးလိုက်တဲ့ စစ်သားလူတန်းစားသစ်အဖြစ် အခုဆို ထင်ထင်ရှားရှား ရပ်တည်လာပြီး စစ်တပ်က နိုင်ငံရေးမှာ အမြဲတမ်း ဦးဆောင်ပါဝင်မှသာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးကိုရမယ် ဆိုတာတွေကို တပ်တွင်းပညာပေးရေးတွေမှာ အစဉ်တစိုက် သူတို့မျိုးဆက်သစ်တွေကို ရိုက်သွင်းလာတဲ့ အချက်ဆိုတာ မမေ့နေကြသင့်ပါဘူး။

တလျှောက်လုံး စစ်တပ်တွင်းသဘောတရား သင်တန်းများမှာ တပ်မတော်မရှိရင် တိုင်းပြည်ဟာ အချိန်မရွေး တိုင်းတပါးကျွန် ပြန်ဖြစ်မယ်ဆိုတဲ့ အချက်ကို သင်ကြားပို့ချမှုရဲ့ နောက်ကွယ်မှာ အများကြီးရှိနေပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ၊ ဦးစိန်လွင် အစိုးရ၊ ဒေါက်တာ မောင်မောင် အစိုးရ၊ နဝတ စစ်ကောင်စီ အစိုးရ၊ နအဖ အစိုးရ အဆက်ဆက် စစ်တပ်က အချိန်တွေယူပြီး နိုင်ငံရေးရဲ့ ရှေ့တန်းအခန်းကဏ္ဍမှာ အမြဲတည်ရှိနေစေရေးကို နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါ မတရား အင်အားသုံး ထည့်သွင်းရေးဆွဲခဲ့တာပဲ။

တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ဘုံရန်သူလက်ညှိုးထိုးပြီး စစ်တပ်တန်ခိုးကြီးထွားအောင်  စစ်တပ်လူတန်းစားသစ် အဖြစ်နဲ့ သွတ်သွင်းခဲ့တာပါ။ ဒီအခြေအနေဆိုးကြီးကို နားလည်လာတဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကိုရော နောက်လိုက်နောက်ပါတွေကိုရောကို တပ်တွင်းမှာ ဖြုတ်ထုတ်ပယ်ရှင်း လုပ်လာခဲ့တာဟာ ဒီမိုကရေစီစနစ်ကို တောင့်တနေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အားသာချက်တရပ်လည်း ဖြစ်တယ်။ ဒီအားသာချက်ကို အပိုင်အနိုင် အသုံးချပြီး စစ်တပ်နဲ့ နိုင်ငံရေးကို ခွဲခြားလုပ်ဆောင်ဖို့ကတော့ အတော်ကြီးကို အချိန်ယူ လုပ်ဆောင်ကြရမှာပဲ။

ဒီနေရာမှာ ဒီမိုကရေစီစနစ်ကို လေးစားတန်ဖိုးထား လိုချင်သူတွေအနေနဲ့ကတော့ မိမိတို့ကိုယ်တိုင် ဒီမိုကရေစီနှုန်းစံတွေကို လိုက်နာကျင့်သုံး ကြရမှာပါ။ ဒီမိုကရေစီ အင်အားစုများအနေနဲ့ ခိုင်မာရှင်းလင်းပြတ်သားတဲ့ မဟာဗျူဟာတွေကို သေချာစီစဉ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာပါ။ ဒီမိုကရေစီ အင်အားစုအနေနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတဲ့အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး နိုင်ငံရေးအဖြေရှာမှုများကို အပြုသဘောဆောင် လုပ်ဆောင်ကြရမှာပါ။ ဒီဖြစ်စဉ်ကို လုပ်ဆောင်ကြရာမှာ အလွန်သိမ်မွေ့တာကိုလည်း သိရှိနားလည်ထားကြရမှာပါပဲ။

ဒီမိုကရေစီ အင်အားစုများအနေနဲ့ မိမိတို့ရဲ့ ဖြစ်တည်မှုအခြေအနေများကို အချင်းချင်းလေးစားပြီး ပူးပေါင်းလုပ်ဆောင်သွားနိုင်ကြဖို့က ပိုပြီး အခရာကျပါတယ်။ စစ်တပ်ဘက်ကလည်း မိမိတို့ ဒီမိုကရေစီအင်အားစုများရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို အလေးထားပြီး အသိအမှတ်ပြုလာစေရေးနဲ့ မိမိတို့ ဒီမိုကရေစီအင်အားစုများကို လေးစားလာစေရေးအတွက် ကြိုးပမ်းကြရမှာပါ။

အပြန်အလှန်လေးစားမှု

အပြန်အလှန်လေးစားမှု မရှိခဲ့တဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေရဲ့ အကျိုးသက်ရောက်မှုဟာ လက်ရှိအာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်တပ်ရော၊ အင်အားစုအားလုံးရော၊ နိုင်ငံသားတိုင်းပါ ခံစားနေကြရတာပဲ။ ဒီပြဿနာကို ပြေလည်အောင်အတွက် အစပျိုးလုပ်ဆောင်ကြရမှာကတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ဒီမိုကရေစီ အင်အားစုများပါပဲ။

စစ်တပ်မှာ ဘာမှ ဒီမိုကရေစီမရှိဘူး။ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့လည်း မရဘူးပါဘူး။ တိုက်ယူရအောင်လည်း ဒီမိုကရေစီ အင်အားစုများအနေနဲ့ တိုင်းရင်းသားအင်အားစု လက်နက်ကိုင်များ အခုထိ တစုတစည်းတည်း ခိုင်မာစွာ မဖွဲ့စည်းနိုင်သေးပါဘူး။ ၁၉၈၈ အလွန်ကာလများမှာလုပ်ခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ မဟာမိတ် အဖွဲ့ချုပ် (Democratic Alliance of Burma - DAB) ဆိုတဲ့ ၂၃ ဖွဲ့ပါ လက်နက်ကိုင် အင်အားစုများရော၊ နိုင်ငံရေး အင်အားစုများရောပါဝင်တဲ့ မဟာမိတ်အဖွဲ့ကြီးကလည်း ခိုင်မာတဲ့အခြေမရှိခဲ့လို့ စစ်အုပ်စုရဲ့ သွေးထိုးဖဲ့ထုတ်တာတွေနဲ့ အင်အားဆုတ်ယုတ်ခဲ့ရတယ်။

ပြန်ကြည့်ရင် ၁၉၈၈  ဒီမိုကရေစီတော်လှန်ရေးကြီးကြောင့် တိုင်းရင်းသားများနဲ့ နိုင်ငံရေး အင်အားစုများ ညီညွတ်ရေးနဲ့ နားလည်မှု တစုံတရာရခဲ့တာကို မှန်ကန်တော်တည့်စွာ အသုံးမချနိုင်ခဲ့ကြပါဘူး။ ၁၉၉၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးရဲ့ ရလဒ်အဖြစ် လွှတ်တော်အမတ်များရဲ့ ပြည်ပထွက်သွားပြီး တည်ထောင်လိုက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ကလည်း အစိုးရတရပ်ရဲ့ ကြန်အင်လက္ခဏာများကို ဖော်ဆောင်နိုင်မှု အားနည်းခဲ့တယ်။ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း အချင်းချင်း အပြန်အလှန်လေးစားမှုတွေ အားနည်းပြီး အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းတည်ထောင်ခဲ့ကြတယ်။ မိမိတို့နေရာရရေး၊ ထင်ပေါ်ကျော်ကြားရေးနဲ့ တချို့ဆို လုပ်စားနိုင်ငံရေး လုပ်ဆောင်နေကြတာတွေဟာ အတော်ကြီး အကျည်းတန်တာပါပဲ။ အမှန်အကန်လုပ်ဆောင်နေကြသူတွေ၊ တော်လှန်ရေးထဲ နှစ်လုပ်နေသူတွေကြောင့်သာ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု တချို့အတွက် ဆက်လက်ရပ်တည်နိုင်တာကို တွေ့ကြရမှာပါ။

အထက်က ပြောခဲ့သလိုပဲ နိုင်ငံရေးအဖြေရှာမှုမှာ Three M လို့ခေါ်တဲ့ Mutual Recognition (အပြန်အလှန် အသိအမှတ်ပြုခြင်း), Mutual Respect (အပြန်အလှန် လေးစားခြင်း) နဲ့ Mutual Understanding (အပြန်အလှန် နားလည်မှုရှိခြင်း) ဆိုတာတွေကို ဆောင်ကျဉ်းနိုင်ပြီးတော့  Two Co  လို့ခေါ်တဲ့ Co-ordination (ပူးပေါင်း ညှိနှိုင်းမှု) နဲ့ Co-operation (ပူးပေါင်း အကောင်အထည်ဖော်မှု) လုပ်ဆောင်နိုင်မှသာ မြန်မာ့နိုင်ငံရေးအဖြေတရပ်ကို အချောအမွေ့ အညင်သာဆုံးရှာနိုင်မှာပါ။

နိုင်ငံရေးဆိုတာကလည်း အခု ရွေးကောက်ပွဲပြီးသွားလို့ နိုင်ငံရေးပြီးဆုံးသွားတာ မဟုတ်ဘူး။ လူဆိုတာရှိနေသရွေ့ နိုင်ငံရေးဆိုတာ ရှိနေမှာပါပဲ။ ကမ္ဘာ့လိမ်လည်မှု အများဆုံး ရွေးကောက်ပွဲ ပြီးဆုံးသွားခြင်းနောက်မှာတော့ ဆက်လက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေက ဆက်တည်ရှိနေမှာပဲ။ အချိုးအကွေ့တွေကို ဘယ်လိုကျော်ဖြတ်မယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုများအနေနဲ့ ပိုမိုခက်ခဲတဲ့ လမ်းတွေကို လျှောက်ကြရတော့မှာပါ။

ရွေးကောက်ပွဲ နောက်ဆက်တွဲအနေနဲ့ မဲမသမာမှုများကို ဖော်ထုတ်ကြမယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ပေါ်စေရေး ဆက်လက်ကြိုးစားကြမယ်။ ရွေးကောက်ပွဲ အပြီးတိုင်းပြည်မှာ စစ်တပ်တတပ်တည်း ရှိရမယ်ဆိုတဲ့အချက်ကို နောက်လာမယ့် အရပ်သားအမည်ခံ စစ်အစိုးရက ဖော်ဆောင်လာမယ့် နောက်ကွယ်မှာ ယုံကြည်လက်ခံနိုင်စရာ မရှိတာနဲ့ မိမိတို့ တိုင်းရင်းသားအရေးတွေအတွက် အာမခံချက်မရှိလို့ လက်နက်ကို ဆက်လက်ကိုင်ဆောင်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းရေးစစ်ပွဲတွေ ဆက်တိုက်ပေါ်လာမယ်။ နယ်စပ်မှာ စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ အိမ်နီးချင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရမယ်။ ဒုက္ခသည်အရေးတွေ ပိုပြီးဖြေရှင်းကြရမယ်။

နိုင်ငံရေးအကျဉ်းသားတွေ အရေအတွက်ဟာ အများကြီး တိုးပွားလာတော့မယ်။ မကျေနပ်မှုတွေကို ခေါင်းငုံ့မခံလိုတဲ့ တက်ကြွသူတွေက လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြပွဲကြီးတွေ ဖြစ်လာမယ်။  ရွေးကောက်ပွဲရလဒ်ကို ဒီမိုကရေစီ စံနှုန်းထားတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ငြင်းပယ် လက်မခံသလို တရုတ်လိုနိုင်ငံတွေက ဆက်လက်ထောက်ခံပြီး စစ်အာဏာရှင်ကို ဆက်ပြီးကျားကန်ပေးနေမယ်။ ဒီလိုနဲ့ ဒီမိုကရေစီနိုင်ငံများနဲ့ တရုတ်လို ကိုယ်ကျိုးစီးပွားကြည့်ကြတဲ့ နိုင်ငံများအကြား မြန်မာနိုင်ငံဟာ နိုင်ငံရေး စစ်တလင်းဖြစ်နေလာခဲ့တယ်။ ရက်စက်တဲ့ လူမဆန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လာမယ်။ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကတော့ ဆီးကြိုနေပါပြီ။

ဒါတွေကို တာဝန်ယူ ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်များဟာ Three Knows လို့ခေါ်တဲ့ Know Yourself, Know Your People, Know Your Subject တွေကိုတော့ သိထားကြရမှာပါ။ အထူးသဖြင့်တော့ ပေါ်လစီကို အကောင်အထည် ဖော်တဲ့သူတွေက အဓိကပဲလို့ဆိုချင်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ စဉ်းစားဆုံးဖြတ်ချက်တိုင်းဟာ နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားများ အကျိုးကိုသာ ဦးတည်လုပ်ဆောင်သင့်ကြပါတယ်။ မိမိတို့ပါတီ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ ဂိုဏ်းဂဏများ၊ လူပုဂ္ဂိုလ် အကျိုးစီးပွားများကို ရှေ့တန်းမတင်ဖို့က အထူးပဲအရေးကြီးပါတယ်။

မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်းမျက်နှာစာမှာရော ပြည်ပနိုင်ငံတကာ မျက်နှာစာများမှာပါ အောင်မြင်အောင်လို့အတွက် စနစ်တကျ ဆောင်ရွက်နေကြရမှာပါ။ သပိတ်စုံ သူပုန်ထဖို့ဆိုတဲ့ အခြေအနေတွေကိုတော့ အခုထိမျှော်လင့်လို့ မရသေးပါဘူး။ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်ချေ အားလုံးကိုကြိုတင်တွက်ဆထားပြီး အားလုံးအတွက် အဆင်အသင့် ဖြစ်နေစေရေးအတွက် ဒီမိုကရေစီနိုင်ငံအင်အားစုများ အချင်းချင်းတံတောင်တွတ် သန်မနေကြဘဲ လက်သီးထိုးသန်ဖို့ လိုပါတယ်။ မျက်နှာစာအားလုံးမှာ မိမိတို့ အင်အားစုများက မိမိတို့တာဝန်ဝတ္တရားများကို ခွဲဝေလုပ်ကိုင်ကြပြီး အားလုံးဟန်ချက်ညီညီ လှုပ်ရှားနိုင်ရေးအတွက် ပိုအရှိန်မြှင့်ကြရတော့မှာ ဖြစ်ပါတယ်။

လက်တွေ့အဖြစ်နိုင်ဆုံးတွေကနေ စတင်လုပ်ဆောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အင်အားစုများရဲ့ နိုင်ငံရေးရေချိန်ကလည်း ရင့်ကျက်တဲ့ အခြေအနေတရပ်ကို ပိုပြီးလျှောက်လှမ်း ကြရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ အလွှာအသီးသီးမှ နိုင်ငံရေး တက်ကြွသူများအနေနဲ့ ပြည်တွင်း နိုင်ငံရေးဖြစ်စဉ်တွေကို ပိုမိုကြမ်းတမ်းခက်ခဲတဲ့ လမ်းတွေပေါ် လျှောက်လှမ်းလုပ်ဆောင်နေမှုများကို နိုင်ငံရေးအင်အားစုအားလုံးက ဟန်ချက်ညီ ပူးပေါင်းအားဖြည့်ပေးဖို့ အမြဲ အဆင်သင့် ဖြစ်နေကြမှာပါ။ အကောင်းမြင်၊ အဆိုးမြင်တာတွေကို စွန့်လွှတ်ပြီး အရှိမြင်တရားတွေနဲ့ ချဉ်းကပ်လုပ်ဆောင်နိုင်ကြမှသာ မြန်မာ့နိုင်ငံရေးအဖြေကို မနှေးအမြန်ရနိုင်မှာဖြစ်ပါတယ်။

အရှိမြင်တရားများနဲ့ နိုင်ငံရေးရင့်ကျက်မှုတို့ဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲကို မိမိတို့ကိုယ်တိုင် သမိုင်းစာမျက်နှာများပေါ်တွင် ကမ္ဗည်းထိုး မှတ်ကျောက်တင်မှုများပြုလုပ်ကြပြီး ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီးအတွက် စစ်အာဏာရှင်ကို အန်တုတော်လှန်ကြပါစို့။