အီဂျစ်ကပေးသော သင်ခန်းစာများ

Monday, 14 February 2011 16:39 သူ့အတွေး သူ့အမြင်
Print
နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို ဦးတည်တဲ့ အီဂျစ်နိုင်ငံက နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေကို အာရပ်ဒေသတွင်းက သာမကဘဲ အမေရိကန် ပြည်ထောင်စုလိုမျိုး အနောက်ကမ္ဘာခြမ်းက သူ့ရဲ့ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ မဟာမိတ်နိုင်ငံတွေကပါ အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ မြန်မာစစ်အစိုးရလိုမျိုး အာဏာရှင် အစိုးရတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ သူတို့ရဲ့ အတိုက် အခံ တွေကလည်း ဒီအုံကြွမှုတွေကို အနီးကပ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

စစ်အစိုးရထိန်းချုပ်ထားတဲ့ သတင်းဌာနတွေက အီဂျစ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေတဲ့အပြင် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက အဲ့ဒီနိုင်ငံမှာရှိနေကြတဲ့ သူတို့နိုင်ငံသားတွေကို နေရပ်ရင်းပြန်နိုင်အောင် ကူညီ စီစဉ်ပေး ပေမယ့် မြို့တော် ကိုင်ရိုမှာရှိတဲ့ မြန်မာသံရုံးကတော့ နိုင်ငံတွင်း ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်သွယ်တာ ဒါမှမဟုတ် လည်း နေရပ်ရင်းပြန်ပို့တာ ဘာတခုမှ မလုပ်ခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်နေနေ မြန်မာပြည်သူတွေကတော့ ကမ္ဘာပေါ်က စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လက်ရှိ အီဂျစ်က အဖြစ်အပျက်တွေကို နိုင်ငံခြား ရုပ်သံလိုင်းတွေကိုကြည့်ရင်း၊ နိုင်ငံခြား ရေဒီယိုလိုင်းတွေကို နားထောင်ရင်း၊ အင်တာနက်ပေါ်က သတင်းတွေကို ဖတ်ရင်းနဲ့ အားတက်သရော နားစွင့် စောင့်ကြည့်နေကြတာပါ။

မကြာသေးခင်က တိုက်ရိုက်လွှင့်ထုတ်သွားတဲ့ BBC World Service ရေဒီယို အမေးအဖြေ ကဏ္ဍတခုမှာ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ အီဂျစ်“တော်လှန်ရေး”ကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါ တယ်။ နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လာခဲ့တဲ့ သမ္မတ ဟော်စနီ မူဘာရက် နုတ်ထွက်ပေးဖို့ နဲ့ ဒီမို ကရေစီ အပြောင်းအလဲတွေအတွက် ကိုင်ရိုမြို့ရဲ့ လမ်းမတွေပေါ်မှာ တောင်းဆိုဆန္ဒပြနေကြတဲ့ အီဂျစ်ပြည်သူ သိန်းပေါင်းများစွာ ကို စကားပြောရာမှာ “ကျမတို့ ရှင်တို့နဲ့အတူ ရှိနေပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

ရုတ်တရက်ဆိုသလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သမ္မတ မူဘာရက်ရဲ့ သစ္စာခံ လူရမ်းကားတွေက အကြမ်းဖက်ဖြိုခွင်းတယ်လို့ သတင်းတွေထွက်လာချိန်မှာ ကိုင်ရိုမှာရှိတဲ့ ဆန္ဒပြသူတယောက်က “သိပ်ကြောက်စရာကောင်းတဲ့ အကူးအပြောင်းကာလ” နဲ့ ရင်ဆိုင်နေရတာမို့ သူဘာဆက်လုပ်သင့်သလဲဆိုတာကို ဒေါ်ဆောင်ဆန်းစုကြည်ထံ တယ်လီဖုန်းနဲ့ အကြံဉာဏ်တောင်းခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က “ခေါင်းအေးအေးထားဖို့နဲ့ စိတ်ဓာတ် ခိုင်ခိုင်ထားဖို့လိုကြောင်း၊ ကိုယ့်ရဲ့မျှော်လင့်ချက်ကို ဘယ်တော့မှ မပျောက်စေဖို့နဲ့ ရည်ရွယ်ထားတဲ့အတိုင်း ရှေ့ဆက်လျှောက်ဖို့လိုကြောင်း” ပြန်လည် ဖြေကြားခဲ့ပါတယ်။ အခုတော့လည်း အီဂျစ် အာဏာရှင် မူဘာရက် နုတ်ထွက်ပြီးလို့ စစ်တပ်က အုပ်ချုပ်ရေးကို ထိန်းသိမ်းထားလိုက်ပြီဖြစ်ပါတယ်။ နောက် ၆ လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးလှုပ်ရှားနေသူ တော်တော်များများအတွက်တော့ အီဂျစ်က အဖြစ်အပျက်တွေကို စောင့်ကြည့်နေရတာဟာ သူတို့ ကြုံခဲ့တဲ့ မြန်မာပြည်က ၁၉၈၈ နဲ့ ၂၀၀၇ အရေးအခင်းတွေကို မျက်ဝါးထင်ထင် ပြန်မြင်ယောင်နေသလိုပါပဲ။ ၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွဲပြီး အာဏာသိမ်းခဲ့တဲ့အပြင် သံဃာတော်တွေဦးဆောင်တဲ့၂၀၀၇“ရွှေဝါရောင် တော်လှန်ရေး” ကိုလည်း လက်ရှိစစ်အစိုးရက အကြမ်းဖက် နှိပ်ကွပ်ခဲ့တာပါ။ အခြေအနေကို အမှန်အတိုင်း လက်ခံကြတဲ့ မြန်မာ အတိုက်အခံတွေအနေနဲ့ နည်းနာပိုင်းတွေမှာ အားနည်းခဲ့လို့ သူတို့လှုပ်ရှားမှုတွေကို နှိမ်းနင်းခံခဲ့ရမှန်း နားလည်ကြပါတယ်။ ဒါကြောင့်မို့လည်း လာမယ့်ကာလတွေမှာ ပိုမိုကောင်းမွန်တဲ့နည်းနာတွေ ချမှတ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မြန်မာပြည်က လူထုလှုပ်ရှားမှုတွေနဲ့ အီဂျစ်က ဖြစ်ရပ်တွေကို နှိုင်းယှဉ်ကြည့်ပြီး တူတာတွေ မတူတာတွေကို လေ့လာသုံးသပ်နေကြပါတယ်။

မြန်မာပြည် လူထုလှုပ်ရှားမှုတွေထဲမှာ လက်ရှိ အီဂျစ်က ဆန္ဒပြပွဲတွေနဲ့ တူတာရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ နှစ်နိုင်ငံစလုံးမှာ ဖြစ်တဲ့ အုံကြွမှုတွေဟာ “ခေါင်းဆောင်မဲ့တော်လှန်ရေး” တွေ ဖြစ်ကြပြီး အဲ့ဒီအုံကြွမှုတွေကို လူငယ်တွေက ဦးဆောင်ကြတာပဲ ဖြစ် ပါတယ်။ အီဂျစ်နိုင်ငံမှာ အုံကြွမှုတွေကို နည်းပညာနားလည်တဲ့ လူငယ်တွေက စတင်ခဲ့တာပါ။ သူတို့က အစိုးရအပေါ် လူထုရဲ့ မကျေနပ်မှုတွေကို ဖွင့်ချပြီး လူမှုရေးကွန်ရက်တွေဖြစ်ကြတဲ့ Facebook၊ Twitter စတာတွေ ကနေတဆင့် ဆန္ဒပြပွဲတွေအကြောင်း ကို သူတို့ပြည်သူတွေသိအောင် စကားပါးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ၁၉၈၈ မှာ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လူထုအုံကြွမှုကြီးအဖြစ် တစ်မုဟုတ်ချင်း ကြီးထွားခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကိုလည်း ရဲရင့်တဲ့ သံဃာငယ်တွေနဲ့ နည်းပညာတတ်ကျွမ်းတဲ့ လူငယ်ဘလော့ဂါတွေကပဲ ဦးဆောင်ခဲ့တာပါ။ သံဃာတော်တွေက ဆန္ဒပြပွဲတွေကို ရှေ့ဆုံးက ဦးဆောင်ချီတက်ကြချိန်မှာ လူငယ်ဘလော့ဂါတွေကတော့ စစ်အစိုးရရဲ့ တင်းကျပ်တဲ့ အင်တာနက် ကွန်ရက်ကို ချင်းနင်းဖြတ်ကျော်ပြီး တစတစအင်အားကောင်းလာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပြင် စစ်အစိုးရက ဆန္ဒပြသူတွေကို နှိမ်နင်းတာတွေကိုပါ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ကမ္ဘာကသိအောင် တင်ပြခဲ့ကြပါတယ်။ အဲ့ဒီအချိန် တုန်းက အခုအီဂျစ်နိုင်ငံအရေးလိုပဲ မြန်မာ့အရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့ ပါသေးတယ်။

အီဂျစ်နဲ့ မြန်မာပြည် နိုင်ငံရေးအုံကြွမှုတွေထဲမှာ အဓိက ခြားနားချက်တခုကတော့ သမိုင်းကြောင်းအရ ပိုပြီး ထင်ရှား လူသိများတဲ့ အတိုက်အခံအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်ပါတယ်။ မွတ်စလင် ညီရင်းအစ်ကိုများ (The Muslim Brotherhood)၊ နိုဗဲ လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အဲယ်လ်ဘာရာဒီ (Mohamed ElBaradei)၊ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ အာရပ်အဖွဲ့ချုပ်အတွင်းရေးမှူး ဂျနီးရာ အမ် မော့စာ (Genera Amr Moussa) အပါအဝင် သဘောထားခြင်းမတူတဲ့ အီဂျစ် အတိုက်အခံခေါင်းဆောင်တွေနဲ့ အဖွဲ့တွေဟာ သူတို့ရဲ့အခန်းကဏ္ဍကို ထိထိရောက်ရောက်အသုံးချပြီး ဆန္ဒပြပွဲတွေမှာ အားကောင်း မောင်းသန်နဲ့ ပါဝင်နေတာကို တွေ့ရပါတယ်။ အားလုံး သဟဇာတဖြစ်တဲ့ နည်းနာတခုကို ကိုင်စွဲပြီး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။ မြန်မာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ မြန်မာ့အတိုက်အခံအင်အားစုတွေဟာ လက်ရှိအခြေအနေမှာ ညီညွတ်မှုမရှိဘဲ အားနည်းနေတာကို တွေ့ရပါတယ်။ သူတို့မှာ မြန်မာစစ်တပ်နဲ့ စစ်အစိုးရရဲ့ အာဏာကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားမရှိပါဘူး။

မကြာသေးခင်က ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ရွှေဝါရောင်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ အရှင် ဃောသိတ က အဓိက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၇ ဆန္ဒပြပွဲတွေအတွင်းမှာ သင့်တော်တဲ့ဦးဆောင်မှုမျိုး မပေးနိုင်ခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။ “အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်းမပါလာ စစ်အစိုးရကလည်း ကိုယ်တော်တို့နဲ့ စကားပြောညှိနှိုင်းဖို့မရှိဘူးဆိုတော့ ကိုယ်တော်တို့ကိုယ်တိုင်ပဲ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ တောင်းဆိုခဲ့ရတယ်။ အဲ့ဒီလို တောင်းဆို လို့ပဲ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲမှုတွေ ဖြစ်လာတာပေါ့” လို့ သူက ဆိုပါတယ်။

အီဂျစ်နဲ့ မြန်မာပြည် နိုင်ငံရေးအုံကြွမှုတွေထဲမှာ အကြီးမားဆုံးကွာခြားချက်ဖြစ်နိုင်တာကတော့ ဆန္ဒပြပွဲတွေအတွင်း စစ်တပ်ရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို တရက်မှာ သွေးထွက်သံယိုဖြစ်တဲ့အထိ အကြမ်းဖက်ခဲ့ပေမယ့် အချက်အချာ မဟာမိတ် အမေရိကန်ပြည်ထောင်စုရဲ့ ပြင်းထန်တဲ့ သံတမန်ဖိအားကြောင့် အီဂျစ်တပ်မတော်ဟာ နောက်ဆုံးမှာ ဆန္ဒပြသူတွေကို
သမ္မတ မူဘာရက် သစ္စာခံ လူရမ်းကားတွေရဲ့ တိုက်ခိုက်မှုကနေ စတင် အကာအကွယ် ပေးခဲ့ပါတယ်။ မကြာခင်ကရေးသားခဲ့တဲ့ မွတ်စလင်ကမ္ဘာက သူ့ မဟာမိတ်တွေနဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ “ပိုမိုလိမ္မာပါးနပ်သော” နိုင်ငံခြားရေးမူဝါဒအပေါ် ချဉ်းကပ်ခြင်းဆိုတဲ့ ဆောင်းပါးမှာ တိုင်းမ်မဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင် ဂျိုးကလိန်း(Joe Klein) ထောက်ပြခဲ့သလိုပါပဲ။ အင်အားကြီး မားတဲ့ တပ်မတော်တွေဟာ ဒီမိုကရေစီရဲ့ ရှေ့ပြေးနမိတ်ဖြစ်တဲ့ လုံခြုံရေးကို ဖန်တီးတယ်တဲ့။ မြန်မာပြည်မှာတော့ ဒီလိုမဟုတ်ပါဘူး။ နိုင်ငံတကာ သံတမန်ဖိအားတွေ ရှိပေမယ့် မြန်မာစစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လမ်းပေါ်မှာ ပစ်သတ်ခဲ့တာပါ။

မြန်မာပြည်က လူမဆန်တဲ့ မျက်ကန်းမျိုးချစ် စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာနဲ့ စစ်ရေးအရ ပတ်သက် ဆက်နွယ်မှု မရှိရ အောင် အမြဲတမ်း ကြိုးစားလေ့ရှိပါတယ်။ တရုတ်နဲ့ သူတို့ဆက်ဆံရေးကတော့ခြွင်းချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ကုလ သမဂ္ဂအစည်းအဝေးတွေမှာ မြန်မာစစ်အစိုးရဘက်က အမြဲတန်း အခိုင်အမာရပ်တည်ပြီး မြန်မာပြည်ကို အကြီးစား စစ်လက်နက် ခဲယမ်းတွေ အဓိက ထောက်ပံ့တဲ့ နိုင်ငံဖြစ်တာကိုး။ တရုတ်နိုင်ငံအနေနဲ့ကတော့ သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာပေါ်မှာ ပိုပြီး အလေးထားတာပါ။ ဒါကြောင့်လည်း မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် တရုတ်နိုင်ငံက ဘာမှ လုပ်ခဲ့တာမရှိပါဘူး။

တရုတ်နိုင်ငံလိုပဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကလည်း မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဘာမှ လုပ်ခဲ့တာ မရှိပါဘူး။ မလုပ်တဲ့အပြင် “ဒီမိုကရေစီနိုင်ငံ” လို့ ထင်ရတဲ့ ဒီနှစ်နိုင်ငံက မြန်မာပြည်ထဲကို အပြေးအလွှား ဝင်ရောက်လာပြီး “တစတစ ကြီးထွားလာနေတဲ့ တရုတ်သြဇာအရှိန်အဝါ” ဆိုတာကို လွယ်လွယ်လေး အကြောင်းပြပြီးတော့ စစ်အစိုးရနဲ့ ပိုပြီးနီးကပ်အောင် ကြိုးစားကြပါသေးတယ်။ ဒါကြောင့်မို့လည်း စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေက အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာနဲ့ စီးပွားရေးအကျိုးစီးပွား အားပြိုင်တဲ့ပွဲမှာ နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်တွေကို ထုတ်ရောင်းပြီး ဝင်ကစားခြင်း အားဖြင့် သူတို့အနေနဲ့ လက်ရှိအာဏာကို ဆက်ထိန်းထားနိုင်တဲ့အပြင် အခုထက်တောင် ပိုပြီး ကြွယ်ဝချမ်းသာလာနိုင်သေးတယ် လို့ ယုံကြည်နေကြတာပေါ့။

ဒီလို အခြေအနေတွေ ဖြစ်နေတာကြောင့်ပဲ အကျိုးအမြတ်များများရနိုင်ခြေရှိတဲ့ ကစားပွဲကနေ ဖယ်ထားခံရတယ်လို့ ယူဆ နေကြ တဲ့ အနောက်နိုင်ငံက ကုမ္ပဏီအတော်များများဟာ အခုဆိုရင် သူတို့ အစိုးရတွေက မြန်မာပြည်အပေါ် စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ထားပေမယ့် စစ်အစိုးရနဲ့ စီးပွားရေးအတူတွဲလုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။ တချိန်တည်းမှာလည်း စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ သူ့တို့ အစိုးရတွေကို ဖိအားပေး နေကြတာပါ။ သူတို့လုပ်ရပ်တွေက အိန္ဒိယ စီးပွားရေးပညာရှင် အမာတရာဆင်း (Amartya Sen) မကြားသေးခင်က မှတ်ချက်ချခဲ့သလိုပါပဲ။ သူက “အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်တွေက ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို မှန်ကန်တဲ့အလုပ် မလုပ်ဘူးဆိုပြီး အမြဲတမ်း ပညာပေးတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင်လည်း လုပ်တာမဟုတ်ဘူး။ ကျနော့်အနေနဲ့ အနောက်နိုင်ငံတွေကို ကြောင်သူတော်လို့ စွပ်စွဲလိုက်ချင်တယ်” တဲ့။

အီဂျစ်နိုင်ငံဟာ အချိုးအကွေ့တခုကို ချိုးကွေ့ဖို့နဲ့ ပိုပြီး ဒီမိုကရေစီနည်းကျတဲ့ အစိုးရတရပ်အဖြစ် မကြာခင် “အသွင်ကူးပြောင်း” ဖို့ အတော်လေး ခရီးရောက်နေပါပြီ။ မြန်မာစစ်အစိုးရကလည်း မကြာသေးခင်ကမှ ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်ကို “စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီ” အသွင်ကူးပြောင်းရေးရဲ့ အုတ်မြစ်ဖြစ်တယ်လို့ လောလောဆယ် ကြွားဝါနေပါတယ်။ ဒါပေမယ့် အနှစ်နှစ်ဆယ် ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ လွှတ်တော်ကို စစ်တပ်က ထိန်းချုပ်ထားယုံသက်သက်မဟုတ်ဘဲ စစ်အစိုးရနဲ့ သူ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တွေက စိုးမိုးချယ်လှယ်ထားတာပါ။ ကြံ့ဖွံ့ပါတီ ရဲ့ လွှတ် တော်အမတ်များစုဟာ မကြားသေးခင်ကမှ တပ်ကနေ အနားယူသွားကြတဲ့ ဘောင်းဘီချွတ်တွေနဲ့ စစ်အစိုးရရဲ့ အပေါင်း အပါတွေပဲ ဖြစ်ကြပါတယ်။

ဒါကြောင့်မို့ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ကြိုက်ရွေးထားတဲ့လူတွေနဲ့ ဖွဲ့ထားတဲ့ “အရပ် သား”အစိုးရ ဆိုတာတွေဟာ အာဏာခွဲဝေတဲ့လုပ်ရပ် မဟုတ်သလို မြန်မာပြည်မှာ အတော်လေးလိုအပ်နေတဲ့ လူထုဆိုင်ရာ မူဝါဒ တွေချမှတ်နိုင်ရေးကို ဦးတည်စေမယ့် နိုင်ငံရေးအရ “လုပ်ပိုင်ခွင့်ရှိတဲ့နေရာ” ဖန်တီးတဲ့ ကြိုးပမ်းမှုတရပ်လည်း မဟုတ် ပါဘူး။ စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေး အင်စတီကျုက ဦးတင်မောင်မောင်သန်း သူ့ ဆောင်းပါမှာ ရေးသားခဲ့ သလိုပြောရမယ် ဆိုရင် ဒါဟာ “အုပ်စိုးသူလူတန်းစားကြားမှာ အာဏာခွဲဝေတဲ့ လုပ်ရပ်တခု” သာ ဖြစ်ပါတယ်။

တကယ်လို့ အီဂျစ်နိုင်ငံက ဒီမိုကရေစီအစစ်အမှန် အသွင်ကူးပြောင်းရေးဟာ တစုံတရာ အောင်မြင်မှုရခဲ့မယ်ဆိုရင် အဲ့ဒီ အောင်မြင် မှုဟာ မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့ လှုံ့ဆော်မှုတရပ် ဖြစ်ပါလိမ့်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆီကို ဦးတည်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ အာရပ် လမ်းမတွေပေါ်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေဟာ မြန်မာပြည်ခုခံရေးလှုပ်ရှားမှုရဲ့ ကန္တာရထဲမှာ အိုအေစစ်တခု ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ဖိနှိပ်လှည့်ဖြားတဲ့ စစ်အစိုးရ လက်အောက်ကနေ လွတ်မြောက်အောင် ကျားကုတ်ကျားခဲ ကြိုးပမ်းနေကြဆဲမို့ပါပဲ။

What Can We Learn from Egypt by Yeni ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။