အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အလွန်

Friday, 08 April 2011 18:28 သူ့အတွေး သူ့အမြင်
Print
မြန်မာနိုင်ငံကို ကာလရှည်ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကတော့ အမြဲလိုလို နေရာတကာမှာ ပြောစရာတခုလို ဖြစ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လုပ်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ မြန်မာသမိုင်းမှာ အာဏာအရှိဆုံးသူ တယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ မေးနေတဲ့မေးခွန်းတွေက “သူတကယ်ပဲ အနားယူသွားပြီလား” ဒါမှမဟုတ် “အစိုးရသစ်ကို ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲမယ့် အာဏာရှင်ကြီးအဖြစ် ဆက်ရှိနေဦးမှာလား” ဆိုတာပါပဲ။

မတ်လ ၃၀ ရက်နေ့က နအဖကို ဖျက်သိမ်းလိုက်ပြီး အစိုးရသစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး လေ့လာသူအများအပြားက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အာဏာဇာတ်ခုံရဲ့ နောက်ဘက်ကို တိတ်တဆိတ်ပဲ ပုန်းလျှိုးကွယ်ပျောက်သွားဖို့ ကြံရွယ်နေတယ်လို့ မထင်ကြပါဘူး။

မြန်မာ့နိုင်ငံရေးမှာ သမိုင်းတပတ်လည်တာကို မကြာခဏတွေ့ခဲ့ကြရပါတယ်။ အခုလည်းပဲ တိုင်းပြည်ကို ၂၆ နှစ်ကြာ အုပ်ချုပ် ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ အာဏာပလ္လင်ကဆင်းပေးခဲ့တဲ့ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဗိုလ်ချုပ်ကြီး နေ၀င်း ဖြစ်ရပ်နဲ့ လက်ရှိအခြေအနေဟာ အလားသဏ္ဍာန်တူနေပုံကို မြန်မာ့အရေးလေ့လာသူများ ပြန်လည်အမှတ်ရနေကြမှာပါ။ အဲဒီလိုပဲ လမ်းထောင့်က လက်ဖက်ရည်ဆိုင်တိုင်းမှာ ဟိုတုန်းကလိုပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တကယ်မှ အနားယူသွားတာ ဟုတ်ပါရဲ့လားဆိုတဲ့ ယူဆချက်တွေ တီးတိုးပြောဆို ဆွေးနွေးနေကြဦးမှာပါပဲ။

အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ အဲဒီတုန်းက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဦးနေ၀င်းက နောက်ကွယ်ကနေ အမိန့်ပေးနေတယ်ဆိုတာကို လူအများမြင်တွေ့နိုင်တဲ့ သမိုင်းအထောက်အထား အခုအချိန်အထိ မရှိသေးပေမယ့် ဦးနေ၀င်းဟာ အမှန်တကယ်အနားယူသွားတာပါလို့ ယုံကြည်တဲ့သူ အင်မတန်နည်းပါတယ်။

အခုအချိန်မှာလည်း သူသာဆန္ဒရှိမယ်ဆိုရင် အစိုးရသစ်ရဲ့မူဝါဒတွေကို ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းတွေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပါဆိုပြီး ကောက်ချက်ဆွဲမယ်ဆိုရင် ယုတ္တိတန်ပါတယ်။ ဒါပေမယ့် နအဖအလွန် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက် အတိုင်းအတာအထိ ရှိနေဦးမလဲဆိုတာ မြန်မာပြည်မှာ လူတိုင်းစိတ်ဝင်စားကြမယ့် ကိစ္စတခုပါ။

နိုင်ငံတကာ အသိုင်းအ၀န်းအနေနဲ့ကလည်း ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ နအဖရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စစ်တပ်နဲ့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်ကို ဆက်လက် အမိန့်ပေးနေလိမ့်ဦးမယ်ဆိုတာကို သေချာပေါက် ယုံကြည်နေကြမှာပါ။

၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် ထိုစဉ်က ဗိုလ်ချုပ်ကြီး စောမောင်ဟာ ဦးနေ၀င်းရဲ့နေအိမ်ကို ပုံမှန်လိုလို သွားရောက် လည်ပတ်ခဲ့တဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ Asiaweek မဂ္ဂဇင်းနဲ့ အင်တာဗျူးတုန်းက အဲဒီကိစ္စကို ဦးစောမောင်က ၀န်ခံခဲ့ပြီး ဦးနေ၀င်းဟာ တချိန်က သူ့ရဲ့ဆရာ ဖြစ်ခဲ့တာကြောင့် သွားရောက်လည်ပတ်ခဲ့တာပါလို့ ဖြေရှင်းခဲ့တယ်။

Asiaweek သတင်း ထောက်တွေက ဦးနေ၀င်းဟာ ကန့်လန့်ကာနောက်ကွယ်ကနေ အာဏာကိုဆွဲကိုင်ထားဆဲပဲ မဟုတ်လားလို့ မေးတဲ့အခါမှာ “ဒီလို ကောလာဟလတွေ၊ စွပ်စွဲချက်တွေကို ကျနော်တို့အနေနဲ့ ရှင်းပြဖို့ တော်တော်ခက်ပါတယ်။ ဦးနေ၀င်းကို ကျနော်သွားတွေ့တာကို လူတွေက တွေ့တဲ့အခါကျတော့ ကျနော်က အကြံဉာဏ်သွားတောင်းတယ်၊ ညွှန်ကြားချက်သွား ယူတယ်လို့ ထင်ကြတယ်။ တကယ်က သူဟာ ကျနော့်ရဲ့မိဘလိုဖြစ်နေလို့ပါ” ဟု ဦးစောမောင်က ပြန်လည်တုန့်ပြန်ခဲ့တယ်။

တကယ်တော့ အသစ်တက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ တိုင်းပြည်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အကူအညီလိုအပ်တဲ့အခါ သူ့အရင် တိုင်းပြည်ကို အုပ်ချုပ်သွားတဲ့ ခေါင်းဆောင်တွေဆီကနေ အကြံဉာဏ်ရယူတာမျိုးဟာ လူ့အဖွဲ့အစည်း အတော်များများမှာ အစဉ်အလာရှိပါတယ်။

ဒီလို အစဉ်အလာမျိုးကို ကမ္ဘာ့ဒီမိုကရေစီ ဦးဆောင်နိုင်ငံတွေမှာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ လက်ရှိသမ္မတ အိုဘားမားဟာ သူ့အရင် သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘီလ်ကလင်တန်နဲ့ ဂျင်မီကာတာတို့ဆီက အကြံဉာဏ်တွေ ရယူနိုင်သလို ၎င်းတို့ကို အထူးသံတမန်တွေအဖြစ်နဲ့လည်း ခန့်အပ်တာဝန်ပေးနိုင်ပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံတခုဖြစ်တာကြောင့် လက်ရှိသမ္မတနဲ့ သမ္မတဟောင်းတွေအကြား ဆက်ဆံရေးနဲ့ သူတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေရှိခဲ့ရင်လည်း အမေရိကန် ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ တွေ့ရမှာဖြစ်ပါတယ်။

ဒါမျိုးက မြန်မာပြည်လို နိုင်ငံမျိုးမှာ မတွေ့နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်တိုင် လူ့အသိုင်းအ၀ိုင်းထဲမှာ မနေဘဲ အထီးကျန်နေထိုင်တတ်တာ၊ တိုင်းပြည်အုပ်ချုပ်စဉ်ကာလမှာ ပြည်သူတွေအပေါ် ဘယ်တုန်းကမှ တာဝန်ခံမှုမရှိတာတွေကြောင့် ဖြစ်ပါတယ်။

အာဏာရှင်ဟောင်း ဦးနေ၀င်းဟာ သူအနားယူသွားတဲ့အချိန်ကစလို့ သေဆုံးချိန် ၂၀၀၂ နှစ် ဒီဇင်ဘာလ ၅ ရက်နေ့အထိ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုဖြတ်သန်းနေထိုင်ခဲ့သလဲဆိုတာ သိကြတဲ့သူ မရှိသလောက်ပါပဲ။

ဦးနေ၀င်းဟာ အငြိမ်းစားယူသွားပြီး အစောပိုင်းနှစ်တွေမှာ စစ်အစိုးရကို ဆက်လက်အမိန့်ပေး ချုပ်ကိုင်ထားဆဲဆိုတာကို လေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လောက် အတိုင်းအတာထိ ပါဝင်ပတ်သက်ခဲ့သလဲဆိုတဲ့ အချက်အပေါ်မှာ လုံးဝ ပွင့်လင်းမြင်သာမှု မရှိခဲ့ပါဘူး။

၂၀၀၂ ခုနှစ် သူမသေဆုံးမီ သူ့ရဲ့သားမက်နဲ့ မြေးသုံးယောက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖမ်းဆီးထောင်ချခဲ့ချိန်မှာမှ စစ်အစိုးရအပေါ် ဦးနေ၀င်းရဲ့ သြဇာသက်ရောက်မှု အဆုံးသတ်ခဲ့ပြီးလို့ လူအများက လက်ခံနိုင်ခဲ့ကြပါတယ်။

သူ့အရှေ့က အာဏာရှင်ဟောင်းကြီးရဲ့ မချောမွေ့တဲ့နိဂုံးကို သင်ခန်းစာယူမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နောက်ဆုံးနေ့များဟာ ယခုနှစ် မတ်လ ၃၀ ရက်က စတင်ခဲ့ပြီဆိုတာကို သူသိမြင်ပါလိမ့်မယ်။ အခုအချိန်မှာ မေးခွန်းထုတ်ရမှာတခုကတော့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကန့်လန့်ကာနောက်ကွယ်က အာဏာကို ဆက်လက် ထိန်းချုပ်နေသေးလားဆိုတဲ့ အချက်က သာမန်မြန်မာပြည်သူတွေအတွက် ဘယ်လောက်အရေးကြီးပါသလဲ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

၁၉၈၈ - ၂၀၁၁ ကာလ စစ်အစိုးရလက်ထက်ကို သမိုင်းရှုထောင့်ကနေ ပြန်ကြည့်ရင် ဦးနေ၀င်း သက်ရှိထင်ရှားရှိနေစဉ်နဲ့ ဆုံးပြီးနောက်ပိုင်းလို့ အကြမ်းဖျင်းကာလ နှစ်ခုခွဲခြားနိုင်ပါတယ်။

ဒီနေရာမှာ ဘယ်ကာလကိုပဲကြည့်ကြည့် မြန်မာပြည်သူတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပိုင်းမှာ ပြောင်းလဲတိုးတက်လာခဲ့တာ မရှိခဲ့ပါဘူး။ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ သဘာဝဟာလည်း ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။

ဦးသန်းရွှေဟာ သူရဲ့တရားဝင်ရာထူးတွေဖြစ်တဲ့ နအဖအကြီးအကဲနဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးတွေကို စွန့်လွှတ်လိုက်တဲ့အခါ တပ်မတော်ဟာ ပြည်သူတွေအကြားမှာ ၎င်းတို့ရဲဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ဖို့၊ ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေးရှုကာကွယ်ဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ဆိုတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်မယ့် အရိပ်လက္ခဏာ မရှိသလောက်ပါပဲ။

အဲဒီအချက်ကို ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဆောက်အအုံတွေကို အခြေခံကျကျ အပြောင်းအလဲလုပ်ဖို့ လက်ရှိတက်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံရေးသန္နိဋ္ဌာန်မရှိသရွေ့ ဦးသန်းရွှေဟာ နောက်ကွယ်က ကြိုးကိုင်နေမလားဆိုတဲ့ မေးခွန်းဟာလည်း မြန်မာပြည်သူတွေအတွက် အဖြေမသိနိုင်တဲ့ မေးခွန်းတခုအဖြစ် ဆက်လက်ရှိနေပါလိမ့်ဦးမယ်။

အဲဒီလိုပဲ စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းခဲ့ပေမယ့် လူထုကို တာဝန်ခံတဲ့၊ ပွင့်လင်းမြင်သာသော အစိုးရတရပ် မရှိတဲ့ မြန်မာနိုင်ငံဟာလည်း ဘယ်ကိုမှမရွေ့ဘဲ နေမြဲအတိုင်း ရှိနေဦးမှာပါပဲ။     ။