အာဆီယံက မြန်မာကို ၂၀၁၄ မှာ ဥက္ကဋ္ဌနေရာ ပေးသင့်ပြီလား

Friday, 22 April 2011 19:18 သူ့အတွေး သူ့အမြင်
Print
နိုင်ငံတွင်းမှာ ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ မြန်မာနိုင်ငံက ၂၀၀၄ မှာ အာဆီယံဥက္ကဋ္ဌ နေရာကို ယူမယ်ဆိုရင် ကမ္ဘာ့ လူ့အဖွဲ့အစည်းတွင်းက အာစီယံရဲ့ အဆင့်နေရာကို ချည့်နဲ့ စေပါလိမ့်မယ်။

မြန်မာနိုင်ငံကို ဘုန်းကြီးခေါင်းခေါက်ပြီး ပြန်တောင်းပန်ခွင့် ပေးမလားဆိုတဲ့ အဖြေကတော့ အာဆီယံပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ မတ်လကုန်မှာ အရပ်သားအစိုးရသစ် တက်လာပြီးပြီးချင်း သမ္မတဦးသိန်းစိန်က အရေးကြီးတဲ့ အလုပ်တခု လုပ်ခဲ့ပါတယ်။ အဲဒါ ကတော့ ၂၀၁၄ မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ နေရာကိုယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အာဆီယံ အတွင်းရေး မှူးအဖွဲ့ကို စာပို့ခဲ့တာပါပဲ။

၂၀၀၄ ခုနှစ် နိုဝင်ဘာလတုန်းက လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံက အာဆီယံအလည့်ကျ ဥက္ကဌနေရာကို မယူဘဲ ရှောင်သွားခဲ့ပါတယ်။ ဒီလို မယူရတာဟာ ပြည်တွင်းအခြေအနေတွေ
ကြောင့်ဖြစ်တယ်လို့ စစ်အစိုးရက အကြောင်းပြပါတယ်။ အထူးသဖြင့် နိုင်ငံတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မတည် ဆောက်နိုင်သေးတာရယ်၊ သက်ဆိုင်ရာ အင်အားစုအားလုံးနဲ့ အပြန်အလှန် စကားပြောဆို ဆွေးနွေးမှုတွေ မလုပ်နိုင်သေးတာတွေ ရယ်ကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌနေရာက အလိုလျောက်ပြန်ယူလို့ရတဲ့ နေရာမဟုတ်မှန်း အဲဒီအချိန်မှာ မြန်မာနိုင်ငံက မသိခဲ့ပါဘူး။

မကြာသေးခင် ရက်သတ္တပါတ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီးအသစ် ဦးဝဏ္ဏမောင်လွင်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဘန်ကောက်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်းက လက်ရှိ နိုင်ငံရေးအခြေအနေကို အတိုချုံးရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌနေရာ ရဖို့အရေး ထောက်ခံပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေအနေနဲ့  ဒီကိစ္စကို လမယ့် မေလ ၇ ရက်၊ ၈ ရက် ဂျာကာတာ ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်ပေးဖို့ မြန်မာနိုင်ငံက လိုလားနေတာပါ။ အာဆီယံကသာ သဘောတူမယ်ဆိုရင် ဥက္ကဋ္ဌနေရာကို တနှစ်ကြာ တာဝန်ယူနိုင်ဖို့ မြန်မာနိုင်ငံအတွက် လုံလောက်တဲ့ ပြင်ဆင်ချိန် ၃ နှစ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆီယံနိုင်ငံ အတော်များများမှာ ဒါနဲ့ပတ်သက်ပြီး သူတို့ ဘောင်အတွင်းက လုပ်နိုင်တာတွေ ရှိနေကြပါသေးတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာ ယူခွင့်ပြု မပြု ဆုံးဖြတ်ချက်မချခင်မှာ အာဆီယံကိုယ်စားလှယ်အဖွဲ့တခုကို မြန်မာနိုင်ငံသွားပြီး နောက်ဆုံးအခြေအနေနဲ့ ဥက္ကဋ္ဌနေရာယူဖို့ အဆင်သင့်ဖြစ်မဖြစ် လေ့လာအကဲဖြတ်ခွင့် ပြုမလားလို့ သူတို့က ဦးဝဏ္ဏ မောင်လွင်ကို မေးပါတယ်။ သူအနေနဲ့ ဒီကိစ္စကို ဆုံးဖြတ်ပေးလို့မရကြောင်း၊ နေပြည်တော်ကို ဆက်လက်အစီရင်ခံပေးမယ့် အကြောင်း ဦးဝဏ္ဏမောင်လွင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာတဲ့ ၁၉၉၇ ခုနှစ်ကစပြီး အာဆီယံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ တခြားရေးရာ ကိစ္စအများအပြားနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို ထပ်ခါတလဲလဲ ငြင်းဆန်ခဲ့တာပါ။ ဒါပေမယ့် အာဆီယံကတော့ မာနကို တိတ်တဆိတ်မြိုသိပ်ရင်း သူ့ရဲ့ အတွင်းကြေ ဂုဏ်သတင်းနဲ့ပဲ နေပြည်တော်က စစ်အစိုးရ အတွက် အထောက်အကူရအောင် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ သေးနုတ်ပေမယ့် အာဆီယံက သူ့ရဲ့ နိုင်ငံတကာအဆင့်အတန်းကို ကယ်တင်ဖို့ မြန်မာအစိုးရကို ဈေးဆစ်လိုက်ပါပြီ။ ဘန်ကောက်တွေ့ဆုံပွဲမှာ စင်ကာပူနဲ့ မလေးရှားနိုင်ငံ တွေက သူတို့သဘောထားကို ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌ လုပ်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ မြန်မာနိုင်ငံ ဖြစ်စေချင်တယ်တဲ့။

မြန်မာအရပ်သား အစိုးရသစ်အနေနဲ့ နှစ်ပေါင်းများစွာ အာဆီယံကပေးခဲ့တဲ့ အထောက်အပံ့တွေဟာ အကျိုးရှိတယ်ဆိုတာကို ခိုင်လုံတဲ့ နည်းတွေနဲ့ ထုတ်ဖော်ပြသရပါလိမ့်မယ်။ ဒါ့အပြင် မူဝါဒရေးရာကိစ္စရပ်တွေမှာ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ကြိုးကိုင်မှု မရှိဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတာကိုလည်း သက်သေပြရပါလိမ့်မယ်။

မြန်မြန်ဆန်ဆန်နဲ့ အပြုသဘောဆောင်ပြီး တုန့်ပြန်နိုင်တာတခုကတော့ အာဆီယံကိုယ်စားလှယ်အဖွဲ့ သွားရောက်မယ့်ကိစ္စ ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို သင်္ကြန်အပြီးလောက်မှာ အကြောင်းပြန်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အာဆီယံအဖွဲ့အတွင်းမှာ မြန်မာအစိုးရအပေါ် မလိုလားမှု များသထက်များလာစေမှာဖြစ်ပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ရပ်ဆိုင်းဖို့ အာဆီယံရဲ့ တောင်းဆိုနေမှုကိုလည်း အားလျော့စေမှာ ဖြစ်ပါတယ်။ အဆုံးမှာတော့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုပဲ အာဆီယံက ချမှတ်ချမှတ် အဲဒီဆုံးဖြတ်ချက်က အာဆီယံနဲ့ သူ့ရဲ့ ဆွေးနွေးဖက်နိုင်ငံ တွေကြားက အရေးကြီးတဲ့ အစည်းအဝေးတွေနဲ့ စီမံကိန်းတွေအပေါ် တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိနေပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေက ခေါင်းဆောင် တွေ မြန်မာပြည်သွားပြီး အစည်းအဝေးတွေ တသီတတန်းလုပ်လိမ့်မယ်လို့ အခြေအနေကို အမှန်အတိုင်း စဉ်းစားနိုင်တဲ့ ဘယ်လို လူမျိုးကမှ မျှော်လင့်မထားဘူးဆိုတာ ထင်ရှားလှပါတယ်။ ဒီလို တွေ့ဆုံမှုမျိုးက မြန်မာပြည်သူတွေရဲ့ နေထိုင်မှုဘဝတွေ တကယ်တမ်း ပြောင်းလဲလာတဲ့အခါမျိုးနဲ့ တစုံလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတေ၊ွ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ အပြောင်းအလဲဖြစ်လာတဲ့ အခါမျိုးတွေမှာသာ ဖြစ်နိုင်ပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အစိုးရအသစ်ကို စင်တင်ဖို့နဲ့ ပါလီမာန်ဟာ စစ်ယန္တရားရဲ့ လက်ဝေခံ၊ ဒါမှမဟုတ်လည်း အတုအယောင် မဟုတ်ဘူးဆိုတာကို ထုတ်ဖော်ပြသဖို့ အချိန်အကန့်အသတ် ရှိနေပြီဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူအရေးကြီးတာကတော့ မြန်မာအစိုးရအနေနဲ့ အသစ်ခန့်အပ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Derek Mitchell နဲ့ ဆက်စပ်ဆောင်ရွက်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။ သူက သူ့ရဲ့လုပ်ငန်းတွေ စတင်နိုင်ဖို့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲပါ။ အဲ့ဒီလို ဆက်စပ်တဲ့အခါမှာ နျူကလီးယား ကိစ္စ၊ မြန်မာ-တရုတ် ဆက်ဆံရေး၊ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး စတာတွေကိုလည်း အဓိက ဦးစားပေးရမှာ ဖြစ်ပါတယ်။ သူနဲ့ ဆွေးနွေးခြင်းအားဖြင့် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ဆက်စပ် ဆောင်ရွက်တဲ့ကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်စေပါလိမ့်မယ်။ လောလောဆယ်မှာတော့ မြန်မာအစိုးရအနေနဲ့ ဥရောပသမဂ္ဂက အသစ်ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုနဲ့ နောက်တနှစ် ရင်ဆိုင်ရအုံးမှာပါ။ ဒီအရေးယူမှုမှာ အရေးပါတဲ့ အရပ်သားဝန်ကြီးတွေ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအတွင်း ခရီးသွားလာမှုနဲ့ သူတို့ရဲ့ ငွေကြေး လွှဲပြောင်းအပ်နှံမှုတွေကို အရင်နှစ်တွေကလို မတင်းကျပ်ထားဘဲ တစုံတရာ လျော့ပေါ့ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ဒဏ်ခတ်အရေးယူမှုနဲ့ပါတ်သက်ပြီး သဘောထားကွဲနေကြတဲ့ ဥရောပသမဂ္ဂဟာ မြန်မာအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တိုးမြှင့်လုပ်ဆောင်လိုတာ ဖြစ်ပါတယ်။

တကယ်လို့ မြန်မာအစိုးရသစ်ကသာ လုပ်ငန်းဆောင်တာတွေကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်တယ်ဆိုရင် အနောက်နိုင်ငံ တွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ “အဆုံးသတ် ကစားကွက်” ကို စမ်းသပ်ကြည့်ကြမှာပါ။ ဘယ်လိုပဲဖြစ်နေနေ ချစားမှုအနည်း ဆုံးခေါင်းဆောင်လို့ လူသိများပြီး အုပ်ချုပ်ရေးပိုင်းမှာ တစုံတရာ အတွေ့အကြုံရှိတဲ့ ဦးသိန်းစိန်မှာ အများ လက်ခံနိုင်တဲ့ အချက်တွေ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ အစိုးရကောင်းတရပ် ဖြစ်ရေး တောင်းဆိုမှုတွေပါတဲ့ သူရဲ့ သမ္မတမိန့်ခွန်းဟာလည်း လူကြိုက်များလှပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချို့တဲ့သူဖြစ်တာမို့ သူဘာကိုပဲ ရွေးချယ်ရွေးချယ် အဲ့ဒီရွေးချယ်ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အပေါ် အကျိုးသက်ရောက်မှု အများကြီးရှိနိုင်မှာ မဟုတ်ပါဘူး။

မြန်မာအရပ်သား အစိုးရကသာ အာဆီယံနဲ့ အနောက်နိုင်ငံတွေရဲ့ ကနဦးတောင်းဆိုမှုတွေကို အချိန်မီ အကြောင်းပြန်မယ်ဆိုရင် အစိုးရအပေါ် အသိအမှတ်ပြုမှု အများကြီး မြင့်တက်လာစေပါလိမ့်မယ်။ တကယ်လို့ ဦးသိန်းစိန်အနေနဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲက များများစားစားကို လွှတ်ပေးတာမျိုး၊ နျူကလီးယား ပြန့်ပွားရေးကိစ္စကို တားဆီးတာမျိုး စတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေးကို ဒီတချိန်မှာ မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်တဲ့အပြင် ကျန်းမာရေး၊ ပညာရေး စတဲ့ လူသားချင်းဆိုင်ရာ အကူ အညီတွေကိုလည်း အဲဒီနိုင်ငံတွေကနေ ပိုတိုးပြီး ရလာနိုင်ပါတယ်။ ဘယ်လို ဘယ်ချမ်းသာ အပြန်အလှန် ဒွိဟပွားနေဖို့ မြန်မာနိုင်ငံရော အနောက်နိုင်ငံတွေမှာပါ အချိန်မရှိတော့ပါဘူး။

၂၀၁၁ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သက်တမ်းကုန်ဆုံးပြီး နောက်ပိုင်း အာဆီယံရဲ့ အနာဂတ် ဦးတည်ချက်နဲ့ ပတ်သက်လို့ မကြာသေးခင်က အာဆီယံအတွင်းပိုင်းမှာ ဆွေးနွေးပွဲတွေ အပြင်းအထန် ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒေသတွင်းမှာ ရှေ့ဆက်လုပ် မယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (East Asia Summit) နဲ့ အာဆီယံ-အမေရိကန် ခေါင်းဆောင်များ အစည်းအဝေးတွေကို အမေရိကန်သမ္မတ လာတက်မှာလား၊ တခြား ထိပ်သီးဆွေးနွေးပွဲတွေကိုရော လာမှာလား စသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံလို ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံလည်းဖြစ်၊ အစဉ်အလာကြီးတဲ့ အာဆီယံ ဥက္ကဋ္ဌလို နိုင်ငံမျိုးလည်း ဖြစ်တာတောင်မှပဲ လာမယ့် အရှေ့အာရှထိပ်သီးအစည်းအဝေး အစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ ညှိနှိုင်းတဲ့နေရာမှာ အခက်အခဲတွေရှိတာပါပဲ။ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံက အောက်တိုဘာလအကုန်မှာ ကျင်းပချင်တယ်၊ ဒါပေမယ့် အိမ်ဖြူတော်ကတော့ သူ့နိုင်ငံက ဟိုနိုလူလူမြို့မှာ ကျင်းပမယ့် အာရှပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး (Asia Pacific Economic Cooperation) အစည်းအဝေးအပြီး နိုဝင်ဘာလဆန်းမှာ လုပ်ဖို့ ထပ်တလဲလဲ ပြောနေပါတယ်။ တခြား အာဆီယံနိုင်ငံတွေသာ ဥက္ကဋ္ဌနေရာမှာဆိုရင် အမေရိကန်ရဲ့သဘောထား ဘယ်လိုဖြစ်မယ်ဆိုတာကို စဉ်းစားကြည့်ကြပါတော့။

ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတွေက ၂၀၁၂ နဲ့ ၂၀၁၃ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာကို ယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ အခြေအနေကို လက်တွေ့ကျကျ စဉ်စားကြည့်ရအောင်။ သမ္မတအိုဘားမားအနေနဲ့ နောက်တကြိမ် ပြန်အရွေးခံရတယ် ထားအုံးတော့၊ ရှေ့နှစ်မှာ သူ ဖနွမ်ပင်ကို သွားလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားပါဘူး။ ဘရူနိုင်းကိုသွားလိမ့်မယ်လို့လည်း ဘယ်သူမှ မမှန်းထားပါဘူး။ အာဆီယံက မြန်မာကို ၂၀၁၄ မှာ ဥက္ကဌနေရာယူဖို့ မီးစိမ်းပြမယ်ဆိုရင် အမေရိကန်ရဲ့ ပါဝင်ဆောင်ရွက်မှုက ပိုလို့တောင် ထင်ရှားပါသေးတယ်။

အာဆီယံအနေနဲ့ ဒေသတွင်းမှာရော ပြင်ပမှာပါရှိတဲ့ သူ့ရဲ့ အစီအစဉ်တစုံလုံးကို ဗဟိုချုပ်ကိုင်မှုနဲ့ အဆက်စပ်ရှိရှိ ထိထိမိမိ ဆောင်ရွက်ချင်ရင်တော့ အာဆီယံမိသားစုရဲ့ ကောင်းကျိုးဟာ မြန်မာခေါင်းဆောင်တွေရဲ့ဆောင်ရွက်ချက်တွေအပေါ်မှာ အတော်လေးမူတည်နေတည် ဆိုတာကို သူတို့ လက်ခံလာအောင်လုပ်ရပါလိမ့်မယ်။ အရင်တုန်းက လုပ်ဖို့ ထပ်ခါတလဲလဲ ပျက်ကွက်ခဲ့ပေမယ့် အခု လုပ်ကို လုပ်ရပါလိမ့်မယ်။ တကယ်လို့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ လာမယ့် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာ လုပ်နိုင်ပါ့မလားလို့ သံသယရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို နောက်တကြိမ် အလှည့် ရောက်မယ့် ၂၀၂၁ ထိ ရွှေ့လိုက်တာ ကောင်းပါတယ်။

အဲဒီလိုသာ အာဆီယံက ဆုံးဖြတ်လိုက်နိုင်ရင်တော့ ဆုံးဖြတ်ချက်ချတဲ့အချိန်ဟာ သမိုင်းဝင်မယ့် အခိုက်အတန့်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့အချိန် ၁၉၉၇ ကနေ အာဆီယံထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့အရေး အနည်းဆုံး ၂၄ နှစ် စောင့်ရတော့တာလို့ပဲ ဖြစ်ပါတယ်။

Kavi Chongkittavorn  ၏ Burma Seeking to be Chair of Asean in 2014 ကို ဆီလျော်အောင် ပြန်ဆိုသည်။