မြန်မာ၊ နိုင်ငံတကာနဲ့ သခင်စိတ်ဓာတ်

Friday, 29 April 2011 18:10 သူ့အတွေး သူ့အမြင်
Print
အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်မယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီသတင်းရဲ့ အဆက်ကတော့ အတိုက်အခံတွေက အဲဒီ ကိုယ်စားလှယ် ဒဲရက် မစ်ချယ် (Derek Mitchell) ကို ကြိုဆိုကြောင်းပြောတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကိုင်တိုင်ပဲ ဒီလို ခန့်အပ်တာကို သူ့အနေနဲ့ အကောင်းမြင် သဘောထားပြီး သတိနဲ့ ကြိုဆိုကြောင်း ပြောတာတွေ ကြားလိုက် ဖတ်လိုက်ရပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ ပြန်ဝင်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကိုယူပြီး မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီးညီလာခံကို လက်ခံကျင်းပဖို့ပဲ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေကလည်း ပြည်သူတွေကို ပြောတာထက်စာရင် မူဝါဒပြောင်းနေတဲ့ ဥရောပ သမဂ္ဂ (EU)၊ အာဆီယံနဲ့ အမေရိကန်ကို ရည်စူးပြီးပြောနေတာလို့ ယူဆလို့ရပါတယ်။

စာရေးသူကတော့ မြန်မာ့နိုင်ငံရေးဟာ အပြင်က ပြည်ပအကူအညီတွေကို အကြီးအကျယ် အားကိုးနေရတုန်းပဲလို့ မြင်ပါတယ်။ အတိုက်အခံရော အစိုးရရော ကျားကုတ်ကျားခဲ ကြိုးစားကြတာဟာ အသိအမှတ်ပြုခံရဖို့ဖြစ်တယ်လို့ ဆိုလိုတာပါ။

ကုလသမဂ္ဂက ကိုယ်စားလှယ်တွေ ခန့်တော့လည်း ဒီလိုပဲ ကြိုဆိုကြ၊ ဝေဖန်ကြနဲ့ပဲ တယောက်ပြီး တယောက် ပြောင်းခဲ့တာ  မစ္စတာ အီဗရာဟင် ဂမ္ဘာရီ အထိ။ အဲဒီ ဂမ္ဘာရီ တုန်းက နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့တော့တဲ့အထိ ဖြစ်ခဲ့တာ တွေ့ရပါတယ်။

အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) လည်း ဒီလိုပါပဲ။ သူမြန်မာပြည်ကို ၂ ခေါက်သွားပြီး ဆက်သွားလို့ မဖြစ်တာကို တွေ့ရပါတယ်။ ဆက်သွားခဲ့ရင် သူ့ရဲ့ ခရီးစဉ် ဆောင်ရွက်ချက် (Mission) ဟာ လုံးဝကို မအောင်မြင်ဘူးဆိုတာကို သက်သေထူသလို ဖြစ်သွားမှာ အမှန်ပါပဲ။

အခုတော့ အမေရိကန် အစိုးရက ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် မြန်မာ့ ကျောက်မျက်ရတနာ ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များအပေါ် အရေး ယူသည့် ဥပဒေ) Burmese JADE (Junta’s Anti-Democratic Effort) Act 2008 ရဲ့ ပြဋ္ဌာန်းချက်အရ အမေရိကန်က အထူးကိုယ်စားလှယ် ခန့်မှာပါ။

အမေရိကန်က ချမှတ်ထားတဲ့ တိုက်ရိုက်အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမူဝါဒနဲ့ ပိတ်ဆို့ရေးမူဝါဒတွေကို သူက ဆက်သုံးသပ်ပြီး အမေရိကန်ရဲ့ မြန်မာအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သံတမန်တွေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ သံတမန်သင်္ချိုင်း (Political Minefield) ပဲလို့ သုံးသပ်ကြတာ ကြားခဲ့ဖူးတော့ ဒဲရက် မစ်ချယ်တယောက် အဲဒီ သင်္ချိုင်းထဲတော့ ဆင်းရဦးမှာပဲလို့ တွေးပြီးပြုံးမိပါတယ်။

ကိုလိုနီသူ့ကျွန်ဘဝ ရောက်ခဲ့ရဖူးတဲ့ မြန်မာနိုင်ငံက မြန်မာပြည်သူ/သားတွေဟာ ကိုယ့်ရဲ့နိုင်ငံအရေးကို ဆောင်ရွက်ရာမှာ နိုင်ငံခြားသားတွေကို နည်းနည်းပိုတွက်တယ်လို့ ထင်မိပါတယ်။ မြန်မာ့အရေးကို ဝင်ရောက်လုပ်ကိုင်ပြီး တွင်တွင်ကျယ်ကျယ် ပါဝင်နေတဲ့ နိုင်ငံခြားသားတွေကလည်း သူတို့ဟာ မြန်မာ့အရေးကို သူတို့လုပ်မှ ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းတော့ ပိုတွက်ပြီး အထင်ကြီးကြပုံရပါတယ်။ 

အပြင်မှာဆိုရင်လည်း မြန်မာ့အရေး လှုံ့ဆော်လှုပ်ရှားမှု (Campaign) တွေလုပ်ပြီး ကူညီသူတွေရော တကိုယ်တော် ဆန္ဒပြ၊ အဖမ်းခံပြီး စာအုပ်ထုတ်ရောင်းစားတဲ့သူတွေရော၊ မြန်မာ့အရေး အမြတ်ထုတ်ချင်တဲ့သူတွေရော ပြည်တွင်းမှာ ဝင်ရောက်ကူညီတဲ့လူတွေ အားလုံး အကြုံးဝင်ပါတယ်။ ကူညီရေးအဖွဲ့တွေမှာ ကူညီနေတဲ့၊ ခန့်ထားတဲ့ နိုင်ငံခြားသားတွေလည်း ပါပါတယ်။

ဒါ့အပြင် မြန်မာအရေးကို တိုက်ရိုက် ထိတွေ့ဆက်ဆံရေးနဲ့ ပိတ်ဆို့အရေးယူမှု (Engagement and Sanction) ဟာ အောင်မြင်တယ်ဆိုပြီး အားကျိုးမာန်တက် စည်းရုံးရေး (Lobby) လုပ်နေတဲ့သူတွေလည်း ပါပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတွေမှာလိုက်ပြီး ဘာသာရေးအမြတ်ထွက်ဖို့ ကြိုးစားနေတဲ့ ဘာသာရေးအဖွဲ့တွေလည်း ပါပါတယ်။ စာရေးသူကြားဖူးတာကတော့ နယ်စပ်ဒေသတွေ၊ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာ ဆန်တထုပ်နဲ့ ကျမ်းစာတအုပ်ပေးပြီး ဘာသာရေး ကျူံးသွင်းတဲ့အကြောင်းတွေလည်း ကြားဖူးပါတယ်။ တို့မြန်မာတွေ ခေတ်နောက်ကျ၊ ဆင်းရဲတွင်း နက်တော့ အမြတ်ထုတ်လို့ ကောင်းတယ်လို့ တွေးမိပါတယ်။

ဒါ့အပြင် အစိုးရအသစ်တက်လာ၊ ဘောင်းဘီချွတ်၊ လုံချည်ဝတ်ပြီး ခေတ်ပြောင်းတော့မှာ ဖြစ်တယ်လို့ ပြောဆိုကာ စီးပွားရေးလုပ်ချင်တာကို အကြောင်းပြပြီး စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းဖို့ တောင်းဆိုတဲ့ အနောက်စီးပွားရေးသမားတွေ၊ အစိုးရ မဟုတ်ချင်ယောင် ဆောင်ထားတဲ့သူတွေလည်း အများကြီးတွေ့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူ ခန့်အပ်ထားတဲ့အထဲမှာ အလံရှူးလုပ်တတ်တဲ့ လူတတ်ကြီး (Spin Doctor) တွေလည်း အများကြီးပါပါတယ်။ ပြည်တွင်းမှာ အတော်ကို အငြင်းပွားဖွယ်ဖြစ်တဲ့ တတိယအုပ်စုအဖွဲ့က လူတဦးက သူ့တို့ရဲ့ ပြည်တွင်းကစာစောင်မှာ အစိုးရကို ဝေဖန်တာတွေ ရေးခွင့်ရပါတယ်လို့ Economist မဂ္ဂဇင်းကြီးကို ပြောတာ ဖတ်လိုက်ရပါတယ်။ ဒါကို အပြင်က မြန်မာ့အရေးလေ့လာသူတွေက အဟုတ်မှတ်ပြီး ချီးကျူးကြ၊ ထောက်ပြကြဦးမှာ အမှန်ပါပဲ။

တကယ်တော့ အဲဒီ တတိယအုပ်စုက မြန်မာလို အမြဲရေးနေတဲ့ စစ်အစိုးရကို ချီးကျူးထားတာတွေကို ပြည်ပက မြန်မာစာမဖတ်တတ်တဲ့ ကျွမ်းကျင်သူဆိုသူတွေ မဖတ်နိုင်ဘူး၊ လက်လှမ်းမမီဘူးဆိုတာတော့ အမှန်ပါပဲ။ 

မြန်မာပြည်ကို စိတ်ကောင်းနှလုံးကောင်းနဲ့ ကူညီချင်သူထက်စာရင် မြန်မာပြည်ရဲ့ ဒုက္ခ၊ သုခတွေကို သူတို့ရဲ့ ကိုယ်ကျိုးအတွက်၊ အတ္တတွေအတွက် အလုပ်လုပ်နေကြသူတွေ များပါတယ်လို့ မြင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သတိထားဆက်ဆံတာ အကောင်းဆုံးပါပဲလို့ သုံးသပ်မိပါတယ်။

ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အရည်အချင်း မမီသေးဘူး၊ အတ္တကြီးတဲ့ နိုင်ငံရေးသမားပဲလို့ တဖွဖွ တီးတိုးတီးတိုး ပြောနေတာတွေကလည်း ရန်ကုန်နဲ့ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂအဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းက လူတွေပဲဖြစ်ပါတယ်။ သူတို့ဟာ နအဖကိုတော့ သိပ်ပြီး “ပွင့်ပွင့်လင်းလင်း” မဝေဖန်ရဲတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်အကျိုးထက် သူတို့အကျိုးတွေက များနေလို့ပါ။

မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာ မပေးတော့ဘူးဆိုရင် သူတို့ ဘာမှဝင်ပြီး လုပ်လို့ရမှာ မဟုတ်လို့ပါ။ ဒီ ဗီဇာမူဝါဒနဲ့ ရန်ကုန်က နိုင်ငံခြားသားတွေ အားလုံးကို ခြင်းထဲက ကြက်ကလေးတွေလို ချုပ်ကိုင်ထားတာ အားလုံးသိပါတယ်။ ရန်ကုန်မှာ အခြေစိုက်တဲ့ နိုင်ငံခြားသားမှန်သမျှ ဒီ နေရေး ထိုင်ရေး စားရေးသောက်ရေး ဗီဇာကြောင့်ပဲ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေရှိသည့်တိုင် ညှိနှိုင်းရေးလုပ်ပြီး ရောင်းစား ပေါင်းထားရတာပဲဖြစ်တယ်။

ဒါကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ်လုပ်ခဲ့ဖူးတဲ့ မလေးရှားက မစ္စတာ ရာဇာလီ အစ္စမေးလ်လည်း ၂၀၀၆ မှာ ဗီဇာမရတော့ နုတ်ထွက်ပေးလိုက်ရတာဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းကလည်း ၂၀၀၈ လာတုန်းက နာမည်ပျက်စာရင်းထဲပါမှာစိုးလို့ အဲဒီမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးတာကို နိုင်ငံရေးဇာတ်သွင်းတာမျိုး မလုပ်ပါနဲ့လို့ ပြောပြီး ချော့ပေါင်းရတာပဲ ဖြစ်ပါတယ်။

အချုပ်ပြောရင်ကတော့ မြန်မာပြည်ကို ဘယ်သူမှ ကယ်ဆယ်လို့မရပါ။ မြန်မာပြည်ကို ကယ်ဆယ်မယ့်သူတွေဟာ မြန်မာပြည်သူပြည်သားတွေပါပဲလို့ ပြောချင်ပါတယ်။ ကျနော်၊ ကျမတို့ဟာ သခင်၊ သခင်မတွေပါ။ သခင်စိတ်အပြည့်နဲ့ ကိုယ့်တိုင်းပြည်ကို ကူညီကယ်ဆယ်ဖို့ လုပ်ကြပါလို့ ပြောချင်ပါတယ်။

ခင်ခင်ကြီးသည် ၁၉၈၈ ဒီမိုကရေစီအရေးအခင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး ပြည်တွင်းတွင် ဆက်လက်နေထိုင်ကာ အမည်မဖော်လိုသော လူထုအခြေပြု လူမှုရေးအဖွဲ့တခုတွင် အလုပ်လုပ်ကိုင်နေသူတဦး ဖြစ်ပါသည်။