သမ္မတသစ်ကို ကမ္ဘာက သတိနဲ့စောင့်ကြည့်နေ

Saturday, 30 April 2011 18:44 သူ့အတွေး သူ့အမြင်
Print
မြန်မာအစိုးရသစ်ကို ဦးဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုပြီး ကတည်းက ဗိုလ်ချုပ်ကြီးဟောင်း တဖြစ်လဲ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးကြုံတွေ့ရတဲ့ အဓိကစိန်ခေါ်မှုက ရာထူးဂုဏ်ပုဒ်အသစ်ဖြစ်တဲ့ “သမ္မတ” နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ မတ်လ ၃၀ ရက် နေ့မှာ နိဂုံးသတ်သွားပြီးဖြစ်တဲ့ စစ်အစိုးရရဲ့ “၀န်ကြီးချုပ်” အဖြစ်တို့အကြား လူတကိုယ် နှစ်မျက်နှာ ဘယ်လိုခွဲခွဲခြားခြား သရုပ်ဖော်မလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။

အစိုးရသစ်တွေအတွက် ဟမ်းနီးမွန်းကာလဆိုတာ ရှိတတ်ပြီး အမေရိကန်တွေ ပြောလေ့ရှိတာကတော့ ပထမ ရက်ပေါင်း ၁၀၀ ဖြစ်ပါတယ်။ ဒါဆိုရင် သူ့ရဲ့ခေါင်းဆောင်မှုအရည်အချင်းကို ပြသနိုင်ဖို့ ဦးသိန်းစိန်ကို သံသယအကျိုး ခံစားခွင့်ပေးသင့်ပါတယ်။ ဒီလိုဖြစ်သင့်ပေမယ့်လည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း “အရပ်သား” အစိုးရသစ်ဟာ စစ်အစိုးရရဲ့ အရေခွံကို မချွတ်နိုင်သေးဘူးဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိခဲ့ပါတယ်။

နေပြည်တော်ရှိ အသစ်စက်စက် ဆောက်လုပ်ထားတဲ့ သမ္မတအိမ်တော်မှာ ရုံးထိုင်တဲ့ ပထမလအတွင်း ဦးသိန်းစိန်ဟာ အရေးပါတဲ့ မူဝါဒဆိုင်ရာမိန့်ခွန်းတချို့ကို ပြောကြားခဲ့ပါတယ်။ သမ္မတဖြစ်လာပြီးနောက် ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရအဖွဲ့သစ်တို့ကို ပထမဆုံးမိန့်ခွန်းပြောကြားခဲ့ပြီး နောက်ပိုင်းမှာ အရေးကြီးတဲ့၊ သူကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စုအဆင့် ကော်မတီနှစ်ရပ်ကို မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီကော်မတီတွေကတော့ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့နဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတို့ ဖြစ်ကြပါတယ်။

ဦးသိန်းစိန်ရဲ့ ပထမဆုံး သမ္မတမိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှ သတိနဲ့ ကြိုဆိုခဲ့ပါတယ်။

လာမယ့် ၅ နှစ်တာ သက်တမ်းကာလအတွင်း သူ့အစိုးရက ကိုင်တွယ်ဆောင်ရွက်ရမယ့် အဓိကကျတဲ့ကိစ္စရပ်တွေကို အလေးထားပြောဆိုသွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံးခြေလှမ်းက “ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ” ကို အကောင်အထည်ဖော်ရမယ်လို့ အစိုးရသစ်ကို ပြောဆိုခဲ့ပါတယ်။ ဒါဟာဆိုလို့ရှိရင် သူနဲ့သူ့အစိုးရကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုကိုရရှိဖို့ အုပ်ချုပ်ချုပ်ရေးနယ်ပယ်မှာ အင်မတန် လူပြောသူပြောများတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း ဒေသတွင်းက နိုင်ငံတွေရဲ့သဘောထားကို အကဲစမ်းတဲ့အနေနဲ့ ဦးသိန်းစိန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတဆင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ထံ စာတစောင်ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်ကို ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေပါပြီလို့ တောင်းဆိုကြေညာခဲ့ပါတယ်။

အာဆီယံအသင်းကြီးက အဲဒီစာကို အသိအမှတ်ပြုလက်ခံခဲ့ပြီး သတိကြီးစွာနဲ့ တုန့်ပြန်ခဲ့ပါတယ်။

ဂျပန်သတင်းစာကြီးတစောင်ဖြစ်တဲ့ အဆာဟိရှင်ဘွန်းနဲ့တွေ့ဆုံစဉ် ဦးသိန်းစိန်ရဲ့ အာဆီယံဥက္ကဋ္ဌရာထူး တောင်းဆိုမှုအပေါ် မေးမြန်းချက်ကို အာဆီယံ အထွေထွေအတွင်းရေမှူး မစ္စတာ ဆူရင် ပစ်ဆူဝမ်က “မြန်မာအစိုးရဟာ သူတို့ရဲ့ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာရော၊ ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ တနည်းနည်းနဲ့တော့ ခိုင်မာတဲ့ အပြောင်းအလဲတရပ် ရှိလာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ တုန့်ပြန်ခဲ့ပါတယ်။

အာဆီယံဥက္ကဋ္ဌနေရာကို အသာကလေး အလွယ်တကူ ၀င်ထိုင်လိုက်ရုံပဲဆိုပြီး ဦးသိန်းစိန်တွေးခဲ့မယ်ဆိုရင်တော့ ရိုးလွန်တယ်လို့ပဲ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံမှာ ၁၉၉၇ ခုနှစ်ကထဲက အဖွဲ့ဝင်ဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်ထဲက အာဆီယံရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံကြောင့် ကျဆင်းခဲ့သလို အဖွဲ့ရဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်ခဲ့ပါတယ်။

အပြောင်းအလဲလုပ်ဖို့ ဦးတည်တဲ့ ပြောဆိုမှုတွေရှိပေမယ့် မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဟာ အပေါ်ယံသဘောမဟုတ်ဘဲ ခိုင်မာမှုရှိကြောင်း သက်သေပြသဖို့ လိုပါသေးတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက အဲဒီ ခိုင်မာတဲ့အပြောင်းအလဲတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေပြီး ဒါကိုတိုင်းတာတဲ့ အညွှန်းကိန်းတွေကိုလည်း ရှေးမဆွကတည်းက ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံတကာစိုးရိမ်မှုတွေထဲက ဦးသိန်းစိန် ချက်ချင်းလက်ငင်း တုန့်ပြန်ဆောင်ရွက်သင့်တဲ့ အဓိကပြဿနာရပ် ၃ ရပ်က နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့၊ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေကို ချက်ချင်း ရပ်ဆိုင်းပေးဖို့၊ အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးအရအဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့လည်း ဒီလိုအဆင့်တွေကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုမှုတွေ လုပ်တဲ့နေရာမှာ ၎င်းတို့ရဲ့ မိတ်ဖက် အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းရပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုခိုင်မာတဲ့အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ မြန်မာသမ္မတသစ်အနေနဲ့ အခုအချိန်ထိ အစပျိုး အရေးယူဆောင်ရွက်လာတာ မတွေ့ရသေးပါဘူး။ တကယ်တော့ နေပြည်တော်အစိုးရဟာ အပြောင်းအလဲအတွက် အမှန်တကယ် စိတ်ပိုင်းဖြတ်မှုရှိတယ်ဆိုတာ ပြသခဲ့ပြီးပြီဆိုရင် အဲဒါဟာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ရပ်တွေနဲ့ ပြသရပါမယ်။

ဒီလိုမဟုတ်ခဲ့တဲ့အတွက် ရလဒ်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ခဲ့မယ်ဆိုရင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲရှိလိမ့်မယ်လို့ အမေရိကန်အစိုးရက ပြောဆိုလာပါတယ်။

ဒီအချက်ကိုကြည့်ရင် မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီအပြောင်းအလဲကို တကယ်လုပ်ဆောင်မယ့် အစိုးရအဖြစ် ယုံကြည်ထိုက်သလားဆိုတဲ့ အချက်အပေါ် သံသယရှိကြောင်း ပထမဆုံးပြသလိုက်တဲ့ နိုင်ငံတကာရဲ့ အရိပ်လက္ခဏာပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ သူဖြေရှင်းရမယ့် နိုင်ငံရေးပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုလို တုန့်ပြန်မှုမျိုး တခြား နိုင်ငံတကာအသိုင်းအ၀ိုင်းက တုန့်ပြန်မှုတွေ ပိုပြီး တိုးပွားလာပါလိမ့်မယ်။

အစိုးရသစ်အနေနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ဘယ်လောက်ဆန္ဒရှိသလဲဆိုတာ သူနောက်ဆုံးပြောသွားတဲ့ “နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ” အစည်းအဝေးမိန့်ခွန်းမှာ ဦးသိန်းစိန်ဟာ အရင်စစ်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများကို ချီးမွမ်းခန်းဖွင့်သွားပြီး အခု အစိုးရသစ်လက်ထက်မှာ မပြီးပြတ်သေးတဲ့ စီမံကိန်းတွေကို ၂ နှစ် ၃ နှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ဖို့ပဲ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် နယ်စပ်ဒေသတွေဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ခိုက်နေမှုတွေ အဆုံးသတ်သွားအောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်မျိုး မတွေ့ခဲ့ရပါဘူး။ အစိုးရသစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကစလို့ ပျက်ပြားသွားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ပြန်လည်အသက်သွင်းမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း မတွေ့ရပါ။ သမ္မတ တယောက်အနေနဲ့ သူနဲ့သူ့အစိုးရအဖွဲ့က ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး ပြသတာတောင် မတွေ့ရပါဘူး။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အမွေကို ဆက်ခံထားတဲ့ ဦးသိန်းစိန်ရဲ့မိန့်ခွန်းတွေကို လေ့လာကြည့်ရင်  ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အစိုးရသစ်က နိုင်ငံရေးလွတ်လပ်မှုထက် စီးပွားရေးတိုးတက်မှုကို အရင်ဆုံး လုပ်ဆောင်မှာဖြစ်ပြီး တပြိုင်တည်းလုပ်ဆောင်မယ့်အစိုးရ မဟုတ်ကြောင်း သတင်းစကားပါးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေ တည်ဆောက်ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို ဆွဲဆောင်လို့ရမယ်လို့ အစိုးရသစ်ဟာ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒေါ်လာသန်းပေါင်းများစွာ ရင်နှီးမြှုပ်နှံမှုတွေက တိုင်းရင်းသားတွေအကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တိုးတက်အောင် ဆောင်ကျဉ်းပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။

တိုင်းပြည်မှာ “အမျိုးသားစည်းလုံးညီညွတ်မှု” ဆိုတဲ့ အကျိုးစီးပွားအတွက် အစိုးရအသစ်အတွက်ရော နိုင်ငံရေးအရ ကွဲပြားမှုရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက်ရော ဂုဏ်သိက္ခာရှိတဲ့ လမ်းကြောင်းတခုကို စတင်ကမ်းလှမ်းဖို့ သမ္မတသစ် ဦးသိန်းစိန်ဘက်က တွန့်ဆုတ်နေပုံရပါတယ်။ အဲဒီအစား သူတို့အားလုံး လက်နက်ချရေးကိုသာ လိုချင်ပုံရပါတယ်။

ဒီအချက်ကတော့ဖြင့် အစိုးရသစ်မှာ အရပ်သားအသွင်ပြောင်းခဲ့ပေမယ့် သူတို့ရဲ့စစ်သားစိတ် အစစ်အမှန်ကို ဖွင့်ဟပြသနေတာပဲ ဖြစ်ပါတယ်။     ။