တွေ့ဆုံဆွေးနွေးပွဲများ နောက်ကွယ်

Wednesday, 31 August 2011 17:49 သူ့အတွေး သူ့အမြင်
Print
ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသား လူမျိုးအားလုံး အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ တွေ့ဆုံဆွေးနွေးပွဲ သတင်းသည် ဝမ်းသာ ပီတိဖြစ်စရာဖြစ်ပါသည်။ အောက်တန်းနောက်တန်း ရောက်နေသော မြန်မာနိုင်ငံအား နိုင်ငံတကာတွင် လူရာဝင်လာလေတော့မလားဟုလည်း မျှော်လင့်ချက်များ ဖြစ်နေကြပါသည်။ ထို့အတူ နိုင်ငံရေးကစားနေသလားဟုလည်း သံသယများလည်း ရှိသည်။ ယခုအချိန်အထိ ဘယ်လိုဖြစ်လာမလဲဆိုသည်ကို ဘာတခုမျှ သဲသဲကွဲကွဲ ပြော၍မရသေးပါ။

Aung Lin Htut-Phoဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၄၊ ၂၀၀၁၊ ၂၀၀၄ ခုနှစ်တို့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်အပါအဝင် စစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို အားလုံးသတိရ ကြပါလိမ့်မည်။ ၁၉၉၄ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ အဓိကအကြောင်းအရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားညီလာခံလုပ်ငန်းစဉ်အား ထောက်ခံလာစေရန် စည်းရုံးရေးဖြစ်သည်။

နောက်ဆက်တွဲ ဆွေးနွေးပွဲအနေဖြင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အတူ အမျိုးသားညီလာခံ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးသာထွန်း၊ စာရင်းစစ်ချုပ် ဗိုလ်မှူးချုပ်တင်အေးတို့မှ အမျိုးသားညီလာခံ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ မရှိတော့ပါ။ ကြားသိရသည်မှာ အမျိုးသားညီလာခံ၏ တချို့အခြေခံမူ အချက်အလက်များအပေါ် သဘောထားကွဲပြားခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါသတကြီးဖြစ်ကာ ဆွေးနွေးပွဲကို ဆက်မလုပ်ရန် ဗိုလ်ချုပ်ကြီးခင်ညွန့်အား အမိန့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပထမအကြိမ် လွတ်မြောက်လာပြီး ၁၉၉၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ အမျိုးသားညီလာခံကို စွန့်ခွာခဲ့သည်။ ထို့နောက်ပိုင်း မကြာမီမှာပင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “စစ်တပ် ကြာကြာအုပ်ချုပ်ရတာပေါ့ကွာ” ဟူသော မှတ်ချက်ဖြင့် အမျိုးသားညီလာခံကို ရပ်စဲခဲ့သည်။ နောက် မကြာမီမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ် ဒုတိယအကြိမ် ချထားရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်။

၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် ပြည်တွင်းပြည်ပ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးရန် အကြောင်းတရားများ ပေါ်ပေါက်လာခဲ့သည်။ ပြည်ပနိုင်ငံများရှိ မြန်မာအတိုက်အခံ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှုများ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ၊ စစ်သားများ၏ အဓမ္မပြုမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ အစရှိသည့် ဆိုးဝါးသည့်အခြေအနေများကို ကုလသမဂ္ဂမှတဆင့် နိုင်ငံတကာမှ သိရှိခဲ့သည်။ ထို့နောက် နိုင်ငံတကာအလယ် အရှက်ရစရာ ဖိအားပေးမှုများကို စစ်အာဏာရှင်အစိုးရ ခံလာရသည်။

ထိုအချိန် ပြည်တွင်း၌လည်း အောက်ခြေစစ်ခေါင်းဆောင်များ၏ တင်ပြမှုများကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ “ဒေါ်အောင်ဆန်းစုကြည် မပါဘဲလည်း ငါတို့အုပ်ချုပ်လို့ရတာပဲ” ဆိုသည့်မူဝါဒကို ပြန်လည် သုံးသပ်လာခဲ့ရသည့် သဘောရှိပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့မှ ခေါင်းဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်များနှင့် အဆင်ပြေစေရန်၊ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဒုတိယ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ကျော်ဝင်းနှင့် တန်ပြန်ထောက်လှမ်းရေးဌာနကြီးမှူး ဗိုလ်မှူးချုပ် သန်းထွန်း တို့ကို လျှို့ဝှက်တာဝန်ပေးခဲ့သည်။ ထိုသို့ဆွေးနွေးနေမှုမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ် မလာမီကတည်းက ဖြစ်သည်။

မစ္စတာ ရာဇာလီ ရောက်လာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်နှင့် တွေ့ဆုံစဉ် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေမှုကို ဦးဝင်းအောင်မှ အမှတ်မထင် ပြောလိုက်မိသည့်အတွက် မစ္စတာ ရာဇာလီ သိသွားပြီး အဆိုပါသတင်း ပြည်တွင်းပြည်ပသို့ ပြန့်သွားခဲ့သည်။ ထို့အတွက်ကြောင့် ဦးဝင်းအောင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိမ်းမောင်းခြင်း ခံခဲ့ရသည်။ သို့သော် နိုင်ငံရေးအမြတ်ထုတ်သည့် အနေဖြင့် မစ္စတာ ရာဇာလီ၏ တောင်းဆိုမှုကြောင့် မြန်မာအစိုးရအနေဖြင့် တွေ့ဆုံခဲ့သယောင် ဝါဒဖြန့်ခိုင်းခဲ့သဖြင့် ကျနော်တို့ကိုယ်တိုင် ဆောင်ရွက်ခဲ့ရသည်။ အမေရိကန်အစိုးရအား တိုက်တွန်းနားချမည့် DCI အဖွဲ့အတွက် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ယူခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အဖွဲ့ဝင်များ ထမင်းလက်ဆုံစားသည်အထိ အခြေအနေ ကောင်းခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် အမေရိကန်ပြည်ထောင်စုနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကဖြစ်သည်ကို ထိုစဉ်က  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကောင်းကောင်းနားလည်ခဲ့သည်။ အမေရိကန်သမ္မတ ဂျော့ဂ်ျ ဘုရှ် အပေါ် ကြောက်လဲကြောက် ပေါင်းလဲပေါင်းချင်သူ ဖြစ်ခဲ့သည်။

၂၀၀၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ လပိုင်းအလိုတွင် DCI ၏ အကူအညီဖြင့် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်သိန်းနှင့်  ရဲမှူးကြီးခမ်းအောင်တို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်း အကြောင်းပြချက်ဖြင့် ဝါရှင်တန်သို့ လာခွင့်ရခဲ့သည်။ ဝါရှင်တန်မြို့၌ စစ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၊ သမ္မတ၏ မူးယစ်ဆေးဝါးဆိုင်ရာ အကြံပေးအရာရှိရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဏာရေးဝန်ကြီးဌာန၊ စီအိုင်အေ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (DEA) တို့မှ တာဝန်ရှိ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် ၂၀၀၂ မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး နိုင်ငံတော်၏ စီမံကိန်းများကို ရှင်းလင်းပြသခဲ့သော်လည်း ၂၀၀၃ ခုနှစ် မေလတွင်မူ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်သွားရပါသည်။

၂၀၀၄ ခုနှစ်တွင် တတိယအကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်လာရခြင်းသည် ဒီပဲယင်း အရေးခင်း၏ နောက်ဆက်တွဲကိစ္စ ဖြစ်သကဲ့သို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့များ၏ နိဂုံးအစဟုလည်း ဆိုနိုင်သည်။ ဒီပဲယင်းပြဿနာ ဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြိုတင်ခွင့်ပြုချက်မယူဘဲ မစ္စတာ ရာဇာလီ အစ္စမေးလ်ကို မြန်မာနိုင်ငံအတွင်း ပြည်ဝင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးတွေ့ခဲ့သည့်အတွက် တပ်ချုပ်ကြီး အလွန်ဒေါသထွက်ခဲ့သည်။ 

ဒီပဲယင်းအရေးအခင်းအပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတကာဖိအားများကို ဖြေရှင်းရန် သတ္တိမရှိသည့်အတွက် ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး ခင်ညွန့် အား လွှဲပြောင်းပေးခဲ့ပြီး ဖိအားများကို ရင်ဆိုင်စေခဲ့သည်။ အတိုင်းတာတခုအထိ နိုင်ငံတကာခေါင်းဆောင်များ၏ ယုံကြည်မှုကို ဗိုလ်ချုပ်ကြီး ခင်ညွန့် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ခွဲစိပ်ကုသမှုခံယူပြီးနောက် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြန်ပို့ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်ခေါင်းဆောင်ပြီး ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့ ပါဝင်သောအဖွဲ့ကို ဖွဲ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဆွေးနွေးမှု ထပ်မံလုပ်စေခဲ့သည်။ အဓိက အချက်မှာ ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံ ပြန်လည်စတင်မှုတွင် NLD ပြန်လည်တက်ရောက်ရေးဖြစ်သည်။ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း အမြင်များ ဖလှယ်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီလာခံကို NLD ကိုယ်စားလှယ်များ ပြန်တက်ရန် ၉၉ ရာခိုင်နှုန်း သေချာပြီးနောက် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ပြောင်းသွားသည့်အတွက် အစီအစဉ်ပျက်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် အတိုက်အခံနှင့် ရင်းနှီးလာသော၊ နိုင်ငံတကာခေါင်းဆောင်များနှင့် အဆင်ပြေအောင် ဆက်ဆံနိုင်သော၊ တိုင်းရင်းသားများနှင့် ခင်မင်မှုရှိသော ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် အစိုးရအဖွဲ့မှ  နုတ်ထွက်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ မင်းကိုငါ ခိုင်းစရာရှိသေးတယ်” ဆိုကာ နုတ်ထွက်ခွင့်မပေးဘဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အချိုသပ်ခဲ့သည်။ တလအကြာမှ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့များအား ၄င်း၏ အနားတွင်ဆက်ထားလျှင် အန္တရာယ်ရှိလာနိုင်သည်ဟု သုံးသပ်လာခဲ့သည်အတွက် အာဏာရှင်တို့၏ လက်သုံးစကားအတိုင်း လာဘ်စားသည်ဆိုကာ စစ်ထောက်လှမ်းရေးများကို မျိုးဖြုတ်ပစ်ခဲ့သည်။

လက်ရှိ အစိုးရအသစ်လက်ထက်တွင် ယနေ့မြင်တွေ့နေရသော အခင်းအကျင်းသည် ယခင်ကထက်စာလျှင် အများကြီး အားရစရာကောင်းသည်ဟု မှတ်ချက်ပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးထားခြင်း၊ သမ္မတ ဦးသိန်းစိန်သည် စစ်ခေါင်းဆောင်များအကြား နာမည်ပျက်မရှိခြင်း၊ လက်ရှိအစိုးရအတွင်း သဘောထားပျော့ပြောင်းသူ အင်အားစုများ အားကောင်းလာပြီး ပေါ်ပေါ်ထင်ထင် ရှေ့တန်းသို့ ထွက်ရဲလာခြင်း၊ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် အရပ်သားတချို့ကို ပူးပေါင်းပါဝင်လာခွင့်ပြုခြင်း၊ မြန်မာနိုင်ငံ၏ အောက်တန်းနောက်တန်း ကျနေမှုကို အစိုးရကိုယ်တိုင် ဝန်ခံလာခြင်း၊ လာဘ်ပေးလာဘ်ယူကိစ္စများကို အစိုးရကိုယ်တိုင် အသိအမှတ်ပြုပြီး စတင်အရေးယူလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပစ်ပယ်၍မရကြောင်း နားလည်သဘော ပေါက်လာခြင်းတို့သည် အားရစရာကောင်းသည့် အချက်များဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သတိထား ဆုံးဖြတ်ရမည့် အချက်များတွင် လက်ရှိအစိုးရ အသစ်ဆိုသော်လည်း အရပ်သားတချို့မှလွဲ၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ဥက္ကဋ္ဌများ၊ အစိုးရဝန်ထမ်း အကြီးအကဲများ၊ သံအမတ်ကြီးများသည် ယခင်အစိုးရ လူဟောင်းများဖြစ်ခြင်း၊ စစ်အစိုးရလက်ထက် ကျူးလွန်ခဲ့သော အပြစ်များကို အကျူးလွန်ခံရသူများကိုယ်စား မည်ကဲ့သို့ အာမခံချက်များပေး၍ ခွင့်လွှတ်ပေးရမည့် ဆိုသည့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကို ပြန်လည်ဆွေးနွေးရေး၊ စီးပွားရေး ပိတ်ဆို့အရေးယူမှု ပြန်လည်ပွင့်လာရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် တနည်းနည်းနှင့် အသိအမှတ်ပြုခံရရေးတို့ ပါဝင်သည်ဟု တင်ပြလိုပါသည်။ သို့သော် လက်ရှိအစိုးရအနေဖြင့် အမှန်တကယ် ရိုးသားစွာဖြင့် တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းသို့သွားလျှင် အထက်ပါအချက်များသည် မပြေလည်စရာ အကြောင်းမရှိပါ။

လက်ရှိဖြစ်ပေါ်နေသော သတင်းများအရ စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲလိုသော အင်အားစု အားကောင်းလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်အတွင်း အောက်ခြေစစ်သည်မိသားစုများ အားကိုးစိတ် ပိုမိုများပြားလာခြင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက်အရွယ်ရလာပြီဖြစ်၍ ၄င်း၏မိသားစု လုံခြုံရေးအတွက် စိုးရိမ်ပူပန်စိတ် များလာခြင်း၊ ယနေ့အာရပ်ကမ္ဘာမှ ဖြစ်စဉ်များသည် စစ်ခေါင်းဆောင်များအတွက် သံဝေဂရစရာများဖြစ်နေခြင်းများ ဖြစ်ပေါ်နေသည်။

မိသားစုဝင်များ၏ ချမ်းသာမှုမှာ ဆယ်သက်စား၍ မကုန်နိုင်အောင် ကြွယ်ဝနေပြီဖြစ်၍ အနိုင်နှင့်ပိုင်းလိုခြင်း၊ စစ်တပ်အတွင်းနှင့် အာဏာပိုင်အဖွဲ့အစည်းအတွင်း စိတ်ကြိုက်နေရာများ ချပြီးခြင်းတို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ၄င်း၏မိသားစုများအတွက် အာမခံချက်ပေးနိုင်သော သစ္စာရှိသည့် သမ္မတ ဦးသိန်းစိန်ကို ယခင်အချိန်အခါများနှင့်မတူ လွတ်လပ်စွာ လုပ်ပိုင်ခွင့် အထိုက်အလျောက် ပေးထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ကောင်းမွန်လာစေချင်သည့် ကျောင်းသား၊ စစ်သား၊ ဘုရားသား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူပြည်သား အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးဝိုင်းရံ၍ လိုအပ်သော သတင်း အချက်အလက်များ၊ အကြံဉာဏ်ကောင်းများပေးပြီး အကြမ်းမဖက်သောနည်းဖြင့် ညီညွတ်စွာ တက်ညီလက်ညီ အလုပ်လုပ်သင့်ကြသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်နှင့် သဘောထား ပျော့ပြောင်းသူများ၊ တပ်မတော်သားများကို အပြစ်မဆိုဘဲ နားလည်မှု ပေးနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး လက်တစ်ကမ်းသာ လိုတော့ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)