ပြိုလဲသွားသော စပါးကျီ

ဧရာဝတီ မဂ္ဂဇင်းက မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ သြစတြေလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ်မှ ရှောင်တာနဲ (Sean Turnell) နှင့် တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပြီး ဆန်စပါးနှင့် ပတ်သက် နေသည့် နိုင်ငံရေး၊ စစ်အစိုးရ၏ ဘဏ်စာရင်း အခြေအနေ ၊ လူသားချင်း စာနာမှုဆိုင်ရာ ၀င်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်လာနိုင်ခြေ စသည်တို့ကို ဆွေးနွေး ပြောဆိုနိုင်ခဲ့ပါသည်။

မေး။ ။ စစ်အစိုးရက နာဂစ် ဆိုက်ကလုန်းမုန်တိုင်းကယ်ဆယ်ရေးအတွက် ကျပ်ငွေသန်း ၅,၀၀၀ သုံးစွဲမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီငွေကြေးပမာဏက အခုကပ်ဘေးအတွက် လုံလောက်မှုရှိမယ်လို့ ထင်ပါသလား။

ဖြေ။ ။ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော်ထင်တာကတော့ (စစ်အစိုးရဆီက) ထူးထူးခြားခြား မျှော်လင့်ထားစရာမရှိတဲ့ စိတ်ကောင်းစေတနာနဲ့ လုပ်ဆောင်လာချက်တခုပါ။ ကျနော်ထင်တာက အမှတ်ရဖို့ တခုကတော့ စစ်အစိုးရဆီမှာ လက်ရှိ ဒေါ်လာသန်း ၄,၀၀၀ လောက် နိုင်ငံခြား အရံငွေကြေး သဘာဝဓါတ်ငွေ့ရောင်းထားလို့ ရတဲ့ငွေ ရှိနေပါတယ်။ တကယ်လို့ ကျပ်ငွေတန်ဖိုးနဲ့ တွက်လိုက်ရင် ကျပ်သန်း ၄ ထရီလီယံကျော် ရှိနေပါတယ်။ ဒါကြောင့် အခုလိုကျပ်ငွေ သန်း ၅,၀၀၀ လောက် ရန်ပုံငွေထုတ်ပေးတာဟာ မျှော်လင့်မထားတဲ့အထဲက တကယ့်ကို တွန့်တွန့်တိုတိုနဲ့ ထုတ်ပေးလာတဲ့ ထူးထူးခြား ခြား ငွေပါ။ သို့သော်လည်း အမှန်ပ ဒီငွေတွေက ပြည်သူ့ငွေတွေပါ။ ဒီငွေတွေက ဗိုလ်ချုပ်တွေ ပိုင်ဆိုင်တဲ့ငွေ မဟုတ်ပါဘူး။ သူတို့ဆီမှာ သဘာဝဓါတ်ငွေ့ရောင်းထားလို့ ရတဲ့ ငွေတွေနဲ့ စုမိဆောင်းမိ ဖြစ်နေပါပြီ။ တကယ် တော့ ပြည်သူတွေပိုင်ဆိုင် ရသင့်တဲ့ ငွေတွေပါ။ ဒါကြောင့် သူတို့ပြန်ထုတ်ပေးလာတဲ့ငွေက အတော့်ကို ချို့တဲ့ဆင်းရဲပါတယ်၊ ကံမကောင်း အကြောင်း မလှစွာပဲ ပြန်ချုပ်ပြောရရင် ဒီငွေက ဆိုက်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ အများဆုံး စွမ်းဆောင်တုံ့ပြန်မှုပါပဲ။

မေး။ ။ နှစ်စဉ်ပဲ စစ်အစိုးရက ဓါတ်ငွေ့တွေ နိုင်ငံခြားကို တင်ပို့ရောင်းချလို့ ငွေတွေ အများကြီးရနေပါတယ်။ သူတို့က ဒီငွေတွေကို ဘယ်မှ ၀ှက်ထားကြတာလဲ။

ဖြေ။ ။ မြန်မာစစ်အစိုးရက လက်ရှိကာလမှာ လတိုင်း လတိုင်း ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရှိနေပါ တယ်။ တကယ်လို့ ကျနော်တို့က အစိုးရရဲ့ ငွေစာရင်းရှင်းတမ်းကို ကြည့်မယ်ဆိုရင် စစ်အစိုးရရဲ့ ယုံနိုင်စရာမရှိတဲ့ စာရင်း လိမ်လည် ဖော်ပြထားမှုကို တွေ့ရပါလိမ့်မယ်။ သဘာဝဓါတ်ငွေ့ ရောင်းချရာက ရတဲ့ငွေကို တရားဝင်ငွေလဲနှုန်းနဲ့ တွက်ပြီး စာရင်းသွင်း ထားပါတယ်။ ဒီလိုတွက်ချက်ထားတာက တကယ်ပြင်ပပေါက်ဈေးထက် အဆ ၂၀၀ လျှော့နည်းနေပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် ဒေါ်လာသန်း ၃,၀၀၀ လောက်ကို လွယ်လွယ်လေး တနေရာမှာ ၀ှက်ထားလိုက်တာပါပဲ။ ဒီငွေတွေ ဘယ်မှာရှိနေ သလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းပါပဲ။ သေချာတာကတော့ မြန်မာပြည်သူတွေ လက်လှမ်းမမီတဲ့ နေရာမှာ သိုမှီးထားတယ် ဆိုတာပါပဲ။

ပြည်ပတနေရာရာမှာ ဖြစ်နိုင်သလို၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် သို့မဟုတ် ဗဟိုဘဏ်ရဲ့ စာရင်းတွေထဲမှာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ကြည့်ရတာကတော့ ဒီငွေတွေကို ဗိုလ်ချုပ်သန်းရွှေ၊ သို့မဟုတ် နောက်ထပ်လူတဦး၊ နှစ်ဦးလောက် ကပဲ သိခွင့်၊ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ဒီငွေတွေကို မြန်မာပြည်သူတွေရဲ့ ကောင်းရာကောင်းကျိုးအတွက် မသုံးပါဘူး။ ဒီငွေ တွေက အထူးသဖြင့် ခုလိုအချိန်မျိုးမှာ အရေးကြီးလှပါတယ်။ ဒီငွေတွေက မုန်တိုင်းကပ်ဘေးသင့်ရသူတွေ အတွက် တကယ့်များပြားတဲ့ ပမာဏပါ။ ဒါပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ထိန်ချန်ထားကြပါတယ်။

မေး။ ။ ပိုက်ဆံတွေအားလုံးကို မုန်တိုင်းက ရှင်ကျန်ရစ်ရသူတွေအတွက်နဲ့ ဒုက္ခရောက်နေကြသူတွေအတွက် တကယ် မသုံး ဘူးဆိုတော့ အာဏာပိုင်တွေက ဒီငွေကြေးတွေကို ဘယ်နေရာတွေမှာ သုံးနေကြသလဲ။

ဖြေ။ ။ အင်း... ကျနော်ထင်တာက ဒီငွေတွေကို သူတို့ နိုင်ငံခြားငွေတွေ ရလာတိုင်း ပုံမှန်သုံးနေကြကိစ္စတွေမှာ သုံးမယ် ထင်ပါတယ်။ ဥပမာ နေပြည်တော် မြို့တော်သစ်ဆောက်တာတို့၊ အဏုမြူဓါတ်ပေါင်းဖိုကိစ္စတို့မှာ သုံးပါလိမ့်မယ်။ ရှေ့လျှောက် လည်း ဒီလိုပဲ သုံးဖွယ် ရှိပါတယ်။ ကျနော်ထင်တယ်၊ လူတွေမှတ်မိပါလိမ့်မယ် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် တွေကို လစာ အဆ ၁,၀၀၀ တိုးပေးတာတို့၊ အခြား ဖြုန်းတီးပစ်နေတဲ့ စီမံချက်တွေလည်း ရှိပါသေးတယ်။ သူတို့က လူတွေရဲ့ ဆင်းရဲဒုက္ခ သက်သာချောင်ချိအောင် လုပ်ပေးနေတာ မဟုတ်ဘဲ စစ်အစိုးရကို ဂုဏ်တင်ဖို့ပဲ လုပ်နေကြတာပါ။ ဒီလိုပဲ ရလာတဲ့ ငွေကြေး တွေကို အခုကာလမှာ ဒီလိုပဲ အလေးထားသုံးမယ်လို့ ထင်ပါတယ်။

မေး။ ။ ဧရာဝတီမြစ်ဝှမ်းဒေသက အရှေ့တောင်အာရှဒေသမှာ အရေးပါတဲ့ "စပါးကျီ" ဖြစ်သလို၊ မြန်မာနိုင်ငံ စီးပွားရေး အတွက်လည်း အလွန် အရေးပါပါတယ်။ အခုတော့ ဒီစပါးကျီကို ဆိုက်ကလုန်းမုန်တိုင်းက ဖျက်ဆီးခဲ့ပြီဆိုတော့ မြန်မာ ပြည်သူတွေကို ဘယ်လိုထိခိုက်လာနိုင်သလဲ။ အနာဂတ်မှာ စီးပွားရေး၊ စားရေရိက္ခာ လုံခြုံ ဖူလုံမှု စသဖြင့်ပေါ့။

ဖြေ။ ။ အနာဂတ်အတွက် အလားအလာကတော့ ကျနော်စိုးရိမ်တာက ရေတိုကာလ၊ အလယ်အလတ်ကာလ၊ နောက်ဆုံး ရေရှည်အတွက်ပါ မကောင်းလှပါဘူး။ ရေတိုကာလမှာတော့ ကျနော်တို့ လက်ရှိသီးနှံတွေ ပျက်စီး ဆုံးရှုံးရမှုကို မြင်ခဲ့ကြရ ပါပြီ။ ဒါပေမယ့် ကျနော်တို့ ခန့်မှန်းထားနိုင်တာက နောက်စိုက်ရာသီ တခု၊ နှစ်ခုလောက်အထိ အကြီးအကျယ် ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ အဲသည်ဒေသက အထွက်လုံးဝမရှိတဲ့ အနေအထားမျိုး ရောက် သွားနိုင်ပါတယ်။ နောက်ထပ်လာမယ့် နှစ်တွေတစုံတရာတိုင် အစားအစာနဲ့ ဆန် ငတ်မွတ်ခေါင်းပါးမှု၊ ပြတ်လပ်မှုတွေ ကြုံရ နိုင်ပါတယ်။

စီးပွားရေးမှာ အကြီးအကျယ်ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်က ကမ္ဘာ့ဆန်ဈေးကလည်း သိသိ သာသာ ထိုးတက်နေချိန်၊ အခြားနိုင်ငံတွေကလည်း ဆန်တင်ပို့ရောင်းချမှုကို ကန့်သတ်မှုတွေလုပ်လာချိန်၊ စသဖြင့် အချိန် အားဖြင့် ကြုံဆုံနေတော့ ပိုဆိုးနိုင်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စိုက်တဲ့ စပါးတွေအစား ပြန်လည်အစားထိုး ဖြည့်ဆီး နိုင်ဖို့ အတော်ခက်ပါတယ်။ အင်မတန်ဈေးကြီးပေး ၀ယ်ရပါလိမ့်မယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင် ရေးလမ်းကြောင်းတွေလည်း ပျက်စီးကုန်ပါပြီ။ ဒါကြောင့် ရိတ်သိမ်းပြီးသား စပါးတွေ၊ ပြည်ပက တင်သွင်းလာတဲ့ စပါးတွေ ကိုလည်း ဖြန့်ဖြူးပေးဖို့ အတော်ခက်ပါလိမ့်မယ်။

ရေတိုမှာတော့ လူထုတွေရော၊ စီးပွားရေးရော ကျပ်တည်းဒုက္ခရောက်နေတာတွေ ပိုဆိုးရွား ပြင်းထန်လာဖွယ် ရှိပါတယ်။ အလတ်အလတ်ကာလနဲ့ ရေရှည်မှာတော့ အခြေခံ အဆောက်အဦတွေ ပျက်စီးတာ၊ လမ်းပန်း၊ ဆက်သွယ်ရေး စသဖြင့် အပေါ် စိုးရိမ်စရာ ရှိပါတယ်။ ကျနော် ခုနက ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် အထူးစိုးရိမ်ဖွယ်ကိစ္စကတော့ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသထဲကို ဆားငံရေတွေ ၀င်ရောက်နစ်မြုပ်ကုန်တဲ့ကိစ္စပါ။ ဆားကြောင့် ထိခိုက်မှုကိုလည်း စိုးရိမ်ပါတယ်။ ဆားငံ ဓါတ်ပေါက်မှုကြောင့် စပါးစိုက်မြေတွေ နှစ်အတော်ကြာ ပျက်စီးသွားနိုင်ပါတယ်။ အဲသည်တော့ ကံဆိုးတာက အပျက်အစီး ကတော့ ကြီးမာပါတယ်။ လက်ငင်းကာလမှာရော၊ အလယ်အလတ်ကာလနဲ့ ရေရှည်အတွက်ပါ ထိခိုက်မှုတွေ များပါတယ်။

မေး။ ။ အရှေ့တောင်အာရှဒေသကိုရော ထိခိုက်နိုင်ဖွယ် ရှိပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒီဒဏ်ချက်ကို အရှေ့တောင်အာရှဒေသ တခုလုံးက ထိခိုက်ခံစားရဖွယ် ရှိပါတယ်။ အကြောင်းက ဆန်ဈေးတွေက အင်မတန်မြင့်တက်သွားပြီး၊ ခုကာလမှာ ဆန်ပြတ်လပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက ဆန် အကြီးအကျယ် တင်ပို့ရောင်းချသူ နောက်တကြိမ်ပြန်ဖြစ်လာဖို့ မျှော်လင့်ထားကောင်း မျှော်လင့်ထားနိုင်ပါတယ်။ ဒီလို ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံက ထုတ်လုပ်နိုင်တာဟာ မြန်မာနိုင်ငံအတွက်နဲ့ ဒေသအတွက်ကိုပါ အကျိုးရှိစေပါလိမ့်မယ်။ ယေဘုယျအားဖြင့် ဆန်ဈေးတွေ ပြန်ကျဆင်းလာနိုင်ပါတယ်။ ဒါကြောင့် အခုကပ်ဘေးက မြန်မာနိုင်ငံကို ထိခိုက်ရုံသာ မဟုတ်ပါဘူး။ ကျန်တဲ့ အရှေ့တောင်အာရှနဲ့ အိန္ဒိယလို တောင်အာရှနိုင်ငံတွေကိုပါ ရိုက်ခတ်မှု ရှိပါတယ်။ ကမ္ဘာ့စီးပွားရေး မှာလည်း သက်ရောက်မှု ရှိပါလိမ့်မယ်။

မေး။ ။ ဆိုက်ကလုန်း မုန်တိုင်း ရိုက်ခတ်ပြီးတော့ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်အပေါ် ပြစ်ဒဏ်ခတ်ပိတ်ဆို့ ထားတဲ့ကိစ္စတွေ လျှော့ပေါ့ပေးခဲ့ပါတယ်။ ခင်ဗျားအမြင်မှာ ဘယ်လိုအားနည်းချက်တွေ ရှိနေနိုင်သလဲ။ စစ်အစိုးရကရော ဒီကစ္စ အပေါ် ဘယ်လို အခွင့်ကောင်းယူလာနိုင်သလဲ။

ဖြေ။ ။ ကျနော်ထင်တာကတော့ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လာပါ တယ်။ ဒါပေမယ့် ဒီကိစ္စက မြန်မာပြည်သူတွေ အသက်ရှင်ရပ်တည်ရေးအတွက် တကယ်လိုအပ်လို့ ရေတိုပြဿနာတွေ အတွက်ပဲ သက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။

ကျနော်ထင်တာ ရေရှည်မှာ အစိုးရတွေက ပိုပြီးပြင်းထန်တဲ့ မူဝါဒသဘောထားမျိုး ပြန်ယူနိုင်ပါတယ်။ အကြောင်းကတော့ ကျနော်ထင်တာ ကမ္ဘာက အခုဖြစ်ရပ်အပေါ်မှာ အထူးစိုးရိမ်တုန်လှုပ်သွားကြပါတယ်။ ကျနော် အခု အင်္ဂလန်မှာရှိစဉ် ကြားရတာ၊ အစိုးရက သူ့ပြည်သူတွေကို အငတ်ထားပြီး သေအောင်လုပ်နေတယ်ဆိုတာ၊ ကပ်ဘေးအန္တရာယ် ဖြစ်နေစဉ်မှာ လူတွေရောဂါကူးစက် သေအောင်လုပ်နေတာတွေကို တကယ်ပဲ စိုးရိမ်တုန်လှုပ်နေကြတယ်။ ဒီကိစ္စတွေက နိုင်ငံတကာ သဘောထားတွေအပေါ်မှာ အများကြီး ရိုက်ခတ်မှု ရှိပါတယ်။ ကျနော်ထင်တာ ရေရှည်မှာတော့ စစ်အစိုးရအပေါ် ဒဏ်ခတ် မှုတွေက ပိုလို့ ကြီးလေးပြင်းထန်လာလိမ့်မယ်။

ဒဏ်ခတ်အရေးယူရေးအပြင် အခုအချိန်မှာ အမေရိကန်နဲ့ ဥရောပမှာ တကယ်ဆွေးနွေးပြောဆိုနေကြတာကတော့ "၀င်ရောက်စွက်ဖက်သင့်ပြီလား" ဆိုတဲ့ ကိစ္စပဲ။ စစ်အစိုးရဖက်က စည်းကျော်လာခဲ့ပြီလား၊ တိုက်ရိုက်ဝင်မစွက်ဘဲ မရ တော့တဲ့ အခြေအနေလားဆိုတာ ပြောနေကြပြီ။

မေး။ ။ အခုအချိန်မှာ နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂက ဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် ကူညီပေးဖို့ ကြိုးပမ်းနေကြတယ်။ ဒါပေမယ့် မြန်မာအစိုးရက အကူအညီပေးရေးကိစ္စတွေနဲ့ နိုင်ငံထဲ အကူအညီတွေပေး ဖို့ရာမှာ အလွန် တင်းတင်းမာမာ ဆက်ဆံနေကြတယ်။ ကုလသမဂ္ဂအနေနဲ့ ပိုပြီးဆောင်ရွက်သင့်တယ်လို့ ခင်ဗျား ထင်ပါ သလား။ ကုလသမဂ္ဂက ဘယ်လိုအခန်းကဏ္ဍမျိုးက လုပ်ပေးနိုင်မလဲ။

ဖြေ။ ။ အင်း... ကုလသမဂ္ဂအတွက်ကတော့ အတော်ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုသူတို့လုပ်နေတာ ထက် ပိုလုပ်ဆောင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အခု ပြဌာန်းချက်အသစ်ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင် လာခဲ့တဲ့ "ကာကွယ်မှုပေးပိုင်ခွင့်" (Right to Protect) ဆိုတာ ရှိတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ဒီနေရာမှာ ပိုပြီး လုပ်ဆောင်ပေးနိုင်တယ်။ သေချာတာကတော့ မြန်မာစစ်အစိုးရက သူ့နိုင်ငံသားတွေကို ကာကွယ်မှုပေးတာမှ မဟုတ် တာ။ နိုင်ငံတကာမိသားစုအနေနဲ့ မကြာသေးခင်က ပြောင်းလဲပြဌာန်းခဲ့တဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းသစ်အောက်မှာ ကာကွယ် ပေးဖို့ တာဝန်ရှိနေတယ်။ ဘာလုပ်ရမလဲ... ဒါကတော့ ခက်တဲ့ကိစ္စပါပဲ။ ဘယ်လိုမျိုး ကြားဝင်ဆောင်ရွက်မှုမျိုးကို မဆို စစ်အစိုးရက ခုခံငြင်းဆန်မှာပါပဲ။ ဒါပေမယ့်လည်း တိုက်ရိုက်ဝင်ရောက်စွက်ဖက်ဖို့ လိုအပ်နေပြီ ဆိုတာကတော့ ပိုလို့ ရှင်းလာပါပြီ။ အစားအသောက်တွေ လေကြောင်းက ချပေးတာဖြစ်နိုင်သလို၊ လက်နက်ကိုင် အစောင့်အရှောက်အောက်က ပစ္စည်းရိက္ခာ ယာဉ်တန်းတွေပို့တာလည်း ဖြစ်နိုင်တယ်။ ဒီလိုဖြစ်လာရင် စစ်အစိုးရက ခုခံငြင်းဆန်မှာလား၊ မခုခံဘူးလား ဆိုတာတော့ ခန့်မှန်းတွက်ချက်ရတာ စိတ်ဝင်စားစရာပါပဲ။

အထူးစိတ်ဝင်စားစရာ အကောင်းဆုံး အခြေအနေကတော့ မြန်မာ့တပ်မတော်ဟာ လူတွေထင်ထားသလို အမှန်တကယ် အားကောင်းလှတာ မဟုတ်ဘဲ၊ တကယ်မှာတော့ ချိနဲ့ပြီး တည်းတည်းပဲ ရှိနေတာပါ။ သူတို့က ခုခံနိုင်ခြေ ရှိ-မရှိက စိတ်ဝင် စားစရာ အခြေအနေပါ။ ဒါပေမယ့် အခုလူတွေပြောနေကြတာက တိုက်ရိုက် ၀င်ရောက်စွက်ဖက်ဖို့ အချိန်ကျနေကြပြီလို့ ပြောတာကြတာပါပဲ။

ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်း A Shattered Rice Bowl ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်